
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် 27 Revolution Forces က ဆင်ချောင်းရွာတွင် တာဝန်ကျနေသော တပ်သားအဆင့် စစ်သားတစ်ဦး ၎င်းတို့နှင့် လာရောက်ပူးပေါင်းသည်ဟု ပြောသည်။
စစ်မှုထမ်းသက် ၅ နှစ်ရှိသော အသက် ၂၂ အရွယ် တပ်သား ရေအေး(ခေါ်) နေလင်းထက် (ကိုယ်ပိုင်အမှတ် တသ ၅၃၈၅၂၈) သည် စက်တင်ဘာ ၁၂ နေ့လယ်တွင် ကင်းလှည့်ချိန်အပြီး ထွက်ပြေးလာကြောင်း၊ ယူနီဖောင်းဝတ်ဆင်ထားသော်လည်း လက်နက်မပါကြောင်း 27 RF အဖွဲ့ဝင်နှစ်ဦးက Myanmar Now ကို ပြောသည်။
“လက်နက်ယူလာရင် ပြေးဖို့ မလွယ်လို့။ အဲ့ဒီရွာက ဒလန်တွေ ပျူစောထီးတွေ ပေါလို့။ ကင်းချိန်အပြီး ဈေးဝယ်သလိုလိုနဲ့ ထွက်လာတာပြောတယ်” ဟု အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ထိုစစ်သားသည် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိတ်ဖြူမြို့နယ်၊ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၂၁) တပ်ရင်းမှဖြစ်ပြီး ဩဂုတ်လကုန်ခန့်တွင် ဆင်ချောင်းရွာသို့ ပြောင်းရွှေ့တာဝန်ကျခြင်း ဖြစ်သည်။
၎င်း၏ ဇနီး သူနာပြုမှာလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသောကြောင့် ၎င်းတို့နှစ်ဦးကို လုံခြုံသည့်နေရာ ပို့ဆောင်ပေးခဲ့ကြောင်း ထို PDF အဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။
အဆိုပါတပ်သားမှာ 27 RF အဖွဲ့နှင့် ပူးပေါင်းသည့် ပထမဆုံး CDM စစ်သားဖြစ်သော်လည်း ထိုအဖွဲ့နှင့် လာရောက်ပူးပေါင်းခဲ့သည့် အနယ်နယ်အရပ်ရပ်မှ CDM ရဲဝန်ထမ်း ၃၉ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ထိုအထဲတွင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာ နယ်မြေရဲစခန်းမှူး အသက် ၃၇ နှစ်အရွယ် ဒုရဲအုပ်ရွှေခြံ၊ အသက် ၃၀ အရွယ် ဒုတပ်ကြပ်သက်နိုင် တို့ ပါဝင်ကြောင်း၊ စစ်ကောင်စီတပ်က ကျောက်ရစ်ရွာသို့ ရောက်ရှိပြီး ဒေသခံ PDF နှင့် တိုက်ပွဲဖြစ်ပွားချိန် စက်တင်ဘာ ၈ ၌ လက်နက်မဲ့ ပူးပေါင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရဲဝန်ထမ်း ၂ ဦးက လက်နက်များယူဆောင်ပြီး အာဏာဖီဆန်ရန် ဆက်သွယ် စီစဉ်ထားသော်လည်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ရောက်ရှိလာ၍ လက်နက်မပါဘဲ အလျင်အမြန် ထွက်ခွာလာခြင်း ဖြစ်ကြောင်း 27 RF အဖွဲ့ထံမှ သိရသည်။
၎င်းတို့နှစ်ဦးကိုလည်း PDF အဖွဲ့က ထောက်ပံ့ငွေများ ပေး၍ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ သည်ဟု ထပ်မံသိရသည်။
စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် ချင်းပြည်နယ်တွင်လည်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များထံ စစ်တပ်မှ ၈ ဦး လက်နက်နှင့်တကွ လာရောက်ပူးပေါင်းခဲ့သည်ဟု ဒေသအခြေစိုက် CDF အဖွဲ့များထံမှ သိရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p