
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ယမန်နေ့ (အောက်တိုဘာ ၂၈) ညနေ ၆ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ကျယ်လောင်သောပေါက်ကွဲသံတစ်ချက် ကြားလိုက်ရပြီး ရပ်ကွက်ရုံး၏ ခြံစည်းရိုးများ ပွင့်ထွက်သွားကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
“လူထိခိုက်မှုတော့ မရှိဘူး။ ခြံစည်းရိုးတွေ ပွင့်ထွက်သွားတယ်။ ဒီရုံးက ခဏခဏပဲ။ ဒါလည်း ဆက်လုပ်နေကြတာပဲ”ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ထိုအမျိုးသမီးက ဆက်ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများရောက်ရှိလာကာ ရုံးဝန်းကျင်ကို စစ်ဆေးရှာဖွေကြသည်ဟု ၎င်းက ဆက်ပြောသည်။
ရပ်ကွက်ငယ် ၁၈ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသော မဟာအောင်မြေသံနောက်ရပ်ကွက်မှ အဆိုပါရုံးသည် မေလ ၁ က မီးလောင်ခဲ့ပြီးနောက် အသစ်ပြန်လည်ဆောက်လုပ်နေရာ ဆက်မဆောက်ရန် အုပ်ချုပ်ရေးမှူးရုံးအသစ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် GZP အဖွဲ့က စက်တင်ဘာ ၁၆ တွင် ဖောက်ခွဲပြီး သတိပေးခဲ့သည်ဟု ဒေသခံနောက်တစ်ဦးက ဆိုသည်။
“အဓိကကတော့ အုပ်ချုပ်ရေးရုံး အသက်ဝင်မှာ၊ လုပ်ငန်းလည်ပတ်မှာကို စိုးတာဗျ။ သူတို့အုပ်ချုပ်ရေးအောက်မှာ မနေနိုင်တာ။ ဒါကြောင့် သတိပေးမှုတွေ အကြိမ်ကြိမ်လုပ်တယ်။ ဒါလည်း သူတို့ဘက်က မရပ်တန့်ဘဲ ကြိုးစားနေတယ်”ဟု အဆိုပါ ဒေသခံက ပြောဆိုသည်။
ယမန်နေ့က ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။
မန္တလေးမြို့တွင် စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေသော်လည်း အုပ်ချုပ်ရေးရုံးများ၊ ရဲကင်းစခန်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု မကြာခဏဖြစ်ပွားနေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)