သတင်း

စစ်တပ်ရန်ကြောင့် အိုးအိမ်စွန့်ရသည့် ဂန့်ဂေါဒေသခံများ ဒုက္ခမျိုးစုံကြုံနေရ

နေအိမ်များ မီးရှို့ခံရသည့်အပြင် မကြာခဏ ဝင်ရောက်စီးနင်းနေသော စစ်ကောင်စီရန်ကြောင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါး၊ မြင်သား၊ ထယ်လှော်ကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော်မှာ အထွေထွေအကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည်။

ထိုဂန့်ဂေါဒေသခံ ၃၀၀၀ ကျော်တွင် အသက်ကြီးရင့်သူများအပါအဝင် ကိုယ်ဝန်ဆောင် ၃၀ နှင့် ကလေးသူငယ် ၆၀ ခန့်ပါဝင်ကာ ဖျားနာနေသူနှင့် နာတာရှည်ရောဂါသည်များလည်း ရှိသဖြင့် ဆေးဝါးနှင့် ဆေးကုသရန် အခက်အခဲများရှိနေကြောင်း ထယ်လှော်ရွာသားတစ်ဦးက ပြောသည်။

“ကိုယ်ဝန်ဆောင်တွေ ဆေးခန်းမပြနိုင်တာတို့၊ ကလေးတွေ တောထဲမှာ ဖျားနာတာတို့လဲရှိတယ်။ ဆေးခန်းမသွားနိုင်ဘူးဗျ” ဟု ၎င်းက ပြောသည်။

နေရာအတည်တကျမရှိဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရချိန် အမိုးအကာ၊ လူသုံးကုန်၊ ဆေးဝါး၊ အဝတ်အစား၊ ဆန်၊ ဆီ၊ ဆား စသဖြင့် အစစအရာရာ လိုအပ်ချက်များရှိသော်လည်း စစ်ကောင်စီရန်ကြောင့် မူလနေထိုင်ရာ ရွာများကို မပြန်ရဲကြကြောင်း ဂန့်ဂေါဒေသများက ဆိုသည်။ 

“အိမ်ကို မပြန်ရဲကြတော့ဘူးဗျ။ တောထဲမှာပဲ နေကြတယ်။ မီးရှို့ခံရတဲ့အိမ်တွေလဲရှိသလို မီးရှို့မခံရတဲ့ အိမ်တွေကလဲ မပြန်ရဲကြတော့ တောထဲမှာပဲ တိမ်းရှောင်နေရတယ်ဗျ” ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရသူတစ်ဦးက ဆိုသည်။

စစ်ရှောင်ပြည်သူများကို ကူညီထောက်ပံ့နေရသဖြင့် ၎င်းတို့ဘက်က စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ပွဲဝင်မှုများကို ခေတ္တရပ်တန့်ထားသလို ဒေသအတွင်း စစ်တပ်၏ လှုပ်ရှားမှုများမှာလည်း ငြိမ်သက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

စက်တင်ဘာ ၁၂ တွင် စစ်တပ်က နေအိမ် ၂၇ လုံးကို မီးရှို့ကာ ရွာသားတစ်ဦးနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ဝင်တစ်ဦး သတ်ဖြတ်ခံခဲ့ရသည့် ထယ်လှော်ရွာမှ နောက်ထပ်ရွာသားတစ်ဦးကလည်း လုံခြုံရေးအရ နေရပ်ပြန်ရန် မဖြစ်နိုင်သေးဟု ဆိုသည်။

“ကျွန်တော်တို့ရွာ မီးရှို့ခံရပြီးနောက်ပိုင်းမှာ ကျနော်တို့က တောထဲမှာပဲ နေကြတယ်ခင်ဗျ။ ရွာထဲမှာ မနေရဲကြလို့ တောထဲမှာပဲ ရှောင်နေရတယ်။ ရွာထဲမှာလဲ ရွာသားတွေကို ပစ်သတ်ထားခဲ့တာဆိုတော့လေ တချို့က မနေရဲကြဘူး” ဟု ၎င်းက ပြောသည်။

အိမ်ခြေ ၃၀၀ နီးပါးနှင့် လူဦးရေ ၁၀၀၀ ဝန်းကျင်ရှိသည့် ထယ်လှော်ရွာတွင် ရွာလုံးကျွတ်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး စားဝတ်နေရေးအပြင် ဆေးဝါးရှားပါးကာ ကျန်းမာရေးဝန်ထမ်းတစ်ဦးသာရှိသဖြင့် ဆေးကုသရေးခက်ခဲနေသည်ဟု အဆိုပါ ဒေသခံကပင် ဆက်ပြောသည်။

“ခက်ခဲတာတော့ အများကြီးပေါ့ဗျာ။ အဓိကကတော့ စားနပ်ရိက္ခာပေါ့။ တချို့ဆိုရင် လက်လုပ်လက်စားသမားတွေဆိုတော့ သူတို့တွေက တော်တော်လေးကို စားရေးသောက်ရေး အဆင်မပြေဘူးပေါ့။ ထမင်းကတော့ စားရတယ်ဗျ။ အိုးတွေဘာတွေတော့ရှိတယ်။ အဓိကက ဆန်တွေဘာတွေပေါ့ဗျာ။ ဆန်တို့ ဆီတို့ အဲဒါမျိုးလိုတာဗျ။ ဟင်းကတော့ မရှိဘူးဗျ။ ဟင်းကတော့ တောထဲတောင်ထဲမှာဆိုတော့ မှိုတွေဘာတွေ ပေါတော့ မှိုဟင်းတွေတော့ စားရတယ်”ဟု ၎င်းက ပြောသည်။

စစ်ရှောင်များအတွက် ပြည်တွင်း၊ ပြည်ပ ကူညီမှုအချို့ရှိသော်လည်း လုံလောက်သည့် အခြေအနေမရှိသေးဟု မကွေးတိုင်းအတွင်းမှ ၂၀၂၀ ရွေးကောက်ပွဲ၌ ရွေးချယ်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဝင် အမတ်တစ်ဦးကလည်း ပြောသည်။

“အတတ်နိုင်ဆုံးဝိုင်းပြီးတော့ လှူကြပါတယ်။ ဒါပေမယ့် ဒါကြီးက လိုအပ်ချက်အကြီးကြီးလိုဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

အကူအညီလိုအပ်နေသည့် ကျေးရွာများအနက် ကလေး-ဂန့်ဂေါလမ်းဘေးရှိ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိ နှမ်းခါးကျေးရွာမှာ စစ်ကောင်စီ၏ ဖိနှိပ်မှုကို အပြင်းထန်ဆုံးခံခဲ့ရသည်။

ဇွန်၊ ဩဂုတ်လ၊ စက်တင်ဘာ ၁၀ နှင့် ယနေ့ (စက်တင်ဘာ ၂၂) တို့တွင် စစ်ကောင်စီက လေးကြိမ်ဝင်စီးခဲ့ပြီး သက်ကြီးရွယ်အိုတစ်ဦး သေဆုံးခဲ့ရကာ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် စုစုပေါင်း ၅၀ ကျော်ရှိသည်။

ထို့အတူ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စာရင်းတွင်ပါသည့် မြင်သားရွာကို စက်တင်ဘာ ၉ ရက်တွင် စစ်တပ်က ဝင်စီးစဉ် ဒေသခံ ၁၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး အများစုမှာ အသက် ၁၈ ဝန်းကျင်လူငယ်များဖြစ်သည်။ စစ်တပ်က နေအိမ် ၂၀ ကျော်ကိုလည်း မီးရှို့ခဲ့သည်။

စစ်ကောင်စီသည် ရရာလက်နက်ဖြင့် ဆန့်ကျင်နေသည့် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ခုထက်မနည်းကို မေလကုန်မှစ၍ ဝင်ရောက်စီးနင်းပြီး အပြင်းအထန်နှိပ်ကွပ်နေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button