အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမေရိကန်သတင်းသမား Danny Fenster မတရားအသင်းပုဒ်မဖြင့် ထပ်မံစွဲဆိုခံရ 

အင်းစိန်အကျဉ်းထောင်၌ လေးလကျော် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်သတင်းသမား Danny Fenster ကို ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅−က အပြင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် စစ်ကောင်စီက ထပ်မံတရားစွဲဆိုထားသည်။

ရန်ကုန်အခြေစိုက်သတင်းမီဒီယာတစ်ခုဖြစ်သည့် Frontier Myanmar မဂ္ဂဇင်း၏ အုပ်ချုပ်မှုအယ်ဒီတာ Danny Fenster ကို အောက်တိုဘာ ၄ ရက်က အကျဉ်းထောင်တွင်းရှိ တရားရုံး၌ ရုံးထုတ်စစ်ဆေးရာတွင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ် ကျခံရနိုင်သည့် ပုဒ်မ ၁၇ (၁) ဖြင့် ထပ်တိုးစွဲဆိုကြောင်း တရားသူကြီးက အသိပေးသည်ဟု ၎င်း၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။ 

“ဘာကြောင့် ဒီပုဒ်မနဲ့ စွဲတယ်ဆိုတာ မပြောပြသေးဘူး။ ပုဒ်မပဲ ပြောသေးတယ်။ အမှုတွဲတိုင်စာမှာတော့ ပါမှာပေါ့။ အမှုတွဲကြည့်ခွင့်ရတဲ့ အချိန်မှ ပြောလို့ရမယ်” ဟု Danny Fenster ၏ ရှေ့နေက ပြောသည်။

အသက် ၃၇ နှစ်အရွယ် အမေရိကန်သတင်းသမား Danny Fenster မှာ မေလ ၂၄ ရက်က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့ အပြန် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက် ၎င်းကို စစ်ကောင်စီက ပုဒ်မ ၅၀၅−က ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယမန်နေ့ ရုံးချိန်းတွင် PPE ဝတ်စုံ (တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံ) ဖြင့် တွေ့ရသည့် Danny Fenster မှာ ကျန်းမာရေးထိခိုက်နေပုံရကြောင်း၊ ပုဒ်မ ၅၀၅−က ဖြင့် စွဲဆိုခံထားရမှုအတွက် အာမခံလျှောက်ထားခဲ့ကြောင်းလည်း ဦးသန်းဇော်အောင်က ဆိုသည်။

“မနေ့က အာမခံလျှောက်ထားလွှာတင်ခဲ့တယ်။ လာမဲ့ အောက်တိုဘာ ၁၅ ရုံးချိန်းမှာ အာမခံလျှောက်ထားမှုအတွက် လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အမေရိကန်သတင်းသမား Danny Fenster ကို ရုံးထုတ်စစ်ဆေးသည်မှာ ၁၀ ကြိမ်ခန့်ရှိပြီဖြစ်ကာ ယခင်က ကိုဗစ်နိုင်တင်းကပ်ရောဂါအကြောင်းပြ၍ Video Conferencing ဖြင့်သာ ရုံးထုတ်စစ်ဆေးခဲ့ပြီး လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးမှု ၄ ကြိမ်ရှိသည်ဟု သိရသည်။ 

Danny Fenster ကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားသော်လည်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိန်းသိမ်းထားရမည့် အခြေအနေဖြစ်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု စက်တင်ဘာ ၃၀ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ 

အမေရိကန်သတင်းသမား Danny Fenster ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းနှင့် ပတ်သက်၍ VOA သတင်းဌာနက မေးမြန်းရာတွင် “သတင်းထောက်အလုပ်ကိုသာ လုပ်တယ်ဆိုရင် သတင်းထောက်အလုပ်အတိုင်းသာ မျှမျှတတလုပ်တယ်ဆိုရင် ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းစရာ အကြောင်းမရှိပါဘူး။ သူ့အနေနဲ့ကတော့ သတင်းထောက်လုပ်ငန်းတွေထက် ကျော်လွန်ပြီး ဆောင်ရွက်ခဲ့တဲ့ဟာတွေရှိလို့ စစ်ဆေးခဲ့တာရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

အမေရိကန်သတင်းသမား Danny Fenster သည် Myanmar Now သတင်းဌာနတွင် ၂၀၁၉ နှစ်လယ်ပိုင်းမှ ၂၀၂၀ ဇူလိုင်လကုန်အထိ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် Frontier Myanmar မဂ္ဂဇင်းသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။

Danny Fenster သည် သတင်းခန်းစီမံခန့်ခွဲမှုနှင့် ပတ်သက်၍သော်လည်းကောင်း၊ အယ်ဒီတာအလုပ်မဟုတ်သည့် အခြားသောလုပ်ငန်းတာဝန်များကိုသော်လည်းကောင်း ပေးအပ်ထားခြင်း မရှိကြောင်း Myanmar Now က ထုတ်ပြန်ထားပြီးဖြစ်သည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြန်လည်လွတ်မြောက်လာသူတချို့ရှိသော်လည်း သတင်းသမား ၅၀ ကျော် ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု ဖမ်းဆီးခံသတင်းသမားများစာရင်း ကောက်ယူနေသည့် Detained Journalists Information Myanmar ၏ စက်တင်ဘာ ၁၆ အထိ အချက်အလက်များအရ သိရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button