အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကန်ပက်လက်တွင် အင်တာနက်ဖြတ်ပြီး အရပ်သား ၃ ဦးကို ပစ်သတ်

စစ်ရေးပြင်းထန်နေသည့် ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ပြီးနောက် ကန်ပက်လက်မြို့တွင် စစ်တပ်က ပစ်သတ်ခဲ့သည့် အရပ်သား ၃ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ (စက်တင်ဘာ ၂၇) တွင် တွေ့ခဲ့ရသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ (CDF) ထံမှ သိရသည်။

ကန်ပက်လက်မြို့နှင့် ၃ မိုင်အကွာ လေယာဉ်ကွင်းဆောက်လုပ်သည့် နေရာတွင် ပစ်သတ်ခံရသူ အမျိုးသားများမှာ ကျော့တော်ရွာမှ ၁ ဦး၊ ကမ်းလောင်း ရွာမှ ၂ ဦး ဖြစ်သည်ဟု CDF (ကန်ပက်လက်) ဒုတပ်မဟာမှူးက ဆိုသည်။

“ကမ်းလောင်းရွာက နှစ်ယောက်က တောင်ယာမှာ နေတာ။ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ဆိုင်ကယ်နဲ့ ပြန်တက်လာတယ်။ ဆိုင်ကယ်နဲ့ ပြန်တက်လာပြီးတော့ တွေ့တဲ့အချိန်မှာ ဒီအတိုင်း ပစ်သတ်လိုက်တယ် ထင်တယ်။ ကျော့တော်ရွာက တစ်ယောက်ကတော့ စစ်ဘေးရှောင်စခန်းက ပြန်တက်လာတဲ့သူတွေကို သွားကြိုဖို့အတွက် ဆိုင်ကယ်နဲ့ ဆင်းသွားတဲ့အချိန်မှာ ပစ်သတ်ခံရတာ” ဟု ၎င်းက Myanmar Now ကို ယနေ့ (စက်တင်ဘာ ၂၈) တွင် ပြောသည်။

အောက်တိုဘာ ၂၅ တွင် ပစ်သတ်ခံထားရသည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီတပ်များက လေယာဉ်ကွင်းတွင် အထိုင်ချနေရာယူထားသည့်အတွက် အဆိုပါ ရုပ်အလောင်း ၃ ခုကို ယမန်နေ့ (စက်တင်ဘာ ၂၇ ) မှသာ ကောက်ယူနိုင်ပြီး မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ 

ကမ်းလောင်းရွာမှ အသက် ၆၀ အရွယ် ဦးလိန်းဟုန်း၊ အသက် ၃၀ ဝန်းကျင်အရွယ် ကိုလိန်းအောင်တို့၏ ရုပ်အလောင်းများအား မီးရှို့ကာ မြောင်းထဲပစ်ချခံထားရသည့်အတွက် ဒဏ်ရာအခြေအနေ အသေးစိတ်မသိရကြောင်း၊ ကျော့တော်ရွာမှ အသက် ၃၀ ဝန်းကျင်အရွယ် ကိုကွီးအွမ်မှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တွေ့ရကြောင်း အဆိုပါ ဒုတပ်မဟာမှူးက ဆိုသည်။ 

ချင်းပြည်နယ်အပါအဝင် အင်တာနက်ဆက်သွယ်မှု ဟန့်တားခံရသည့် ဒေသများတွင် စစ်ကောင်စီတပ်၏ အနိုင်ကျင့်မှု၊ အကြမ်းဖက်မှုများကို ဒေသခံတို့က အွန်လိုင်းတင်ရန် မဖြစ်နိုင်တော့ပေ။

စစ်ကောင်စီက ချင်းပြည်နယ်မြို့တော် ဟားခါးမှအပ ကျန်မြို့နယ် ၈ ခုတွင် စက်တင်ဘာ ၂၃ ရက် ညနေမှစ၍ အင်တာနက်ဖြတ်တောက်လိုက်ပြီးနောက် ကန်ပက်လက်မြို့၌ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့သည်။ 

စက်တင်ဘာ ၂၃ ၌ ကန်ပက်လက်မြို့ ၆ မိုင်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က လေယာဉ်ကွင်းတွင် အထိုင်ချနေရာယူလိုက်သည်။ 

ထို့နောက် စက်တင်ဘာ ၂၅ နှင့် ၂၆ တို့တွင် လေယာဉ်ကွင်း၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF က နှစ်ကြိမ် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု CDF ကန်ပက်လက် ဒုတပ်မဟာမှူးက ပြောသည်။

အဆိုပါတိုက်ပွဲ ၃ ကြိမ်အတွင်း CDF အဖွဲ့ဝင် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှလည်း သေဆုံးထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း ၎င်းက ဆိုသည်။ 

စစ်တပ်နှင့် CDF (ကန်ပက်လက်) ကြား တိုက်ခိုက်မှုများကြောင့် ရမ်းလောင်းပန်းနှင့် ကန်းလောင်းကျေးရွာ တို့မှ ဒေသခံ ၂၀၀ ဝန်းကျင်မှာ နီးစပ်ရာ စစ်ဘေးရှောင်စခန်းသို့ သွားလိုသော်လည်း စစ်တပ်က ထိုစခန်းသို့ သွားရာလမ်းကို ထိန်းချုပ်ထားသည့်အတွက် ဒေသခံများမှာ နီးစပ်ရာကျေးရွာများတွင် စစ်ဘေးရှောင်နေကြရသည်။ 

စက်တင်ဘာ ၂၅ က အညာကတင်းကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှ နေရပ်သို့ ခေတ္တပြန်ပြီး ပစ္စည်းသယ်ယူသည့် နို့စို့အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၆ ဦးကို စစ်တပ်က ဖမ်းဆီးပြီး နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

စစ်ကောင်စီကို တစ်နိုင်ငံလုံး အရှိန်အဟုန်မြှင့်တော်လှန်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ တွင် ထုတ်ပြန်ပြီးနောက် စစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်နေသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်တို့တွင် တိုက်ပွဲများ ပိုမိုအရှိန်မြင့်လာခဲ့သည်။ 

လက်နက်အင်အားသာလွန်သည့် စစ်ကောင်စီကို ရိုးရာလက်လုပ်တူမီးသေနတ်ဖြင့် ခုခံကာကွယ်နေရဆဲဖြစ်သည်ဟု CDF (ကန်ပက်လက်) တာဝန်ရှိသူက ပြောသည်။ 

“တူမီးနဲ့ပဲ တိုက်နေရတဲ့အခြေအနေ ဖြစ်တဲ့အခါကျတော့ ရာသီဥတု၊ တောင်ပေါ်ဒေသဖြစ်တဲ့အတွက်ကြောင့် ရာသီဥတုအရမ်းဆိုးဝါးတဲ့အချိန်မှာ နယ်မြေပိုင်းဆိုင်ရာမှာ ကျွမ်းကျင်ပါလျက်၊ တိုက်ပွဲနိုင်မဲ့ အနေအထားဖြစ်ပါလျက်နဲ့ လက်နက်ပိုင်းဆိုင်ရာအားနည်းချက်ကြောင့် တပ်ဆုတ်ခဲ့ရတာတွေ အများကြီးရှိတဲ့အတွက်ကြောင့် (NUG) လက်နက်ထောက်ပံ့ပေးမယ်ဆိုရင်တော့ အမြန်ဆုံးထောက်ပံ့ပေးရင်တော့ အဆင်ပြေမယ်” ဟု ၎င်းက ပြောသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button