
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်တပ်ယာဉ်တန်းတစ်ခု ယနေ့ (အောက်တိုဘာ ၁၁) မိုင်းခွဲတိုက်ခိုက်ခံရသည့်ပြင် နယ်မြေချင်းထိစပ်နေသည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်းတစ်ခုလည်း ယမန်နေ့တွင် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
မုံရွာမှ ထွက်ခွာလာသည့် စစ်တပ်ယာဉ်တန်းကို ချောင်းဦးမြို့နယ်အတွင်း ချောင်းဦး − ပခုက္ကူလမ်းပေါ်ရှိ မှန်ချိုရွာအကျော်တွင် ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ချောင်းဦးမြို့နယ် PDF အဖွဲ့ခေါင်းဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။
ယနေ့ ညနေ ၄ နာရီဝန်းကျင်က ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် စစ်ကားနှစ်စီး လုံးဝပျက်စီးသွားသည်ဟု ဆိုသော်လည်း ထိခိုက်ပျက်စီးမှုနှင့် ဒဏ်ရာရသေဆုံးရှိမရှိ မသိရပေ။
“သူတို့လူတွေ ကောက်ပြီး ပြန်ထွက်သွားကြတယ်။ လမ်းကိုတော့ ပိတ်ထားတယ်။ သူတို့တွေ သေတာ မြင်နေရမှာစိုးလို့ ကားနှစ်စီးကတော့ စုတ်ပြတ်သတ်သွားတယ်။ ကျွန်တော်တို့က ကြားထဲက ဖြတ်တိုက်လိုက်တာဆိုတော့ နောက်က (ကားချင်း) ဆင့်တိုက်တွေလည်းရှိတော့ သေတာကတော့ များမှာဗျ”ဟု ချောင်းဦး PDF အဖွဲ့ခေါင်းဆောင်က ဆိုသည်။
လက်ရှိတွင် ချောင်းဦးမှ မကွေးတိုင်း၊ ရေစကြိုမြို့သို့ သွားရာ ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတားအထိ လမ်းပိုင်းကို စစ်ကောင်စီက ပိတ်ဆို့ထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ရေစကြိုမြို့၊ ဖူလုံရွာရှိ စစ်ကောင်စီ၏ အမှတ် ၂၅၇ ခြေလျင်တပ်ရင်းကို ယမန်နေ့ (အောက်တိုဘာ ၁၀) ညပိုင်းက ရှော့တိုက်ဒုံးသုံးလုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု ရေစကြို PDF အဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။
“တပ်ထဲကို ထုတာဗျ။ အဆောက်အအုံကိုတော့ မှန်တယ်။ လူအသေအပျောက်ကတော့ တပ်ထဲမှာဆိုတော့ စုံစမ်းလို့ မရဘူး။ ကျွန်တော်တို့က ပြောက်ကျားတော်လှန်ရေးဆင်နွှဲရတာကိုး။ ချောင်ရင်ချောင်သလို ဝင်ထုရတာ။ သူတို့လုံခြုံရေးလျော့ရဲတဲ့နေရာကို တိုက်ခိုက်တာပါ”ဟု ရေစကြို PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။
ရှော့တိုက်ဒုံးဖြင့် ပစ်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်က စခန်းပတ်ပတ်လည်ကို ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း PDF ဘက်မှ ထိခိုက်ဒဏ်ရာရသူမရှိဟု ၎င်းက ဆက်ပြောသည်။
PDF ခေါင်းဆောင်များပြောသည့် ဖြစ်စဉ်နှင့် အချက်အလက်များကို Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသည့်ပြင် စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းလည်း မရှိသေးပေ။
ထို့အတူ ချောင်းဦးမြို့နယ်အတွင်း စစ်တပ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရမှုနှင့် ရေစကြိုမြို့နယ်ရှိ ခြေလျင်တပ်ရင်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ရေစကြို၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ချောင်းဦး၊ မြောင်၊ အရာတော်၊ မော်လိုက်၊ မြင်းခြံ၊ မြင်းမူမြို့နယ်တို့တွင် အခြေစိုက်သည့် PDF ၁၀ ဖွဲ့မှာ စစ်အာဏာရှင်တော်လှန်ရေးအတွင်း မဟာမိတ်အဖြစ် ပူးပေါင်းရန် ဩဂုတ် ၃၁ ကတည်းက သဘောတူထားသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ခေတ်နောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးနှင့် အဆက်ပြတ်နေသည့် ဗမာအများစုနေထိုင်ရာ စစ်ကိုင်းနှင့် မကွေးတိုင်းကို ၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုက လှုပ်နှိုးလိုက်သည်။
ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် အကြမ်းဖက်ဖြိုခွင်းနေသည့် စစ်ကောင်စီကို ရရာလက်နက်ဖြင့် ပထမဆုံးခုခံတော်လှန်သည့် မြို့မှာ စစ်ကိုင်းတိုင်းအတွင်းရှိ ကလေးမြို့ဖြစ်သည်။
ထို့အတူ အာဏာသိမ်းပြီး ၈ လအတွင်း စစ်တပ်၏ အပြင်းထန်ဆုံးနှိပ်ကွပ်မှုများကို ကြုံတွေ့ရမှုအများဆုံးမှာ စစ်ကိုင်းနှင့် မကွေးရှိ မြို့ရွာများဖြစ်ပြီး ရွာလုံးကျွတ်မီးရှို့ခံရမှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ၊ ရေကြောင်း၊ လေကြောင်းပါ သုံး၍ တိုက်ခိုက်ခံရမှုများ ကြုံတွေ့နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)