သတင်း

မြစ်သားတွင် စစ်ကောင်စီ ရထားတစ်စင်း ဗုံးခွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း ယမန်နေ့(အောက်တိုဘာ ၅) ညနေ ၆ နာရီခန့်က စစ်ကောင်စီ၏ ရထားတစ်စင်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မြစ်သားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ဝင်က ပြောသည်။

“ရထားနောက်တွဲတော်တော်ထိတယ်။ လေးလက်မပိုက်နဲ့ လုပ်ထားတဲ့ ဗုံးဆိုတော့ နောက်တွဲပျက်စီးသွားတယ်။ လူတော့ ထိခိုက်မှုမရှိဘူး။ ရထားက စစ်ရထား။ စစ်ခွေးတွေ အသုံးအဆောင်တင်တဲ့ ရထားဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

မြစ်သားမြို့၏ တောင်ဘက် ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ စမာတံတားအနီးတွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် ရထားဖြစ်ကာ စစ်သည်အချို့ပါဝင်သော်လည်း ဒဏ်ရာရမှု၊ ပျက်စီးမှု အခြေအနေအတိအကျကို မသိရသေးကြောင်း ထိုသူက ဆက်ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကလည်း ရထားတစ်စင်း မိုင်းခွဲတိုက်ခိုက်ခံရသည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။

“ပေါက်ကွဲသံအကျယ်တစ်ချက် ကြားရတယ်။ ….လူသေတာတော့ မကြားဘူးဗျ။ ရထားတော့ တော်တော်ပျက်စီးသွားတယ် ပြောတယ်”ဟု ၎င်းက ပြောသည်။

မီးရထားကို ထိုသို့ ဖောက်ခွဲတိုက်ခိုက်ရန် အချိန်အတော်ယူခဲ့ရကြောင်း MPDF အဖွဲ့ဝင်က ဆိုသော်လည်း အသေးစိတ်ထုတ်မပြောပေ။

“စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ ဒေါက်တိုင်တွေကို ဆက်ပြီး တိုက်ခိုက်သွားမယ်”ဟု ၎င်းက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် မြစ်သားမြို့အတွင်း စစ်ကောင်စီက သေနတ်ပစ်ဖောက် ခြောက်လှန့်ကာ ရှာဖွေစစ်ဆေးမှုများတိုးမြှင့်၍ လုံခြုံရေးတင်းကျပ်ထားသည်ဟု ထိုသူက ဆက်ပြောသော်လည်း အသေးစိတ်ကိုမူ မသိရပါ။

ထိုရထားဗုံးခွဲခံရသည်ဆိုသော ကိစ္စအပေါ် စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မြစ်သားမြို့တွင် အောက်တိုဘာ ၃ရက်၊ ည ၈ နာရီ ဝန်းကျင်ခန့်က ရွှေသူဌေးရပ်ကွက်ရှိ စစ်ကောင်စီ၏ ထောက်လှမ်းရေးရုံးတွင် ပေါက်ကွဲမှုဖြစ်ခဲ့သေးပြီး ၎င်းတို့လက်ချက်ဟု MPDF ကပင် ကြေညာထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button