သတင်း

ကန့်ဘလူ၊ ရီးဒွေးရွာမှ NLD အိမ် ၁၀ လုံးကို စစ်ကောင်စီတပ် မီးရှို့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ရီးဒွေးကျေးရွာကို ယမန်နေ့ (အောက်တိုဘာ၂၇) ၌ ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်သားများ၊ အာဏာသိမ်းမှုထောက်ခံသည့် ပျူစောထီးတပ်ဖွဲ့ဝင်များက နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့သွားသည်ဟု ဒေသခံများထံမှ သိရသည်။ 

ထိုရွာမှ ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ ဦးပူတူး ပစ်သတ်ခံရပြီး နောက်တစ်နေ့မနက်၌ ရဲများရောက်လာစဉ် မိုင်းပေါက်ကွဲခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် စစ်တပ်ရောက်လာပြီး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

မွန်းလွဲ ၂ နာရီခန့်တွင် စစ်တပ်သုံး FAW ကားတစ်စီး၊ အရပ်သုံးကားတစ်ဦးဖြင့် စစ်သားနှင့် ပျူစောထီး စုစုပေါင်း အင်အား ၃၀ နီးပါးက သေနတ်ပစ်ဖောက်၍ ရွာအတွင်း ဝင်လာခြင်းဖြစ်သည်ဟု သိရသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထောက်ခံသည့်နေအိမ်များကို ရွေးချယ်မီးရှို့သည်ဟု အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့လည်း ကြောက်တော့ ပြေးရတာပဲ။ အေးအေးနေတဲ့သူလည်း မရဘူးဗျ။ ဒုန်း ဒိုင်း ဆိုတာနဲ့ ပြေးရတာပဲ။ ရွာမြောက်ပိုင်းက အနီအိမ်မှန်သမျှ ရှို့သွားတာ။ ဆန်တွေ၊ ဆီတွေတော့ အကုန်သယ်သွားတာဗျ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်တပ်ပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူများအပါအဝင် တစ်ရွာလုံးနီးပါး ဘေးလွတ်ရာတိမ်းရှောင်နေကြကြောင်း၊ ဝင်စီးနင်းသည့် အရပ်ဝတ်လက်နက်ကိုင်များက ညနေ ၅ နာရီခန့်တွင် ရွာမှ ပြန်ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

လုပ်ကြံသတ်ဖြတ်ခံရသူ ကိုပူတူးဆိုသူသည် စစ်မှုထမ်းဟောင်းဖြစ်ပြီး စစ်တပ်က ကျေးရွာများကို စီးနင်းသည့်အချိန်တိုင်း အတူလိုက်ပါသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

NLD ထောက်ခံသူ အမျိုးသမီးတစ်​ဦးက သူ၏ နေအိမ်လည်း မီးရှို့ခံရသည်ဟု ပြောသည်။

“(စစ်)ကားပေါ်ကနေ တောက်လျှောက်ခုန်ချပြီး အိမ်တွေကို မီးရှို့တာ။ ကျွန်မဆိုရင် အမျိုးသားရော၊ အဖေရော (ဆန္ဒပြလို့) အဖမ်းခံထားရတယ်။ အကုန်လည်းဖမ်းခံထားရတယ်ဆိုတော့ ကျွန်မတို့အိမ် မရှို့လောက်ဘူး ထင်တာပေါ့။ ရှို့ထားခဲ့တာမှ  ဘာမှမရတော့ဘူး” ဟု ထိုအမျိုးသမီးက ပြောသည်။

“ကျွန်မတို့ကို PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး ရှို့တာပါပဲ။ ကျွန်မဦးလေးက NLD ခေါင်းဆောင်၊ ထွက်ပြေးနေရတယ်။ PDF အဖွဲ့ထဲ ပါတယ်ဆိုပြီး ကျွန်မတို့ ဆွေမျိုးတစ်သိုက်အိမ်ရှို့ခံရတာပဲ”

​​​​ကန့်ဘလူမြို့နယ် ရီးဒွေးကျေးရွာ၌ ဖျက်ဆီးခံလိုက်ရသည့် နေအိမ်တစ်လုံးကို ဇွန် ၁၇ ၌ တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

ရွာအတွင်း အိမ်မီးရှို့သည်၊ ဆန်နှင့်ဆီ သယ်ယူသွားသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး ကန့်ဘလူမြို့နယ်ရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။

စစ်ကောင်စီတပ် ရွာများသို့ လှည့်လည်စဉ် လုယက်သည်ဟူသော ပြောဆိုချက်မှာ ဤဒေသအတွက် အသစ်အဆန်းမဟုတ်ပေ။ အောက်တိုဘာ ၁၀ မနက်ပိုင်းက ထိုဒေသသို့ ရောက်သွားသော စစ်ကောင်စီတပ်သားများကလည်း ထိုသို့ လုယက်ကြသည်ဟု ဒေသခံ ၂ ဦးထံမှ သိရသည်။  

ကန့်ဘလူမြို့နှင့် ၇မိုင်အကွာရှိ ရီးဒွေးကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကြောင့် စစ်ကောင်စီတပ်က ၇ ကြိမ် ဝင်ရောက်စီးနင်းရှာဖွေခြင်း ခံထားရသည်။

ဇွန် ၁၆ ကလည်း အဆိုပါကျေးရွာမှ ပြည်ခိုင်ဖြိုး (USDP) ပါတီဝင်နှင့် ထောက်ခံသူ ၅၀ ခန့်သည် သေနတ်၊ တုတ်၊ ဓားလက်နက်များကိုင်ဆောင်၍ NLD ထောက်ခံသူ နေအိမ် ၄ လုံးကို ဖျက်ဆီးခဲ့သည်။

ပျူစောထီးအဖွဲ့ဝင် သတ်ဖြတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ထန်းကုန်းတိုက်နယ်ရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲ ၁၀ ဦးက ရီးဒွေးကျေးရွာသို့ လာရောက်စစ်ဆေးစဉ် ယမန်နေ့ မနက် ၈ နာရီခန့်၌ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံ ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Kanbalu Underground Warriors အဖွဲ့​က ကြေညာခဲ့သည်။ 

မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် စခန်းမှူးနှင့် ရဲနှစ်ဦးကို မုံရွာစစ်ဆေးရုံသို့ ပို့လိုက်သည်ဟု သိရကြောင်း အဆိုပါအဖွဲ့ခေါင်းဆောင် ဗိုလ်ရသက ပြောသည်။

“မိုင်း ၃ လုံး ခွဲလိုက်တာပေါ့။ ဆိုင်ကယ်တစ်စီးကတော့ လေပေါ်မြောက်သွားတယ်။ သူတို့လူလည်း သတ်ခံရတယ်။ မိုင်းလည်းဆွဲခံရတယ်ဆိုတော့ (စစ်တပ်က) ဒေါသပေါက်ပြီး ထပ်လာပြီး အခုလို ရှို့တာပေါ့”ဟု ၎င်းက ပြောသည်။

၎င်းတို့အဖွဲ့သည် ကန့်ဘလူမြို့နယ်အတွင်း ပျူစောထီးအဖွဲ့ဝင်များ၊ ဒလန်ဟု ယူဆရသူများကို ရှင်းလင်းနေသောအဖွဲ့ဖြစ်ပြီး ဇွန် ၂ ၌ စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button