သတင်း

ကွမ်းခြံကုန်းကျောင်းထိုင်ဘုန်းကြီး ရွေးချယ်မှု ဒေသခံလူထုက ဆန္ဒပြမည်ဟု ဆို

ရန်ကုန် – ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီး ပျံလွန်တော်မူပြီးနောက် ကျောင်းကို ဆက်ခံမည့် ဘုန်းကြီးနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် ဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ဆိုကာ ကိုးကွယ်သူ ဒေသခံလူထုက လာမည့် ၁၃ ရက် (ဗုဒ္ဓဟူးနေ့)တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ဆန္ဒထုတ်ဖော်မည်ဟု ဆိုသည်။

ယင်းမြို့ တောင်ဘက်ပိုင်းရပ်ကွက် အောင်မင်္ဂလာကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် လွန်ခဲ့သည့်ခြောက်နှစ်က ပျံလွန်တော်မူပြီးနောက် ထိုကျောင်းတွင် လက်ရှိသီတင်းသုံးနေသူ ဦးကုဝေရကို ကျောင်းထိုင်အဖြစ် ဒေသခံများက ကိုးကွယ်လိုသော်လည်း မူလဆရာတော်၏သူငယ်ချင်းဟု ဆိုသော အပြင်မှ ရဟန်းတစ်ပါးကို ကျောင်းထိုင်အဖြစ် လွှဲအပ်ရန် နိုင်ငံတော်အဆင့် ဝိနိစ္ဆယ အဖွဲ့က မကြာသေးခင်က ဆုံးဖြတ်ခဲ့သဖြင့် လာမည့် ၁၃ ရက်နေ့တွင် ဆန္ဒပြရန် စီစဉ်ခြင်း ဖြစ်ကြောင်း အဆိုပါ ကျောင်းတိုက်ဒကာ ဦးတင်ဦးက Myanmar Now ကိုတယ်လီဖုန်းဖြင့်ပြောသည်။

ကျောင်းလုတဲ့ ဘုန်းကြီးကို အကျင့်စာရိတ္တ မကောင်းဘူးဆိုပြီး အရင်ဘုန်းကြီးက နှင်လွှတ်ထားတာ။ ဝတ္ထုငွေတွေ ခိုးတယ်ဆိုပြီး။ ကျောင်းမှာလည်း နှစ်ဝါပဲနေဖူးတယ်။ အခုဘုန်းကြီး ပျံလွန်တော်မူမှ ရောက်လာပြီး ကျောင်းလာလုတာဟု ကိုယ်တိုင်လည်း ပါဝင်ဆန္ဒပြမည့် ၎င်းက ပြောသည်။

ကျောင်းထိုင်ဘုန်းကြီး ပျံလွန်သည်မှာ ခြောက်နှစ်ရှိပြီဖြစ်သော်လည်း ကျောင်းလွှဲအပ်ရေးပြဿနာမှာ အဆုံးမသတ်သေးဘဲ နိုင်ငံတော်သံဃဝိနစ္ဆယအဖွဲ့က ဦးပဏ္ဍိတအား ကျောင်းထိုင်အဖြစ် ဆုံးဖြတ်ထားသော်လည်း လက်ရှိအချိန်ထိ ကျောင်းထိုင်အဖြစ် ဦးကုဝေရကသာ သီတင်းသုံးနေပြီး ဦးပဏ္ဍိတမှာ သိမ်ထဲတွင်သာ သီတင်းသုံးနေသည်ဟု ဦးတင်ဦးက ပြောသည်။

ဒကာ၊ ဒကာမအများစုက ကျောင်းထိုင်အဖြစ် ကိုးကွယ်လိုသူ ဦးကုဝေရသည် ၎င်း ကျောင်းထိုင်ဖြစ်ရေးနှင့် ပတ်သက်၍ ဝိနစ္ဆယသို့ တင်ပြရာ မြို့နယ်အဆင့်တွင် နိုင်ပြီး တိုင်းနှင့် နိုင်ငံတော်အဆင့်တွင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ယခု အခါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော် ၄၇ ပါးထံ ထပ်မံ လျှောက်တင်ထားကြောင်း ပြောသည်။

ကွမ်းခြံကုန်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဦးအာစိဏ္ဏကမူ ယခုကိစ္စနှင့်ပတ်သက်ပြီး တစ်ဖက်နှင့်တစ်ဖက် မလိုလားအပ်သည့် ပြဿနာများအထိ ဖြစ်ခဲ့ဖူးသဖြင့် နိုင်ငံတော်အဆင့်က ပြန်ပြီးသုံးသပ်သင့်သည်ဟု မှတ်ချက်ပြုသည်။

သံဃအဖွဲ့အစည်းက ဦးပဏ္ဍိတကို ကျောင်းထိုင်အဖြစ် ဆုံးဖြတ်သည့်အပေါ် ဦးကုဝေရက ဩဝါဒ မခံယူ၍ ဆိုကာ ဦးပဏ္ဍိတက ဦးကုဝေရကို သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၉၀/၂၀ ဖြင့် အရပ်ဘက်တရားရုံးတွင် ၂၀၁၆ ခုနှစ်က တရားစွဲဆိုဖူးသည်။

 “ဘုရားဟောတရားအရ ဗုဒ္ဓဘာသာဝင်တွေက ကိုးကွယ်ထိုက်တဲ့ သံဃာတော်တွေဆိုတာ လောဘ၊ ဒေါသ ကင်းပြီးသူ ဖြစ်ရမယ်ပေါ့။ ကင်းပြီးသူ မဖြစ်သေးလို့ ရှိရင် ကိုယ်ကိုယ်တိုင်လည်း လောဘ၊ ဒေါသ၊ မောဟ နည်းအောင် ကြိုးစားပြီး ကျင့်ကြံနေတဲ့သူ ဖြစ်ရမယ်ပေါ့။ အဲဒီတော့မှ ကိုယ့်ရဲ့ ဒကာ၊ ဒကာမတွေကိုလည်း လောဘ၊ ဒေါသ၊ မောဟ နည်းအောင် မေတ္တာ တရား ဖြစ်အောင် ဟောပြောနိုင်မှ ကိုးကွယ်ထိုက်တယ်ပေါ့။ ဒါပေမဲ့ အဲဒီတရားနဲ့ လွဲချော်ပြီးတော့ ငါပိုင်လိုမှု၊ သူပိုင်လိုမှု ဒီလို ပိုင်ရေးပိုင်ကွက်နဲ့ အငြင်းပွားရေးက အများကြီးပဲ။ အငြင်းပွားလို့ သံဃအဖွဲ့အစည်းတွေဆီ ရောက်ရင် တရားတော်အတိုင်း ဝိနည်းတော်အတိုင်း မဆုံးဖြတ်တဲ့အခါ လောဘ၊ ဒေါသတွေ ပိုများပြီးတော့ ပိုပြီး အမှုအခင်း များစေတယ်”ဟု ရဟန်းသံဃာအချင်းချင်းဖြစ်စေ၊ သံဃာနှင့်လူများအကြားဖြစ်စေ အမှုအခင်းများ ပေါ်ပေါက်ပါက ကူညီဆောင်ရွက်ပေးသူ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်နေ ဦးအောင်မြိုင်(မစိုးရိမ်စာသင်သား) က မှတ်ချက်ပေးသည်။

အောင်မင်္ဂလာကျောင်းတိုက်တွင် ဦးပဉ္စင်းနှင့် ကိုရင်အပါအဝင် သံဃာ ၁၁ ပါး သီတင်းသုံးနေကြောင်း သိရသည်။

ဦးပဏ္ဍိတထံ ဖုန်းဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ်မရခဲ့ပါ။

Show More

Related Articles

Back to top button