မေးမြန်းခန်း

အင်တာဗျူး၊ “မြေပြန့်မှာရှိတဲ့ ညီနောင်အဖွဲ့အစည်းတွေကလည်း ပူးပေါင်းတိုက်ခိုက်ပေးပါ” 

အာဏာသိမ်းစစ်ကောင်စီက ချင်းပြည်နယ်ကို စစ်​ကြောင်းနှစ်ခု အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်ရန် ကြိုးစားနေသည်။ ချင်းပြည်နယ်​မြောက်ပိုင်းကို ထိုးစစ်ဆင်ရန် ဖလမ်း − ဟားခါးလမ်းအတိုင်း ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းမှာ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်း​ဒေသပြည်သူ့ကာကွယ်ရေးတပ် (CDF) တို့ ကြားဖြတ်တိုက်ခိုက်သဖြင့် ပိတ်မိနေသည်။

အလားတူ ချင်းပြည်နယ်တောင်ပိုင်းတွင်လည်း မကွေးတိုင်း၊ ပခုက္ကူမှတစ်ဆင့် စစ်ကောင်စီစစ်ကြောင်း ချီတက်လျက်ရှိသည်။ မင်းတပ်နှင့် မတူပီမြို့နယ်များတွင် စစ်ကောင်စီတပ်က အင်အားသုံး ထိုးစစ်ဆင်ရန် လက်နက်ကြီးများပစ်ခတ်ကာ လမ်းကြောင်းရှင်းခဲ့ရာ အောက်တိုဘာ ၁၆ ရက်တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုအခြေအနေများကို သိရှိနိုင်ရန် မတူပီမြို့နယ် CDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို Myanmar Now က အောက်တိုဘာ ၁၇ ရက်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

မေး – စစ်ကောင်စီလက်ချက်ကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူအချို့ အသက်ဆုံးရှုံးရတဲ့ ဖြစ်စဉ်ကို ရှင်းပြပေးပါလား။

​ဖြေ – မနေ့က (အောက်တိုဘာ ၁၆) နေ့လယ် ၂ နာရီခွဲလောက်မှာ စကစ (စစ်ကောင်စီ) ပစ်တဲ့ လက်နက်ကြီးထိပြီးတော့ အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးတယ်။ ဒါက မြေပြင်က အတည်ပြုချက်ရတာတစ်ခုပေါ့။ နောက်တစ်ခုက ၃ နာရီလောက်မှာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကတော့ စကစထောင်ထားတဲ့ နင်းမိုင်းကို နင်းမိပြီး သေဆုံးတယ်ပေါ့။ နောက်တစ်ယောက်ကတော့ လက်နက်ကြီးထိပြီး ခါးမှာ ဒဏ်ရာရတာ။

မေး – ကလေးငယ်လေး သေဆုံးတာက ရွာထဲမှာလား၊ လမ်းသွားလမ်းလာရင်း ထိမှန်တာလား။

ဖြေ – လမ်းသွားလမ်းလာဆိုတာထက် ခြံမှာပေါ့။ သူတို့ တောင်ယာလုပ်တဲ့ခြံမှာနေတဲ့အချိန် သူတို့ခြံ လက်နက်ကြီးကျရောက်ပြီးတော့ ကလေးငယ် ထိခိုက်သေဆုံးသွားတာပါ။

မေး – လတ်တလော စစ်ရေးအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ – လတ်တလောအခြေအနေအရဆိုရင် မတူပီအရှေ့ဘက် မင်းတပ်ဘက်ခြမ်းပေါ့၊ စကစက တစ်နေ့ကစပြီး တောက်လျှောက် လက်နက်ကြီးတွေနဲ့ မနားတမ်းပစ်တယ်။ ဘာလို့လည်းဆိုတော့ သူတို့ စစ်ကြောင်းအကူ လာတာပေါ့။ အောက်ပြည်လာတဲ့စစ်​ကြောင်းကို သွားကြိုရင်း ဒီဘက်က စက်ကြီးတွေနဲ့ လမ်းရှင်းတယ်။ အင်အား ၇၀ လောက် အနောက်ကနေ ကပ်ပါလာပြီးတော့ အပေါ်ကနေ အမြောက်လက်နက်ကြီးတွေ ပစ်ကူပေးပြီး ရှေ့ကိုသွားပြီး တဖြည်းဖြည်း ထိုးစစ်ဆင်မဲ့ ပုံစံပေါ့။ နယ်မြေရှင်းလင်းရေးလုပ်ရင်း ထိုးစစ်ဆင်တဲ့ ပုံစံဖြစ်နေတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ CDF တပ်ဖွဲ့ဝင်တွေက လောလောဆယ် အသင့်အနေအထားပဲရှိတယ်။ ထိတွေ့မှုတော့ လောလောဆယ် မရှိသေးဘူး။ ဒါကြောင့်မို့လို့ သူတို့ပစ်တဲ့ လက်နက်ကြီးတွေက ထိခိုက်မှုက ပြည်သူတွေပဲ အဓိက ဒဏ်ရာရ သေဆုံးတာတွေရှိတာပေါ့။

မေး – စစ်ကောင်စီတပ်က အခုလိုပစ်ခတ်နေတာတွေက မင်းတပ်ကနေ မတူပီဘက်ကို တက်ဖို့လုပ်နေတဲ့ သဘောလား။

ဖြေ – ဟုတ်ကဲ့။ အဓိကတော့ အဲဒီဘက်က တက်လာမဲ့ ကားတွေ လက်နက်တွေ၊ ရိက္ခာတွေကို ဒီဘက်က လူတွေက ဆင်းပြီး လမ်းကြောင်းရှင်းရင်းနဲ့ ဆင်းကြိုတဲ့ ပုံစံဖြစ်နေတာ။

မေး – မတူပီဗျူဟာဘက်ကို စစ်ကောင်စီက အင်အားဖြည့်မယ်ဆိုတဲ့ သတင်းတွေကြားရပါတယ်။ တကယ်အင်အားဖြည့်​နေတာ​ တွေ့ရပါသလား။

ဖြေ – လောလောဆယ် မနေ့က ကြားရသလောက်တော့ ပြည်သူတွေပြောတဲ့ဟာနဲ့ တကယ်တမ်း မြေပြင်မှာကြားရတဲ့ဟာကတော့ အစီး (စစ်ကား) ၆၀ လောက်ပဲလို့ သတင်းရသေးတယ်။ ဒါကလည်း အစီးရေအတိအကျကို ကျွန်တော်တို့ CDF တပ်ဖွဲ့ဝင်တွေက မျက်မြင်မရှိသေးတဲ့အတွက် အတည်ပြုလို့တော့ မရသေးဘူး။ ခန့်မှန်းပေါ့။

မေး – တကယ်လို့ စစ်​ကောင်စီတပ်က မင်းတပ်ဘက်ကနေ မတူပီကို အင်အားဖြည့်လာမယ်ဆို သူတို့ အလွယ်တကူသွားနိုင်မဲ့ အခြေအနေရှိပါသလား။

ဖြေ – လောလောဆယ် ကျွန်တော်တို့တပ်ဖွဲ့ဝင်အားလုံးက မြေပြင်မှာ အသင့်ပေါ့။ လုံခြုံရေးအသင့်နဲ့ သတိဝီရိယနဲ့ ရှိနေတယ်။ အဓိကတော့ အခု လမ်းပန်းဆက်သွယ်ရေးက လောလောဆယ်အခြေအနေက အခက်အခဲတော့ အများကြီးရှိမှာ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ မတူပီမြို့ရဲ့ အရှေ့ အနောက် တောင် မြောက်ကို သူတို့က အဝင်အထွက်တွေ တင်းတင်းကျပ်ကျပ်စစ်ဆေးတယ်။ ပြည်သူတွေကိုလည်း မသင်္ကာရင် မသင်္ကာသလို စစ်ဆေးရိုက်နှက်တာ ဒါမျိုးတွေလည်းရှိတယ်။ အဓိကတော့ ကျွန်တော်တို့က ထိုးစစ်ဆင်မယ်ဆိုတာထက် သူတို့ရဲ့ထိုးစစ်ဆင်လာမှုကို အကောင်းဆုံး ခုခံတားဆီးနိုင်ဖို့ အဲဒါတော့ ပြင်ဆင်ထားပါတယ်။

မေး – ချင်းမြောက်ပိုင်း ဖလမ်းနဲ့ ဟာခါးဘက်မှာ သူတို့ (စစ်ကောင်စီတပ်) ဝင်လာတယ်၊ တိုက်ပွဲတွေဖြစ်တယ်။ ရွာတွေကို စစ်ကောင်စီတပ်က မီးရှို့တာတွေလုပ်တယ်ဆိုတော့ ဒေသခံတွေလည်း ထွက်​ပြေးတိမ်းရှောင်ရတာပေါ့။ မင်းတပ် − မတူပီလမ်းပိုင်းက ရွာတွေရဲ့ အခြေအနေရော ဘယ်လိုရှိပါသလဲ။

ဖြေ – အခုလောလောဆယ် ရွာတွေ အဓိကခံစားရတာက သူတို့ လက်နက်ကြီးနဲ့ ရမ်းပစ်တဲ့အတွက် ကျေးရွာတွေမှာကျတယ်။ အိမ်တွေမီးလောင်တဲ့ဟာတွေ ရှိပါတယ်ဗျ။ ဒါပေမဲ့ ဟားခါးတို့ ထန်တလန်တို့လောက် အဲဒီလိုမျိုး အနေမဆိုးဘူးပေါ့။ သူတို့ပစ်လိုက်တဲ့ ကျည်သည် သူတို့က နယ်မြေတိုင်းတာခြင်း အကွာအဝေးတိုင်းတာခြင်းမရှိဘဲနဲ့ ကျွန်တော်တို့ တည်ရှိမယ်လို့ ထင်ရတဲ့နေရာမျိုးကို လက်နက်ကြီးနဲ့ ရမ်းပစ်တော့ အဓိက ပြည်သူတွေရဲ့အိမ်တွေထိခိုက်ပြီး ဆုံးရှုံးတဲ့ဟာတွေ တဖြည်းဖြည်းရှိလာတယ်။

မေး − တခြား ဘာများဖြည့်စွက်ပြောလိုပါသလဲ။

ဖြေ − အဓိကပြောလိုတာက ကျွန်တော်တို့ CDF တပ်ဖွဲ့ဝင်အားလုံးကတော့ မိမိမြေ၊ မိမိလူမျိုး၊ မိမိပြည်နယ်၊ မိမိနိုင်ငံအတွက် တတ်နိုင်သလောက် ခုခံကာကွယ်မယ်။ အဓိကတော့ ကျွန်တော်တို့ရဲ့ ပြည်သူတွေကို အထိအခိုက်မရှိစေဖို့။ ဒါက ကျွန်တော်တို့ ဦးတည်ထားတဲ့ ရည်မှန်းချက်ပေါ့။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ပြည်သူတွေကို ကာကွယ်စောင့်ရှောက်နေပါတယ်။ နောက်တစ်ခုက စကစဘက်က အင်အားတိုးလာတာရှိတယ်။ ဒါတွေကိုလည်း မြေပြန့်မှာရှိတဲ့ တခြားသော ညီနောင်အဖွဲ့အစည်းတွေကလည်း ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပြီး တိုက်ခိုက်ပေးပါလို့ ဒါလေးကို အကြံပြုချင်ပါတယ်ဗျ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button