သတင်း

အရပ်သား ၄ ဦး ရက်ရက်စက်စက် အသတ်ခံရဟု ခင်ဦးဒေသခံများပြော

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဗအိုးကျေးရွာနှင့် အင်းပက်ကျေးရွာတို့တွင် ယမန်နေ့ (အောက်တိုဘာ ၂၂ ) တွင် စစ်ကောင်စီတပ် ဝင်ရောက်လာပြီး လက်နက်ကိုင်အန်တုသူတို့ကို လိုက်လံရှာဖွေစဉ် အရပ်သား ၄ ဦးကို ပစ်သတ်သွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

မနက် ၅ နာရီခန့်တွင် ခင်ဦးမြို့ အနောက်မြောက်ဘက် ၁၈ မိုင်အကွာမှ အိမ်ခြေ ၃၀၀ ကျော်ရှိ ဗအိုးကျေးရွာသို့ စစ်သား ၁၀ ဦးခန့်နှင့် စစ်ကောင်စီတပ်ထောက်ခံသော ပျူစောထီးအဖွဲ့ဝင်များဟု ယူဆရသည့် အရပ်ဝတ်လက်နက်ကိုင် ၂၀ ကျော်ခန့်၏ လက်ချက်ကြောင့် ထိုရွာတွင် ၃ ဦး သေဆုံးသည်ဟု ရွာခံများထံမှ သိရသည်။ 

လယ်တောတွင် ရေသွင်းနေသည့် အသက် ၄၀ အရွယ် ကိုသိန်းတင့် ပစ်သတ်ခံရကြောင်း၊ ကြောက်လန့်တကြား ထွက်ပြေးနေသည့် ရွာသားများကို လိုက်လံပစ်ခတ်ခဲ့ရာ အသက် ၃၅ နှစ်အရွယ် ကိုနန်းလွင်ဆိုသူ လယ်ကွင်းထဲ၌ ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

နေအိမ်မှ မထွက်ခွာနိုင်သည့် အသက် ၅၀ ကျော်အရွယ် ဦးမြဝင်းမှာ အိပ်ရာပေါ်တွင် သေဆုံးနေသည်ဟု ရုပ်အလောင်းမြင်တွေ့ခဲ့ရသူ ရွာသားတစ်ဦးက ပြောသည်။

“ရွာအစွန်မို့ (ဦးမြဝင်းအိမ်) တိတ်တိတ်လေး ဝင်ကြည့်တာ။ ခေါင်းတစ်ချက်တည်းရယ်။ ခေါင်းထိပ်ပိုင်း ပြတ်သွားတာ။ အခြားဒဏ်ရာတော့ မတွေ့ဘူး။ တေ့ပစ်တာ နေမှာပေါ့ဗျာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အဆိုပါ အမျိုးသားက ပြောသည်။

“သူဆို ပြန်ခုခံနိုင်တဲ့အင်အားလည်း မရှိဘူးဗျာ။ ကျန်းမာရေးမကောင်းဘူး။ သူ့မိန်းမကသာ ထွက်ပြေးတာ။ သူက မပြေးဘူး”

ပေါင်တွင် ကျည်ထိသွားသူ ရွာသားတစ်ဦး၏ ဒဏ်ရာပြင်းထန်ကြောင်း၊ စစ်ကောင်စီတပ်၏ ရန်ကြောင့် တစ်ရွာလုံး တိမ်းရှောင်ကြရကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

“လောလောဆယ် ဘာမှမတတ်နိုင်ဘူး။ ကျေတော့မကျေနပ်ဘူးဗျာ။ တစ်ရွာလုံး ဒုက္ခရောက်တာ။ ဒီနေ့ဒီချိန်ထိ ဘာမှ ထမင်းမစားရတဲ့သူတွေ ရှိတယ်။ တစ်ရွာလုံး ထွက်ပြေးနေရတာ”ဟု အထက်ပါဒေသခံက ဆက်ပြောသည်။ 

စစ်သားများ၊ အရပ်ဝတ်လက်နက်ကိုင်များက ဗအိုးကျေးရွာဘုန်းတော်ကြီးကျောင်းအတွင်း တပ်စွဲထားဆဲဖြစ်သောကြောင့် ယနေ့ အောက်တိုဘာ ၂၃ ညနေအထိ ရွာထဲ ပြန်မဝင်ရဲကြကြောင်း၊ ရုပ်အလောင်း ၃ ခုစလုံးကို သင်္ဂြိုဟ်ခြင်း မပြုနိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။

အင်းပက်ရွာ ပစ်ခတ်မှု

အလားတူ ယမန်နေ့ မနက်ပိုင်းက ခင်ဦးမြို့မှ ၁၄ မိုင် ကွာဝေးသော အိမ်ခြေ ၅၀၀ ကျော်ရှိ အင်းပက်ကျေးရွာကို အရပ်ဝတ် စစ်သား ၂၀ ကျော် ဝင်ရောက်စီးနင်းခဲ့ရာ တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ဘေးရန်ကင်းပြီဟု ယူဆသဖြင့် အသက်၂၇ နှစ်အရွယ် ကိုချစ်စန်းမောင်နှင့် အခြားတစ်ဦး ရွာအတွင်း ပြန်လာစဉ် စစ်သားများနှင့် တိုးပြီး ကိုချစ်စန်းမောင် ဖမ်းဆီးခံရသည်။

ယနေ့မနက်ပိုင်း ဒေသခံများ ရွာထဲ ပြန်လာချိန်တွင် ၎င်း၏ ရုပ်အလောင်းကို ရွာပြင်၌ တွေ့ရှိခဲ့ရသည်ဟု ရွာသားတစ်ဦးထံမှ သိရသည်။

“မနေ့က သူနဲ့အတူ ပြေးတဲ့လူက ချစ်စန်းမောင်တော့ ဖမ်းခံရပြီပြောတယ်။ သူတို့လက်ထဲ အေးဆေး ဖမ်းခေါ်သွားတယ် ထင်တာ။ ဒီနေ့ ရှာကြတော့ သူ့ကို ဖမ်းတဲ့နေရာနဲ့ ပေ ၂၀၀ လောက်မှာ သွေးအိုင်တွေ့တာ။ အဲဒီလိုနဲ့ အလောင်းကို ရွာအပြင်မှာ ပစ်ထားတာ”ဟု လတ်တလော အခြေအနေဆိုးများကြောင့် အမည်ဖော်ပြရန် မဝံ့ရဲသော အဆိုပါ ရွာသားက ဆိုသည်။

ကိုချစ်စန်းမောင်၏ ဦးခေါင်းကို သေနတ်ဖြင့် တေ့၍ ပစ်ခတ်ထားပုံရကြောင်း၊ လက်တစ်ဖက်ကျိုးနေပြီး တစ်ကိုယ်လုံးလည်း ကြေမွနေကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ ရွာ ၂ ရွာတွင် ၄ ဦး ပစ်သတ်ခံရသည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ယနေ့ ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

အင်းပက်ရွာရှိ နေအိမ်တစ်အိမ်အတွင်း မွှေနှောက်ဖျက်ဆီးခံထားရသည်ကို အောက်တိုဘာ ၂၃ မနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

အောက်တိုဘာလမှစ၍ စစ်ကောင်စီလက်နက်ကိုင်များသည် ခင်ဦးမြို့နယ်အတွင်းရှိ ပျဉ်ထောင်၊ မကျည်းတုံ၊ မဒေါင်းလှ၊ ရွာသစ် စသည့် ကျေးရွာများတွင် တပ်စွဲ၍  အနီးဝန်းကျင်ကို တစ်ရွာပြီးတစ်ရွာ ဝင်ရောက်စီးနင်းရှင်းလင်းနေသည်ဟု ယူဆရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ပြောသည်။

အောက်တိုဘာ ၁ တွင် ပျဉ်ထောင်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၅ ဦး သတ်ဖြတ်ခံထားရကာ ပစ်ခတ်မှုကြောင့် နာမကျန်းဖြစ်နေသူတစ်ဦး ကြောက်လန့်သေဆုံး၍ လက်ရှိတွင် ၎င်းရွာအတွင်း စစ်တပ် တပ်စွဲထားသည်။ ထိုကလေး၏ ဖခင်မှာ အခြားဒေသတွင် တာဝန်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်ဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာ ၃ တွင် တဲစုရွာမှ ၃ ဦး၊ အောက်တိုဘာ ၁၆ တွင် တစ်ဦး အသတ်ခံထားရပြီး ယမန်နေ့က ကျေးရွာ ၂ ရွာမှ ၄ ဦးအပါအဝင် အောက်တိုဘာလအတွင်း ခင်ဦးဒေသခံ ၁၃ ဦး သေဆုံးခဲ့ရသည်။ 

အောက်တိုဘာ ၁၅၊ ၁၆  ၌ ခင်ဦးမြို့အရှေ့ဘက် မကျည်းတုံရွာနှင့် မြို့မြောက်ဘက် မဒေါင်းလှရွာ၊ အောက်တိုဘာ ၁၈ ၌ ရွာသစ်ရွာ၊ အောက်တိုဘာ ၁ နှင့် အောက်တိုဘာ ၂၂ တွင် ခင်ဦးမြို့ အနောက်မြောက်ဘက်ရွာများဖြစ်သော ပျဉ်ထောင်ကျေးရွာနှင့် ဗအိုးကျေးရွာ၊ အင်းပက်ကျေးရွာတို့ကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။ 

မောင်းပြန်သေနတ်နှင့် လက်လှမ်းမမီသေးသော ခင်ဦးမြို့နှင့် ဝန်းကျင်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ဒေသခံပြောက်ကျားအဖွဲ့များမှာ ခေတ်ဟောင်း အမဲလိုက်သေနတ် တူမီးကိုသာ ကိုင်ဆောင်ကြသည်။

လက်နက်အင်အားမမျှသော်လည်း စစ်ကောင်စီတပ်သားတို့ သေဆုံးရသည့် အဓိကအကြောင်းရင်းမှာ လမ်းတွင် ဗုံးခွဲတိုက်ခိုက်ခံရခြင်း၊ ချုံခိုတိုက်ခိုက်ခံရခြင်းတို့ကြောင့် ဖြစ်သည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button