မေးမြန်းခန်း

တစ်နှစ်မှာ အကျဉ်းသား ၃ဝဝ လောက် သေခဲ့တယ် (အင်တာဗျူး)

၁၉၉၁ တွင် ဖွင့်လှစ်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ကဘော်ချိုင့်ဝှမ်းရှိ ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်း ခေါ် ရဲဘက်စိုက်ပျိုးရေးစခန်းများသည် အကျဉ်းထောင်လောကတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ ကလေးမြို့နှင့် တမူးမြို့ရှိ တောတောင်များတွင် ထိုစခန်းများ စတင်ဖွင့်လှစ်ချိန်မှစ၍ အစာရေစာပြတ်လပ်မှု၊ ရာသီဥတုပြင်းထန်မှု၊ ဆေးဝါးကုသခွင့် မရမှုတို့အပြင် ညှဉ်းပန်းနှိပ်စက်မှုဒဏ်များကြောင့် အကျဉ်းသား ရာနှင့်ချီ နှစ်စဉ် သေဆုံးခဲ့သည်။ ထိုစခန်းများဖွင့်လှစ်ရာတွင် ပါဝင်ပြီး၊ စခန်းအချို့တွင် ကိုယ်တိုင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးမှာ အငြိမ်းစားထောင်မှူးကြီး ဦးတင်အောင်ဖြစ်သည်။ အကျဉ်းဦးစီးဌာနတွင် ၃၄ နှစ်ကြာ လုပ်ကိုင်ပြီး ၂ဝ၁၃ တွင် ပင်စင်ယူကာ ထိုစခန်းများအနီးရှိ ကလေးမြို့နယ်တွင် နေထိုင်နေသော ရှေ့နေ ဦးတင်အောင်ကို ၎င်း၏ ကဘော်ချိုင့်ဝှမ်းရဲဘက်စခန်း အတွေ့အကြုံများအကြောင်း Myanmar Now က သွားရောက် တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ ကဘော်ချိုင့်ဝှမ်းအကျဉ်းသားရဲဘက်စခန်းစီမံကိန်း ကနဦးကာလ ဖြစ်ပေါ်လာပုံတွေကို ပြောပြပေးပါ။

ဖြေ။ ။ အထက်ညွှန်ကြားချက်အရ ၁၉၉၁ ခုနှစ် မေလမှာ မုံရွာထောင်ကနေ အကျဉ်းသား ၃ဝဝ နဲ့ ဝန်ထမ်း ၂၅ ယောက်လောက်နဲ့ လက်လုပ်ပစ္စည်းဘာညာနဲ့ အကုန်လုံး သင်္ဘောတစ်စင်း လိုက်သွားကြတယ်။ ကဘော်ကို သွားကြတာ။ ကလေးဝရောက်တော့ ချောကားတွေနဲ့ တမူးပေါ် တက်ရတာပေါ့။ တမူးကနေပြီးတော့ ၁၂ မိုင်ခွဲဝေးတဲ့ ဝက်ရှုရွာ။ ဝက်ရှုရွာကနေပြီးတော့ အရှေ့တောင်ထောင့် ၃ မိုင်လောက်ကို သွားရတယ်။ ၃ မိုင်လောက် သွားတဲ့အခါမှာ အဲဒီမှာ ဝက်ရှုစခန်းဆိုပြီးတော့ စတည်တယ်။ အဲဒီစခန်း စတည်ရတဲ့ ရည်ရွယ်ချက်ကတော့ အိန္ဒိယနိုင်ငံကနေ စိမ့်ဝင်လာတဲ့လူတွေ ဒီဘက်ထဲကို စီးဝင်မလာအောင် အဲဒီလို လုပ်လိုက်တယ်။ အကျဉ်းသားတွေရဲ့ စားဝတ်နေရေးကို နိုင်ငံတော်ကနေပြီးတော့ တစ်စိတ်တစ်ပိုင်း ဖြေရှင်းရအောင် ဆိုပြီးတော့ စိုက်ပျိုးရေးလုပ်တယ်။ ဒါပေမယ့် အဲဒီကဘော်ချိုင့်ဝှမ်းကြီးကတော့ ရာသီဥတု တအားပြင်းထန်တယ်။ ပြင်းထန်တဲ့အတွက် အသေအပျောက်များတယ်။ ကိုယ်က အဲဒီမှာ သေစာရင်းတွေ ပြုစုရတာပေါ့လေ။ သေစာရင်းတွေ၊ ပြေးစာရင်းတွေ ပြုစုရတာ။ ပြုစုလို့ကို သိတာ၊ မပြုစုရင် မသိဘူး။

မေး။ ။ သေရတဲ့ အဓိကအကြောင်းရင်းတွေက ဘာတွေလဲ။ သေဆုံးနှုန်းတွေကို မှတ်မိသလောက်ပြောပြပါ။

ဖြေ။ ။ ဆေးဝါးမလုံလောက်တာတွေ၊ အစားအသောက်မလုံလောက်တာတွေ။ ၁၉၉၁ ခုနှစ်လောက်တုန်းကဆိုရင် အကျဉ်းဦးစီးမှာ ကုလားပဲဆိုတာ မရှိဘူး။ တစ်ပိဿာ ၆ဝဝ၊ ရတဲ့ပဲနဲ့ ဝယ်ကျွေးတာ။ အသားတစ်ပိဿာ ၄ဝဝ လောက်နဲ့ ရတဲ့အသားဝယ်ကျွေးဆိုတော့ ဘယ်လိုနည်းနဲ့မှ မစားနိုင်ဘူး။ အပြင်ဈေးနှုန်းထက် သူတို့ချပေးတဲ့ဈေးနှုန်းက သုံးချိုးတစ်ချိုးလောက်ပဲ ရှိတယ်။ လောက်လောက်ငင မကျွေးနိုင်တော့ အကျဉ်းသားတွေက အင်အားပြတ်တယ်၊ ရာသီဥတုဒဏ်ခံရတယ်၊ ဆေးဝါးတွေ မလုံလောက်ဘူး။ အဲဒီအတွက်ကြောင့် မှတ်မိသလောက်ဆိုရင် အကျဉ်းသားက တစ်နှစ်မှာ ၃၅၇ ယောက်လောက်အထိ သေတယ်။ အဲလို သေရာကနေပြီးတော့ ၉၉ ခုနှစ် စခန်းသစ်တွေ ဆက်ဖွင့်တာပေါ့။ တမူးမြို့မှာ ဗန္ဓုလစခန်း၊ မြို့သစ်စခန်း၊ သနန်စခန်းဖွင့်တယ်။ သနန်ဆိုရင် အဝေးဆုံးပေါ့၊ တမူးကနေပြီးတော့ မိုင် ၃ဝ ကျော်လောက် ဝေးသွားတာပေါ့နော်။ ဆရာစံစခန်းက ၉၉ ခုနှစ် ဇန်နဝါရီလမှာ ဖွင့်တယ်။ ဖွင့်တော့ ဆည်တွေဘာတွေ လုပ်ရတယ်။ ဆည်လုပ်ရတဲ့အခါကျတော့ တော်တော်လေးပင်ပန်းတယ်။ ပင်ပန်းတဲ့အခါကျတော့ ထိုနည်းလည်းကောင်းပဲ အစားအသောက်တွေ ဘာတွေက မရှိဘူး။ သေကြတယ်။ အဲဒီလိုကနေ ၁၉၉၉ နိုဝင်ဘာလလောက်မှာ ICRC နိုင်ငံတကာကြက်ခြေနီ စဝင်လာတယ်။ စဝင်လာတဲ့နှစ်မှာ အကျဉ်းသားတွေရဲ့ အစားအသောက်ကို တဖြည်းဖြည်းနဲ့ ပြင်ခိုင်းတယ်ပေါ့လေ။ ရန်ပုံငွေနဲ့ပြင်လို့မရတော့ “စိုက်ကျွေး မွေးကျွေး” ဆိုပြီးတော့ ပြင်တယ်။ ကိုယ့်ဟာကို စိုက်ပြီးတော့ ကျွေးကြ၊ မွေးပြီးတော့ ကျွေးကြပေါ့နော်။ ဆိတ်တွေ၊ နွားတွေ ဘာတွေ မွေးကြပေါ့။ အဲလိုကျွေးခိုင်းတော့ လုပ်တဲ့အရာရှိတွေလည်း ရှိတာပေါ့နော်။ မလုပ်တဲ့အရာရှိတွေလည်း ရှိကြတယ်။ ၂ဝဝဝ မှာတော့ ၃ဝ ကျော်လောက် သေတယ်၊ စခန်းတစ်ခုတစ်ခုမှာ။ ဆရာစံ၊ ဝက်ရှု၊ ဗန္ဓုလ၊ မြို့သစ်၊ သနံ စခန်း ၅ ခု ရှိတယ်။ ကလေးဘက်မှာတော့ ရာဇဂြိုဟ် (၁)၊ ရာဇဂြိုဟ် (၂) စခန်းတွေ ရှိတယ်။ တမူးဘက် အထက်စခန်းတွေကတော့ တအားသေတယ်။ ၂ဝဝ၃ ကျတော့ အသေအပျောက် တဖြည်းဖြည်း နည်းသွားတယ်။ အဲဒီနောက်ပိုင်း လုံးဝမသေတော့ဘူး။ ဘာကြောင့်မသေတော့ဘူးလဲဆိုရင် ကျန်းမာရေးမကောင်းရင် ကလေးထောင်ပို့ပဲ ပို့ကြတာ။ စခန်းမှာ မသေတော့ဘူး။ သေချင်းသေ ထောင်မှာပဲ သေတော့တယ်။ ထောင်ကလည်း မနိုင်ရင် ဆေးရုံကြီးလွှဲလိုက်တာပဲ။

မေး။ ။ သေတဲ့နှုန်းတွေ လျော့လာတယ်ဆိုတော့ ဘာတွေပြုပြင်ပြောင်းလဲရေး လုပ်ခဲ့လို့လဲ။

ဖြေ။ ။ ၂ဝဝ၉ ခုနှစ်မှာ အကျဉ်းဦးစီးက ဘယ်လိုပြန်ပြင်လိုက်လဲဆိုတော့ ကုလားပဲ မကျွေးမနေရ၊ အသား ၇ ကျပ်သား အပြည့်အဝကျွေးရမယ်။ ကုလားပဲကလည်း အပြင်ဈေးနဲ့ ချပေးတဲ့ အတိုင်းလေးကို ဝယ်နိုင်တယ်။ အမဲသား အပြင်ဈေးနဲ့ ဝယ်နိုင်တယ်။ အကုန်လုံး ပစ္စည်း ၁၄ မျိုးလုံးကို အပြင်ဈေးနဲ့ ဝယ်နိုင်တယ်။ ဝယ်နိုင်အောင် နိုင်ငံတော်က တစ်ပြည်လုံးအတိုင်းအတာနဲ့ ဈေးနှုန်းသတ်မှတ်ပြီးတော့ ချပေးလိုက်တဲ့အတွက် အကျဉ်းသားတွေက အဲဒီနောက်ပိုင်းတော့ တော်တော်လေးကောင်းသွားတာပေါ့။ တချို့ကျတော့လည်း လုပ်ချင်သလို လုပ်တော့ မစားရဘူးပေါ့။ စေတနာရှိတဲ့သူဆို ရှိသလို စားရမယ်။ လူအပေါ်မူတည်တာ။

ဘဝမကူးသည့်နေ့မရှိသော ဘဝသစ်အကျဉ်းစခန်းများ (သတင်းဆောင်းပါးရှည်)

ဘဝသစ်စခန်းတွင် ဘဝပျက်ခြင်း (ဓာတ်ပုံအက်ဆေး)

မေး။ ။ ထောင်အာဏာပိုင်တွေခန့်ထားတဲ့ အကျဉ်းသားအရာရှိတွေ နှိပ်စက်တဲ့ဒဏ်၊ ဝန်ထမ်းတွေ နှိပ်စက်တဲ့ဒဏ်ကြောင့်လည်း အသေအပျောက်တွေဖြစ်တယ် ကြားတယ်။

ဖြေ။ ။ သေရတဲ့အကြောင်းရင်းက နှိပ်စက်ရိုက်နှက်တာကတော့ နည်းတယ်။ လုပ်ငန်းအောင်မြင်အောင်ဆိုပြီးတော့ မြေပေါက်ခိုင်းတယ်။ နောက်ကနေပြီးတော့ တုတ်ကိုင်ပြီးတော့ပေါ့လေ။ အဓိကအကြောင်းရင်းက အစာအာဟာရကြောင့် သေတာပဲ။ စီမံချက်အောင်မြင်အောင် လုပ်ရတဲ့အတွက်ကြောင့် နောက်ကနေပြီးတော့ ရိုက်ခိုင်းရတယ်။ အဲဒီတော့ သူတို့မှာ ဒဏ်ရာတွေဘာတွေ ဖြစ်ကြတယ်။ ရိုက်နှက်လို့ သေတာကတော့ ဒီလောက်မရှိဘူး။

မေး။ ။ ထောင်အာဏာပိုင်တွေက သူတို့ကိုယ်တိုင်တော့ မရိုက်ဘူး၊ အကျဉ်းသားအရာရှိ တန်းစီး၊ စည်းကမ်းထိန်း၊ ဘုတ်ကိုင် အစရှိတဲ့သူတွေက ငွေညှစ်တာ၊ ရိုက်ပြီး အလုပ်ခိုင်းတာတွေကော မရှိဘူးလား။

ဖြေ။ ။ ရှိကောင်းရှိမယ်။ မထင်ရင်မထင်သလို ရိုက်နှက်တယ်ဆိုတာက အဲဒီမှာ တန်းစီးတွေ ပြန်ခန့်ထားတယ်။ တန်းစီးတွေက ကွယ်ရာမှာလုပ်တော့တာ။ တချို့ကျတော့လည်း အရာရှိကလည်း ခိုင်းထားတာ ရှိကောင်းရှိမှာပေါ့။ ငါတို့ကတော့ အဲဒါမျိုး လုပ်မစားခဲ့ဘူး၊ ရဲရဲဝံ့ဝံ့ အာမခံရဲတယ်။ လုပ်စားတာတော့ ကြားဖူးတာပေါ့။

မေး ။ ။ ရိုက်နှက်နှိပ်စက်တာ၊ မြင်ခဲ့တာရှိလား။

ဖြေ။ ။ ရှိတာပေါ့။ ရှိတယ်ဆိုတာက တမူးဘက်က ဆရာစံစခန်းမှာ အကျဉ်းသား ၈ ယောက် ပြေးတယ်။ ပြန်မိတာက ၄ ယောက်လောက် ပြန်မိတယ်။ သူတို့ကို စခန်းနဲ့ လေးငါးမိုင်လောက် ဖမ်းမိလာကတည်းက လမ်းတစ်လျှောက်မှာ ရိုက်နှက်လာပြီးသား။ ခြေချင်းလည်း ခတ်ထားသေတယ်၊ အလုပ်လည်း ခိုင်းတဲ့အခါကျတော့ သူတို့မလုပ်နိုင်ဘူး။ ရိုက်နှက်ခိုင်းတဲ့အခါကျတော့ သူတို့ကပြောတယ် ‘ကျွန်တော်တို့ကို သတ်ရင်လည်း သတ်လိုက်ပါတော့ ကျွန်တော်တို့ မလုပ်နိုင်တော့ပါဘူး’ ဆိုတော့ ကိုယ့်မှာ စိတ်မကောင်းဘူး။ အနားပေးပိုင်ခွင့်ရှိတဲ့သူလည်း မဟုတ်ဘူး။ ငါ့တပ်ခွဲလည်း မဟုတ်တော့ ဒီအတိုင်းပဲ မြင်ပဲမြင်နေရတာလေ။ အနားပေးသင့်တယ်။ ဒါပေမဲ့ အနားမပေးတော့ ငါလည်း ဘာမှမတတ်နိုင်ဘူး။ ထောင်ပိုင်အပေါ် မူတည်တာပေါ့နော်။ အနားမပေးဘူးဆိုတာကလည်း သူတို့ကလည်း မိုက်မိုက်ကန်းကန်းစိန်ခေါ်ပြီး ပြေးထားကြတာလေ။ သတ္တိရှိတဲ့ကောင်လိုက်ခဲ့၊ အသက်မနှမြောတဲ့ကောင်လိုက်ခဲ့ဆိုတဲ့ ကောင်မျိုးတွေလေ။ အဲဒီမှာ သူတို့က နှစ်ရက်သုံးရက်လောက်နေပြီးတော့ သေသွားကြတယ်။

မေး။ ။ ဆရာဝန်ခွင့်ပြုချက်နဲ့ ဒီအကျဉ်းသားဟာ ကျန်းမာရေး၊ ခန္ဓာကိုယ်ကြံ့ခိုင်ရေးကောင်းတယ်ဆိုပါမှ အလုပ်ခိုင်းခွင့်ရှိတယ်။ ၉ နာရီထက်ပိုမခိုင်းရ၊ အလုပ်နှင့်ထောင်ဒဏ်ဆို ဘယ်လောက်ပမာဏပဲ လုပ်ခိုင်းရမယ်၊ အလုပ်ကြမ်းနဲ့ထောင်ကျတဲ့ အကျဉ်းသားဆို ဘယ်လောက်ပဲ လုပ်ခိုင်းရမယ်ဆိုတာ အကျဉ်းထောင်ဥပဒေမှာ တိတိကျကျ ဖော်ပြထားတယ်။ ဒါပေမယ့် ကဘော်ချိုင့်ဝှမ်းအကျဉ်းစခန်းတွေမှာ ဆေးဝါးကော၊ ဆရာဝန်ကော လုံးဝမရှိခဲ့ဘူးလို့ သိရတယ်။ ဒါဟာ မှန်ပါသလား။

ဖြေ။ ။ မှတ်မိတာပေါ့။ ငါတို့ဆီမှာ ဆေးမှူးလည်းမရှိဘူး။ ဆရာဝန်လည်း မရှိဘူး။ သူနာပြုသင်တန်း ဆင်းထားတဲ့ ဝန်ထမ်းတစ်ယောက်လောက်ကို တာဝန်ပေးထားရတယ်။ ဆေးတပ်သားပေါ့နော်။ အကျဉ်းသားကလည်း သနားလို့လည်း မရဘူး၊ မသနားလို့လည်း မရဘူး၊ အဲဒီမှာမှ အဲဒီစကားက သွားမှန်တာ။ သနားပြန်ရင် မနက်ခင်းတန်းစီရင် ကျွန်တော်နေမကောင်းဘူး ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ဆေးနားအနေနဲ့ ပေးထားပြန်ရင် ဒီကောင်က စည်းရိုးတွေဖြဲပြီးတော့ ထွက်ပြေးတယ်။ ဒီကောင် လိမ်တယ်ဆိုပြီးတော့ ရှေ့တန်းမှာ ခိုင်းလိုက်ပြန်ရင်လည်း တကယ်ဖြစ်နေတဲ့လူကျတော့ နာတယ်၊ သေတယ်။ ဆေးကလည်း မရှိဘူး၊ ပါရာစီတမော့တောင် ပုံမှန်မရှိဘူး။ အဲတော့ နောက်တန်းကိုင်တဲ့ နောက်တန်းမှူးကတော့ တချို့ ကြမ်းကြမ်းတမ်းတမ်းလူတွေ အလှည့်ကျရင်တော့ ရှိတယ်။ နောက်တန်းမှူးဆိုတာ ထောင်မှူးကြီးတွေပေါ့နော်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီးတော့ ရိုက်နှက်ပေါ့လေ။

မေး။ ။ ဆရာကိုယ်တိုင်လည်း ၂ဝဝ၁ လောက်က ကဘော်ချိုင့်ဝှမ်း ဆရာစံစခန်းမှာ တာဝန်ကျခဲ့တော့ အကျဉ်းသားတွေ စားဝတ်နေရေးကောင်းမွန်ဖို့အတွက် ဘာတွေလုပ်ဆောင်ခဲ့တာ ရှိလဲ။

ဖြေ။ ။ ကိုယ်ရည်သွေးပြောတာတော့ မဟုတ်ဘူး။ အကျဉ်းဦးစီးဒုချုပ်က လျှို့ဝှက်လာစစ်တယ်၊ စခန်းက တာဝန်ရှိတဲ့သူတွေ အကုန်ထွက်၊ ဒုချုပ်ဦးဇော်ထွန်းက သူမေးချင်တဲ့ အကျဉ်းသားကို မေးတယ်။ ခေါ်မေးတော့ ငါတို့စခန်းတစ်ခုပဲ ထမင်းဝတယ်။ ဘာကြောင့်ဝသလဲ အဖြေပြန်ထုတ်လိုက်တော့ အဲဒီအချိန်မှာ ငါက ထောက်ကိုင်တာ၊ အသီးအနှံတွေစိုက်ပြီးတော့ ကျွေးတယ်။ ငှက်ပျောအူ တာလပေါတောင် စားလို့မြိန်အောင် ကျွေးတယ်။ အဲဒီမှာ ပင်စိမ်း၊ ပူစီနံ၊ ရှမ်းနံနံ၊ ငရုတ်သီးစိမ်းစိုက်တယ်။ အကျဉ်းသားတွေက ငါးပိမီးဖုတ်ပြီးတော့ ပင်စိမ်း၊ စပါးလင်၊ ငရုတ်သီးစိမ်းလေးနဲ့ ထောင်းပြီးရင် စားကောင်းတယ်။ ဆီမလိုဘူး။ အဲဒီတုန်းကလည်း ဆီက မရသေးဘူး။ စားကောင်းသွားတဲ့ အနေအထားမျိုးကျတော့ အကျဉ်းသားတွေက ဝတယ်။ စခန်း ၇ ခုမှာ ငါတို့စခန်းက ဘာကြောင့်ဝသလဲဆိုတာကို ဒုချုပ် ဦးဇော်ထွန်းက အဖြေထုတ်တဲ့အခါကျတော့ အားလုံးပဲ ဆရာစံစခန်းကို သွားလေ့လာဆိုပြီး လေ့လာလိုက်တဲ့အခါကျတော့ ငါးခြောက်ကျွေးတာချင်း တူရင်တောင် ငါးပုဏ္ဏားခြောက်ကိုမှ တစ်ယောက်နှစ်ကောင် ရတာလေ။ ဆီနဲ့ ကြော်မကျွေးနိုင်ဘူး။ မီးဖိုပေါ် ဆန်ခါတင်ပြီးတော့ ကင်၊ ဆီချက်ချက်ပြီးတော့ ဖျန်းကျွေးတယ်။ ဆီက လူ ၂ဝဝ စာမှာမှ မနက် ၁ဝ သား၊ ညနေ ၁ဝ သား၊ ထမင်းကြော် ၁ဝ သား။ ဒီလိုကျွေးခဲ့တော့ ငါတို့စခန်းတစ်ခုပဲ ဝတယ်။ အဲဒီအချိန်မှာ အသေအပျောက်ကလည်း သိပ်မရှိတော့ဘူး။ အဲဒါက စေတနာပဲကွာတယ်။ ငါက စိတ်ချမ်းချမ်းသာသာနေတယ်။ ဘယ်သူမှလည်း ဂရုမစိုက်ဘူး။ သူများတွေကသာ ဗိုလ်ချုပ်တွေကို အဘတွေ ခေါ်နေတာ၊ ငါက အဘမခေါ်နိုင်ဘူး။ ငါ့ထက် အသက်အများကြီး ငယ်တယ်။

မေး။ ။ အကျဉ်းသားတွေ အများအပြားသေဆုံးခဲ့တာအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ။

ဖြေ။ ။ အခုတော့လည်း အခြေအနေတွေ ကောင်းမွန်နေပြီလို့ သိရတယ်။ အကျဉ်းသားတွေ သေခဲ့ရတဲ့ကိစ္စကတော့ နိုင်ငံတော်မှာပဲ တာဝန်ရှိတာ။ ဆေးဝါးမပြည့်မစုံ၊ ရိက္ခာမပြည့်မစုံဘဲနဲ့တော့ ဘယ်လိုနည်းနဲ့မှ အသက်ရှင်နိုင်စရာ လမ်းမရှိဘူး။ ။

Show More

Related Articles

Back to top button