သတင်း

ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး နောက်ထပ် ဒေသခံ ၃၀၀ ကျော် စစ်ရှောင်ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ဟွဲရွာအနီး ယမန်နေ့ (နိုဝင်ဘာ ၂) မွန်းလွဲ ၂ နာရီခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ၃၀၀ ကျော် စစ်ရှောင်နေရသည်ဟု ဖယ်ခုံ PDF ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းကို ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းစစ်ဆင်ရေးအထူးအဖွဲ့၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ကရင်နီတပ်မတော် (KA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

၃ နာရီခန့် ကြာမြင့်သည့် အဆိုပါတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရသည်ဟု ဖယ်ခုံ PDF မှ အဆိုပါ တာဝန်ရှိသူက ပြောသည်။

“သူတို့(စစ်ကောင်စီ) ဘက်ကလည်း ကျတဲ့သူတွေတော့ရှိတယ်၊ ကျွန်တော်တို့က တိတိကျကျတော့ သူတို့ဆီက အတည်ပြုလို့တော့မရဘူး။ ကျွန်တော်တို့ ပစ်လိုက်တော့ သူတို့ဆီ ထိတာတော့ရှိတယ်” ဟု ၎င်းက ပြောသည်။

အိမ်ခြေ ၇၀ ကျော်ရှိပြီး လူဦးရေ ၃၀၀ ကျော် နေထိုင်ကြသော လွယ်ဟွဲရွာသည် ဖယ်ခုံမြို့၏ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိကာ ပင်လောင်းမြို့နယ်နှင့်လည်း နယ်နိမိတ်ထိစပ်နေသည်။

ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရချိန်တွင် စစ်ကောင်စီတပ်များက လွယ်ဟွဲရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၌ တပ်စွဲထားသည်။

ရွာအတွင်း သက်ကြီးရွယ်အိုတချို့ကျန်ရစ်ခဲ့ရာ လေဖြတ်ထားသည့် အမျိုးသမီးကြီးတစ်ဦး တိုက်ပွဲဖြစ်ပွားစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လန့်ပြီး သေဆုံးကြောင်း၊ သွားရောက်သင်္ဂြိုဟ်မည့်သူပင် မရှိသေးကြောင်း လွယ်ဟွဲရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ရွာအနီးဘုန်းတော်ကြီးကျောင်းသို့ ယာယီတိမ်းရှောင်နေစဉ် တိုက်ပွဲဖြစ်ပွားလာသောကြောင့် အရေးပေါ် ထပ်မံတိမ်းရှောင်ရသည့်အတွက် အဝတ်အထည်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများလည်း မသယ်နိုင်ခဲ့ကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။

“အခုကတော့ ကျွန်တော်တို့ ရွာထဲကို မပြန်ရဲဘူးလေ၊ ရွာထဲမှာလည်း သူတို့(စစ်ကောင်စီတပ်) က ထိုင်နေတယ်လေ။ အဲဒါတွေ ရွာထဲက ဝင်ယူဖို့ စိတ်ကူးထားတာ ဝင်ယူဖို့မရဲတော့ဘူးလေ။ ကျွန်တော်တို့က အခက်အခဲတွေက တကယ် အများကြီးရောက်နေပါတယ်ဗျ” ဟု ၎င်းက ပြောသည်။

စစ်ရှောင်နေရသည့် လွယ်ဟဲရွာဒေသခံများအား ယမန်နေ့(နိုဝင်ဘာ ၂) က တွေ့ရစဉ်။ (ဓာတ်ပုံ -Supplied) 

ယနေ့ မွန်းလွဲပိုင်း ညနေ ၃ နာရီခန့်ကလည်း ဖယ်ခုံမြို့နယ်၊ လွယ်ဟွဲကျေးရွာတွင် စစ်ကောင်စီတပ်က မီးရှို့နေသဖြင့် ဖယ်ခုံ PDF နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ် ပြန်ဆုတ်သွားပြီး နေအိမ် ၃ လုံးသာ မီးလောင်ခဲ့ကာ မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။ 

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ဒေသခံတော်လှန်ရေးတပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည်။

အောက်တိုဘာ ၂၂ ရက်ကလည်း ဖယ်ခုံအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၃၆ တပ်ကို ဖယ်ခုံ PDF က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၂၆ က ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ ကသဲ(ရွှေပြည်အေး)ရွာအနီး တောင်ကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကသဲရွာမှ ဒေသခံ ၄၀၀ ကျော်မှာ စစ်ရှောင်နေရပြီး ရွာသား ၁၉ ဦးကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသည်။

ဖယ်ခုံမြို့နယ်မှ ထိုကျေးရွာများအပြင် လူဦးရေ ၁၅,၀၀၀ ခန့်နေထိုင်သည့် ဖယ်ခုံမြို့ပေါ်ကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်နေသည့်အတွက် မြို့ခံအတော်များများမှာ မြို့ကို တဖြည်းဖြည်း စွန့်ခွာနေသည်။

ဖယ်ခုံမြို့ပေါ်တွင် ခြေမြန်တပ်ရင်း ခမရ-၃၃၆၊ ခမရ- ၄၂၁၊ အင်ဂျင်နီယာတပ်၊ အမြောက်တပ်နှင့် ဆက်သွယ်ရေးတပ်တို့ တပ်စွဲထားသည်။ တစ်နိုင်ငံလုံးတွင် စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်(စကခ) ၂၀ ရှိရာတွင် (စကခ-၇) မှာ ဖယ်ခုံမြို့တွင် အခြေစိုက်ထားသည်။

လွယ်ဟွဲရွာအနီးအပြင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများ ထိုးနေသောကြောင့် နှစ်ဖက်တပ်များ ဆက်လက်စောင့်ကြည့်နေသည့် အနေအထားတွင် ရှိနေပြီး တိုက်ပွဲများ ဆက်ပြင်းထန်မည့် အခြေအနေရှိနေသည်ဟု ဖယ်ခုံ PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကရင်နီဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်နီတပ်မတော်(KA) က  ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသလို KA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကလည်း ချင်းပြည်နယ်တွင် စစ်တပ်၏ ကျူးလွန်နေမှုကို လုံးဝကန့်ကွက်ရှုတ်ချကြောင်း ယနေ့ နိုဝင်ဘာ ၃ တွင် စာထုတ်ပြန်ခဲ့သည်။ 

စစ်ကောင်စီက လတ်တလောစစ်ဆင်ရေးများနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားဆဲဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button