ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကို တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်က ယမန်နေ့ (အောက်တိုဘာ ၂၇) မနက် ၃ နာရီ၌ မူးယစ်ဆေးဖြတ်ဆေးရုံအတွင်း လက်နက်ကြီးဖြင့် ၈ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့၍ ထိုနေရာတွင် ခိုလှုံနေကြသည့် ဒေသခံများ ထွက်ပြေးကြရသည်။
ဆေးရုံအဆောင်တချို့ ထိမှန်ပျက်စီးခဲ့ပြီး ကသဲကျေးရွာမှ ဒေသခံ ၄၀၀ ကျော်မှာ ခြေလျင်ထွက်ပြေးကြရသည်ဟု ကသဲရွာခံတစ်ဦးဖြစ်သူ အသက် ၂၈ နှစ်အရွယ် မသူဇာက ပြောသည်။
“အဝတ်အစားတွေလည်း မသယ်နိုင်ဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ။ တချို့ (သယ်) နိုင်တဲ့သူတွေကပဲ ဆွဲမိဆွဲရာ ဆွဲလာခဲ့ရတယ်။ အဲဒီကနေ ၄ နာရီလောက် လမ်းလျှောက်ပြီးတော့ အနောက်ဘက်ကို သူတို့ (စစ်ကောင်စီတပ်) နဲ့ ဝေးရာကို တောင်တွေတက်ပြီးတော့ ခရီးနှင်ခဲ့ရတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ၊ ညနေ ၄ နာရီခန့်တွင် ဖယ်ခုံမြို့၏မြောက်ဘက် မိုင်အနည်းငယ်အကွာရှိ ကသဲရွာအနီး တောင်ကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကသဲရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ရွာအနီးရှိ မူးယစ်ဆေးဖြတ်ဆေးရုံအတွင်း ပေါက်ကွဲခဲ့သေးသည်။
လက်ရှိတွင် ကသဲကျေးရွာမှ ဒေသခံ ၄၀၀ ကျော် စစ်ရှောင်နေရပြီး မြို့ပေါ်နေထိုင်သူ အများစုကလည်း မြို့ကို စွန့်ခွာနေသည်ဟု ဒေသခံများက ပြောသည်။
၃၀၀ ကျော်သည် ဖယ်ခုံမြို့၏ အနောက်ဘက်တောင်တန်းများပေါ်ရှိ ကောင်ဝှပ်ကျေးရွာ (Kawnghwet Village) တွင် ရောက်နေပြီး ကျန်သည့် ဒေသခံများမှာမူ ဆွေမျိုးများရှိသည့် နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေကြသည်ဟု သိရသည်။
အရေးပေါ်တိမ်းရှောင်ခဲ့ရသည့်အတွက် အကူအညီများလိုအပ်နေသည်ဟု ရွာခံများက ဆိုသည်။
တိုက်ခိုက်ခံရပြီးနောက် ဖယ်ခုံမြို့ပေါ်တွင် ဖမ်းဆီး၊ စစ်ဆေးမှုများ ပြုလုပ်နေသည့် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းကားပစ်ခတ်မှုများကြောင့် အောက်တိုဘာ ၂၇ မှစ၍ မြို့ကို စွန့်ခွာသည့် ဒေသခံအရေအတွက် တဖြည်းဖြည်းများလာသည်ဟု မြို့ပေါ်တွင် ကျန်ရစ်နေခဲ့သည့် လုံခြုံရေးအရ အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။
“သူတို့က (စစ်တပ်) ညဆိုရင်လည်း လက်နက်ကြီးတွေထုတယ်၊ သေနတ်တွေလည်း ရမ်းသန်းပစ်ကြတော့ ဘယ်သူမှ မနေရဲကြဘူးလေ” အဆိုပါမြို့ခံက ဆိုသည်။
စစ်တပ်၏ အောက်တိုဘာ ၂၆ နှင့် ၂၇ ရက်များအတွင်း ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် မြို့ပေါ်ရှိ ဒေသခံ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီးနောက် မြို့ကို တဖြည်းဖြည်းစွန့်ခွာလာခြင်းဖြစ်ကာ မြို့ပေါ်မှ လူဦးရေ မည်မျှစွန့်ခွာသွားပြီး မည်မျှကျန်ခဲ့သည်ကို မသိရသေးပေ။
မြို့ပေါ်ရှိ လမ်းများပေါ်တွင် လမ်းသွားလမ်းလာနှင့် ဈေးသည်များမရှိတော့ဘဲ စစ်တပ်ကသာ ကင်းလှည့်နေပြီး လူမနေသည့် နေအိမ်တချို့မှ ပစ္စည်းများကို စစ်သားများက ဖောက်ထွင်းယူငင်ကြသည်ဟု အထက်ပါဖယ်ခုံမြို့ဒေသခံက ပြောသည်။
ယနေ့ (အောက်တိုဘာ ၂၈) မနက် ၆ နာရီခွဲခန့်ကလည်း စပါးကြိတ်လုပ်ငန်းကြောင့် မြို့ပေါ်တွင် ဆက်လက်နေထိုင်သည့် မြို့ခံတစ်ဦးကို စစ်တပ်က အကြောင်းမဲ့ ရိုက်နှက်၊ ဖမ်းဆီးသွားပြီး ၎င်းတို့ပိုင်ဆိုင်သည့် ကားတစ်စီးကိုလည်း စစ်သားများက မောင်းယူသွားကြသည်ဟု ကြားရကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်က ဖယ်ခုံတွင် သောင်းကျန်းနေကြောင်း ဒေသခံတို့၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ယနေ့ညနေပိုင်း မေးမြန်းရန် အကြိမ်ကြိမ်ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။
ဖယ်ခုံမြို့ပေါ်၌ စစ်ကောင်စီ၏ တပ်ရင်း ၅ ခုထက်မနည်း ရှိနေပြီး ခြေမြန်တပ်ရင်း ခမရ ၃၃၆၊ ခမရ-၄၂၁၊ BE အင်ဂျင်နီယာတပ်၊ အမြောက်တပ်နှင့် ဆက်သွယ်ရေးတပ်များရှိသလို တစ်နိုင်ငံလုံးတွင် စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်(စကခ) ၂၀ ရှိရာတွင် (စကခ-၇) မှာ ဖယ်ခုံမြို့တွင် အခြေစိုက်ထားသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၃ လခန့်အကြာတွင် လက်နက်ကိုင်တော်လှန်မှုများ နိုင်ငံအနှံ့ ဖြစ်ပေါ်လာပြီး ကရင်နီဒေသတွင်လည်း ဆန္ဒပြပွဲများမှ အဆင့်တက်ကာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်လာကြသည်။
စတင်ဖွဲ့စည်းစဉ်မှ ယနေ့အထိ ဖယ်ခုံမြို့နယ်နှင့် မြို့နယ်ပြင်ပတိုက်ပွဲများအပါ စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၂၀ ခန့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအင်အား ၁၀၀ ခန့်ကို သုတ်သင်ခဲ့သည်ဟု ဖယ်ခုံ PDF ဘက်မှ ဆိုသည်။
ဖယ်ခုံအခြေစိုက် ခမရ ၃၃၆ ကင်းစခန်းကို ဖယ်ခုံ PDF အဖွဲ့ဝင် ၇ ဦးက အောက်တိုဘာ ၂၂ ၌ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေနတ် ၅ လက်ရရှိခဲ့သည်။
ကရင်နီဒေသဖြစ်သော ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့တို့တွင် သက်ဆိုင်ရာ မြို့နယ် PDF များ၊ KNDF, ကရင်နီတပ်မတော် (KA) တို့ ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်နေကြသည်။
စက်တင်ဘာလကုန်ပိုင်း၌ ကယားပြည်နယ်အတွင်း စစ်ကားအစီး ၄၀ ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ဒေသခံတော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်သည့်အတွက် စစ်သားအများအပြား သေဆုံးခဲ့သည်။
ဖယ်ခုံမြို့နှင့် ၂၅ မိုင်ဝေးသည့် ဒီးမော့ဆိုမြို့တွင်လည်း အောက်တိုဘာ ၂၆ ၌ စစ်ကြောင်းလုံခြုံရေးယူနေသည့် စစ်တပ်ကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး စစ်ကား ၂ စီး ပျက်စီးသွားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)