
စစ်တပ်ကို အထိနာအောင် တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်လှုပ်ရှားမှုသတင်းများ ကြိုတင်ရရှိရေးက အရေးပါသဖြင့် သတင်းများ ဆက်လက်မျှဝေပေးကြရန် ပုလဲပြည်သူ့ကာကွယ်ရေးတပ် (PPDF) အဖွဲ့ခေါင်းဆောင် ကိုနဂါးက ပြောသည်။
လက်နက်အင်အား၊ လူအင်အား အကန့်အသတ်ကြီးမားသဖြင့် ချုံခိုတိုက်ခိုက်မှုကို ပိုမိုအားပြုရသော PDF တို့၏ အားသာချက်များထဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်လိုစိတ် ပြင်းပြခြင်း၊ လျှို့ဝှက်ထောက်ခံသူများ၊ သတင်းပေးပို့သူများ၏ အကူအညီရရှိခြင်းပင် ဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့က လက်နက်ကောင်းကောင်းတွေနဲ့ တိုက်ရတာ မဟုတ်ပေမဲ့ ဒီကောင် (စစ်သား) တွေ သေအောင်ခံရတာဗျ။ မိုင်းခွဲခံရတာရော၊ ပြောက်ကျားတိုက်ခံရတာရော ဆိုးဆိုးရွားရွား ခံနေရတာ။ စိတ်ဓာတ်ကြောင့် ကျွန်တော်တို့ အားသာတာရှိတယ်” ဟု ဗိုလ်နဂါးက ပြောသည်။
အောက်တိုဘာ ၈ ၌ ပုလဲမြို့နယ်၊ ကျားတက်ကြီးကျေးရွာနယ်မြေရဲစခန်းကို စခန်းထိုင်ရန် ချီတက်လာသည့် ရဲနှင့် စစ်သား အင်အား ၅၀ ခန့် လာနေကြောင်း သတင်းကြိုတင်ရရှိသည့်အတွက် ပုလဲ PDF သည် မဟာမိတ်များနှင့်အတူ လမ်း၌ စောင့်ဆိုင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့သည်။
ထိုသို့ ချုံခိုတိုက်ခိုက်ရာတွင် စစ်သား ၅ ဦး သေဆုံးကြောင်း၊ စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ချက်ချင်းဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“အဓိကက ကျွန်တော်တို့ မိုင်းဆွဲတယ်လေ။ ဆိုင်ကယ်တွေက မိုင်းကွင်းထဲ ဖြတ်လာတာ။ သေချာတာကတော့ အလောင်းလာကောက်သွားတယ်။ နာရေးကားရော၊ ကြက်ခြေနီကားရော”ဟု ဗိုလ်နဂါးက ပြောသည်။
ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းရှိ ပုလဲမြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအတင်းမာဆုံးနေရာဖြစ်ပြီး နေ့စဉ်လိုလို စစ်တပ်နှင့် ဒေသခံ PDF များ တိုက်ပွဲဖြစ်ပွားနေသည်။
ယင်းနေ့မှာပင် ပုလဲမြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်သား ၅၀ ကျော်ကို ပုလဲ- ဂန့်ဂေါ လမ်းမပေါ်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ပုလဲအခြေစိုက် ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က ကြေညာချက်ထုတ်ပြန်ထားသည်။
PRA ပြောရေးဆိုခွင့်ရှိသူ ကိုဂျပန်ကြီးက ၎င်းတို့၏ မုဆိုးတပ်ရင်းနှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ပြောသည်။
“(စစ်သားတွေက) နယ်မြေရှင်းမရှင်း လာကြည့်တာပေါ့၊ ဟိုနေ့က တိုက်ပွဲဖြစ်တဲ့နေရာကို။ ကျွန်တော့်ကောင်တွေက မိုင်းဆွဲပြီး ပြေးကြတာ။ (စစ်သား) သုံးယောက်က တူမီးမှန်တာ၊ နှစ်ယောက်ကတော့ မိုင်းကွဲတာ။ စုတ်ပြတ်သွားတယ်ဗျ” ဟု သူက ဆိုသည်။
တိုက်ပွဲများ ပြင်းထန်လာနိုင်ခြေရှိသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ လက်နက်လမ်းကြောင်းအကူအညီကို ဒေသခံ PDF များက မျှော်လင့်နေကြသည်။
PDF တို့၏ ပြောက်ကျားစစ်ဆင်မှုသည် ဒေသခံတို့ အနိုင်ကျင့်ခံရသည့် အခြေအနေနှင့်လည်း ဆက်စပ်နေသည်။
စစ်ကောင်စီတပ်သည် ချုံခိုတိုက်ခိုက်ခံရပြီးနောက် အတိုက်ခံရသည့် ဒေသဝန်းကျင်ရှိ ပြည်သူလူထုကို PDF နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးနှိပ်စက်လေ့ရှိသည်။ ထိုသို့ တုံ့ပြန်ရာတွင် သတ်ဖြတ်ခြင်း၊ အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ လုယက်ခြင်း စသည့် ရာဇဝတ်မှုများ ကျူးလွန်လေ့ရှိသည်ဟု ဒေသခံတို့က ပြောသော်လည်း များသောအားဖြင့် စစ်ကောင်စီက ဝန်ခံခြင်းလည်း မရှိသလို ငြင်းပယ်ခြင်းလည်း မရှိပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p