သတင်း

လောင်းလုံးတွင် စစ်တပ်က နေအိမ် မီးရှို့၊ ဆန္ဒပြသူ၏ မိခင်ကို ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၁) က အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီက မီးရှို့ကာ အခြားသူတစ်ဦး၏ မိခင်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားသည်။

ယမန်နေ့တွင် လောင်းလုံး-စစ်ပြဲ တောလမ်းတစ်နေရာတွင် ရဲတပ်သား နေမျိုးအောင်ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် အနီးအနားရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းကာ ဆန္ဒပြပွဲများတွင် ပါဝင်သူများကို ရန်ရှာသည့်အနေဖြင့် ထိုသို့ဖမ်းဆီးခြင်း၊ နေအိမ်ကို မီးရှို့ခြင်းဖြစ်သည်ဟု ကာယကံရှင်နှစ်ဦးက ဆိုသည်။ 

လောင်းလုံးမြို့နယ် ပြင်းထိန်ကျေးရွာရှိ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ရှာဖွေဖမ်းဆီးစဉ် ၎င်းကို မတွေ့သဖြင့် အသက် ၅၆ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်ချိုသန်းကို ဓားစာခံအဖြစ် ဖမ်းဆီးသွားသည်ဟု ထားဝယ်ခရိုင်ဆန္ဒပြပွဲသပိတ်ကော်မတီဝင် အသက် ၃၁ နှစ်အရွယ် ကိုမင်းလွင်ဦးက ယနေ့ (နိုဝင်ဘာ ၂) တွင် Myanmar Now ကို ပြောသည်။

“ကိုယ့်လုပ်ရပ်နဲ့ ပတ်သက်ပြီး မိဘကို ဖမ်းတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးဗျာ။ ဘယ်ဥပဒေမှာမှ မရှိဘူး။ ကိုယ့်လုပ်ရပ်နဲ့ ပတ်သက်ပြီး ကိုယ်ပဲခံရမှာ။ ကိုယ်လုပ်ရင် ကိုယ့်ကိုပဲ ဖမ်းရမှာ။ စိတ်မကောင်းဘူးဗျ။ အမေက အိမ်မှာ အေးအေးဆေးဆေး အိမ်အလုပ်တွေပဲ လုပ်တာ။ ရွာထဲမှာ လိုက်ပြီး ပြောနေဆိုနေတာလည်း မရှိဘူး” ဟု ၎င်းက ဆိုသည်။

မိခင်ကို ဓားစာခံအဖြစ် ဖမ်းသွားသော်လည်း ၎င်းအနေဖြင့် စစ်ကောင်စီထံ သွားရောက်အဖမ်းမခံဘဲ ယုံကြည်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ကိုမင်းလွင်ဦးက ပြောသည်။

“အမေက မကြောက်တတ်တဲ့သူပါ။ ဒီကောင်တွေ ရက်စက်ယုတ်မာမယ်ဆိုတာလည်း ကြိုသိပြီးသားဆိုတော့။ ကျွန်တော်က နည်းနည်းရှောင်နေပါဆိုတာတောင် သူက ရှောင်မနေဘူး။ ဘာမှမဖြစ်ဘူး ရတယ်၊ ငါ့ဖမ်းလည်း လိုက်သွားမယ်။ ဒီလိုပဲ အမြဲတမ်းပြောနေကျပဲ” ဟု ၎င်းက ဆက်ပြောသည်။ 

ကိုဝေယံစိုး၏ နေအိမ် မီးလောင်နေသည်ကို နိုဝင်ဘာ ၁ ညပိုင်းက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ -Supplied) 

ထိုနေ့ည၌ပင် ပြင်းထိန်ကျေးရွာနှင့် ကပ်လျက် စစ်ပြဲကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ထားဝယ်ခရိုင်၊ သပိတ်ကော်မတီဝင်နောက်တစ်ဦးဖြစ်သူ အသက် ၂၁ နှစ်အရွယ် ကိုဝေယံစိုးကို​ လာရောက်ရှာဖွေခဲ့သည်ဟု သိရသည်။ 

၎င်းကို ရှာမတွေ့သဖြင့် လူနေထိုင်ခြင်း မရှိသော နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့သွားခဲ့သည်ဟု ကိုဝေယံစိုးက အတည်ပြုသည်။ 

ထိုသို့ နေအိမ်များကို ဝင်ရောက်ရှာဖွေစဉ် စစ်သားများက ပစ္စည်းတချို့ကို ရိုက်ခွဲဖျက်ဆီးကာ တချို့ကို ယူဆောင်သွားသည်ဟု ဆိုသည်။ 

စစ်တပ်က ရွာတွင် သောင်းကျန်းနေသည်ဟူသော ရွာသားတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ယနေ့ ညနေပိုင်းက မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသော်လည်း ထားဝယ်ခရိုင်သပိတ်ကော်မတီသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း လမ်းပေါ်ထွက်ကာ ပြောက်ကျားဆန္ဒပြမှုများကို ယနေ့တိုင် ဦးဆောင်ပြုလုပ်နေဆဲဖြစ်သည်။ 

လောင်းလုံးမြို့နယ်အတွင်းရှိ လူငယ်များ ဆန္ဒပြနေသည်ကို အောက်တိုဘာ ၂ က တွေ့ရစဉ်။ (ဓာတ်ပုံ-ထားဝယ်ခရိုင်သပိတ်ကော်မတီ) 

ရဲတပ်သား သတ်ဖြတ်ခံရခြင်းမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဒေသအခြေစိုက် နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) ဆိုသည့်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လောင်းလုံးမြို့နယ်အတွင်း စစ်တပ်ပိုင် Mytel တာဝါတိုင် ၅ ခုကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းလည်း ထိုအဖွဲ့က ကြေညာထားသည်။ 

စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့်ပြင် အလိုရှိသူများကို ဖမ်းမမိပါက မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများလည်း မကြာခဏပြုလုပ်နေသည်။ 

စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများတွင် အသက်ငါးနှစ်အောက် ကလေးသူငယ်များအပါအဝင် အသက် ၇၀ ကျော် အသက်အရွယ်ကြီးရင့်သူများကိုပါ ဖမ်းဆီးလေ့ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။ 

ထို့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကိုပါ ရိုက်နှက်လေ့ရှိသည်။ မန္တလေးတိုင်း မြစ်ငယ်မြို့၊ သရက်တန်းကျေးရွာတွင် အောက်တိုဘာ ၂၆ ရက်က အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၇၀ ကျော်အဘွားအို ရိုက်နှက်ခံရပြီး အောက်တိုဘာ ၂၇ ၌ မကွေးတိုင်း မြိုင်မြို့နယ်တွင် ရိုက်နှက်ဖမ်းဆီးခံရသူ ၁၅ ဦးအနက် ၅ နှစ်သားအရွယ် ကလေးငယ်တစ်ဦး ပါဝင်သည်။ 

အလားတူ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများ အားကောင်းသည့် လောင်းလုံးမြို့နယ် စစ်ပြဲရွာတွင် ဩဂုတ် ၂၉ ရက်က အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအပါအဝင် ကိုဗစ်စေတနာ့ဝန်ထမ်း အမျိုးသမီး ၄ ဦး အဖမ်းခံခဲ့ရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button