အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို သဘာဝဘေးပုဒ်မဖြင့် စွဲချက်တင်

ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကို ကြိုဆိုမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ သီးခြားစီ စွဲဆိုခံထားရသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပါ ပုဒ်မ ၂၅ အမှုများကို စွဲချက်တင်ရန် ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်က ယနေ့(အောက်တိုဘာ ၁၁) ဆုံးဖြတ်လိုက်သည်။

နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားခွင်၌ ထိုသို့ စွဲချက်မတင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ နှစ်ဦးစလုံးက အပြစ်မရှိကြောင်း တရားသူကြီးထံ ပြောခဲ့ကြသည်ဟု ၎င်းတို့ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ငါးဦးပါ ရှေ့နေအဖွဲ့ထံမှ သိရသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါဘေးကြုံနေရချိန် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ စက်တင်ဘာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ထောက်ခံသည့် မဲဆွယ်ယာဉ်တန်းကို နေပြည်တော် သမ္မတအိမ်တော်အနီးတွင် ကြိုဆိုခဲ့မှုဖြင့် ပါတီခေါင်းဆောင်များဖြစ်သည့် ၎င်းတို့ကို စစ်ကောင်စီက အမှုဖွင့်ထားခြင်းဖြစ်သည်။

NLD အပြတ်အသတ်အနိုင်ရသည့် ထိုရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းခဲ့ပြီးနောက် နှစ်ပတ်ကျော်(ဖေဖော်ဝါရီ၁၆) အကြာကတည်းက ထောင်သုံးနှစ်အထိ ချနိုင်သည့် သဘာဝဘေးဥပဒေ ပုဒ်မ ၂၅ ဖြင့် ဇဗ္ဗူသီရိမြို့နယ်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို စတင်စစ်ဆေးသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့နောက် ရှစ်လခန့်အကြာ စွဲချက်တင်သည့် ယနေ့တွင် တရားသူကြီးက ဆုံးဖြတ်သကဲ့သို့ ရုံးချိန်းများကို နှစ်ပတ်တစ်ကြိမ်ရွှေ့၍ စစ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုကိုပါ တစ်ပါတည်းပယ်ချခဲ့သည်ဟု ၎င်း၏ ရှေ့နေအဖွဲ့က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက စွပ်စွဲထားသည့် အမှု ၁၁ မှုဖြင့် ရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအနက် ငါးမှုကို အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့များတွင် ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်က သီးသန့်တရားရုံးသို့ လာရောက်စစ်ဆေးနေခြင်းဖြစ်သည်။

ထိုတရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ အထက်ပါ သဘာဝဘေးပုဒ်မဖြင့်ပင် အရပ်သားတစ်ဦးက စွဲဆိုထားသည့် နောက်ထပ်တစ်မှု၊ နေအိမ်၌ ဆက်သွယ်ရေးစက်များတွေ့မှုဖြင့် ပို့ကုန်သွင်းကုန်နှင့် ဆက်သွယ်ရေး ဥပဒေတို့ဖြင့် ဖွင့်ထားသည့် အမှုနှစ်မှုတို့ကိုလည်း စစ်ဆေးနေသည်။

ထို့အတူ ဖမ်းဆီးခံရပြီးမှ ပါတီက ထုတ်သည့် စာနှစ်စောင်ကို အကြောင်းပြု၍ နိုင်ငံမတည်ငြိမ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (ခ)ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးနေသည့် စွဲချက်တင်ပြီးအမှု တစ်ခုကိုလည်း တရားသူကြီး ဦးမောင်မောင်လွင်ကပင် စစ်ဆေးနေသည်။

လာမည့်တစ်ပတ် တနင်္လာနေ့ရုံးချိန်း(အောက်တိုဘာ ၁၈) တွင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ဖြင့် စွဲဆိုခံထားရသည့် အမှုကို စွဲချက်တင်ရန် သင့်မသင့် တရားလိုနှင့် စွပ်စွဲခံရသူတို့ နှစ်ဖက်လျှောက်ထားရန်ရှိပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် စွပ်စွဲခံရသည့် အမှုကို စွဲချက်တင်မတင် တရားသူကြီးက ဆုံးဖြတ်ရန်ရှိသည်။

ယနေ့တရားခွင်မတိုင်မီ နာရီဝက်ခန့် သီးသန့်တွေ့ခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်သည်ဟု ၎င်း၏ ရှေ့နေအဖွဲ့ထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button