မေးမြန်းခန်း

“ကျွန်မတို့ရွာလို လုံးဝဒုက္ခမရောက်စေချင်ပါဘူး”

မကွေးတိုင်းအနောက်မြောက်ဘက်အစွန်ဆုံးရှိ ယောဒေသ၊ ဂန့်ဂေါမြို့နယ်အတွင်း မြင်သား၊ သာလင်းနှင့် နှမ်းခါး ဆိုသည့် ရွာများကို အာဏာသိမ်းစစ်ကောင်စီတပ်က စက်တင်ဘာ ၉ နှင့် ၁၀ ရက်တို့တွင် ဝင်ရောက်စီးနင်းပြီး ဒေသခံများကို သတ်ဖြတ်သည့်အပြင် နေအိမ်များလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ဂန့်ဂေါမြို့နယ် မြင်သားရွာတွင် ဒေသခံ ၁၇ သတ်ဖြတ်ခံခဲ့ရပြီး အများစုမှာ အသက် ၁၈ နှစ်ဝန်းကျင် လူငယ်များဖြစ်သည်။ ထို့ပြင် နေအိမ်အလုံး ၂၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မြင်သားကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ လုံခြုံရေးကြောင့် ၎င်း၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များကိုမူ ဖော်ပြနိုင်ခြင်း မရှိပါ။

မေး – မြင်သားရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတဲ့ အခြေအနေကို ပြောပြပေးပါလား။

​ဖြေ – ၉ ရက်နေ့ (စက်တင်ဘာ၉) မနက် ၁၀ နာရီခွဲလောက်ပေါ့။ အဲဒီ စစ်ကောင်စီတပ်တွေက ကျွန်မတို့ မြင်သားက မြစ်သာမြစ် အရှေ့ဘက်ကမ်းတံတားမှာ ရှိတာဆိုတော့ အဲဒီတံတားထိပ်က နေပြီးတော့မှ လာတာ။ ဒီဘက်မှာရှိတဲ့ ကလေးတွေကတော့ ဘာမှ အဖွဲ့အစည်းတွေလည်း မဟုတ်ဘူး။ အရင်ကတည်းက ရပ်ရွာလုံခြုံရေးအတွက် ဖွဲ့စည်းထားတဲ့ ကလေးလေးတွေပါ။ ဟိုဘက်က လက်နက်ကြီးတွေနဲ့ ထုတာရော၊ ပစ်တာရောဆိုတော့ သူတို့က ရပ်ရွာအတွက် ခုခံကာကွယ်တဲ့အနေနဲ့ သူတို့မှာ ရှိတဲ့ တူမီးတွေနဲ့ ပစ်ကြရင်းနဲ့ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်ပွားတာပါ။ ဒီဘက်ကတော့ တူမီး လက်နက်လေးတွေပါ။ တောတူမီးလေးတွေပေါ့။ ရပ်ရွာလုံခြုံရေးအတွက် အသုံးပြုတဲ့ တူမီးလက်နက်ကလေးတွေပါ။

​မေး – စစ်ကောင်စီတပ်တွေ ရွာကို လာမယ်ဆိုတာရော ကြိုသိခဲ့လား။

​ဖြေ – ကြိုလည်း မသိရဘူး။ ကျွန်မတို့ အနောက်ဘက်ကမ်းမှာဆိုရင် သာလင်းဆိုတာရှိတယ်။ အဲဒီသာလင်းဘက်မှာ မီးခိုးလုံးတွေ တွေ့တယ်။ တိတိကျကျ သတင်းမရဘူး။ အဲဒီ မီးခိုးလုံးတွေ မြင်ပြီးတော့ စစ်ကောင်စီတပ်တွေ ဝင်တယ်လို့ ယူဆပြီး ရွာသားတွေကလည်း ပြေးတယ်။ ပြီးတော့ အဲဒီကလေးတွေက တံတားမှာ လုံခြုံရေးသွားပြီး စောင့်တာ။ တံတားမှာ အမြဲတမ်းစောင့်တာ။ ကိုဗစ်ကာလကတည်းက ကလေးတွေက၊ ကျောင်းသားလေးတွေက ဒီတံတားထိပ်မှာ အမြဲတမ်းလုံခြုံရေးစောင့်တဲ့ ကလေးတွေ။

​မေး – ပစ်ခတ်မှုက ဘယ်လောက်ကြာခဲ့ပါသလဲ။ ရွာသူရွာသာတွေကရော ပစ်ခတ်မှုတွေဖြစ်တော့ ဘာတွေလုပ်ကြလဲ။

​ဖြေ – ၄၅ မိနစ်ဝန်းကျင်လောက်ရှိတယ်။ ကျွန်မတို့ကတော့ ဒီလို ပစ်ခတ်မှုတွေဖြစ်ပြီဆိုကတည်းက ဝေးတဲ့နေရာ ရှောင်ပြေးကြတယ်။ ရွာဦးဘုန်းကြီးကျောင်းတို့ ပြီးရင် တောဘက်တွေကိုပေါ့။ ကျွန်မတို့ ထင်မှတ်မထားတဲ့ အတွေ့အကြုံဆိုတော့ ပြေးမိပြေးရာ ပြေးကြတာ။ တကွဲတပြားစီ ပြေးရတာပေါ့။

 မေး – ရွာက လူငယ်တွေ ကျဆုံးတဲ့အခြေအနေ ပြောပြပေးပါလား။

​ဖြေ – ၉ ရက်နေ့က တိုက်ပွဲဖြစ်တော့ ၁၀ ရက်နေ့ကျမှ ဘယ်သူတွေကျဆုံးတယ်ဆိုတာ အတိအကျ သိရတာ။ တိုက်ပွဲဖြစ်တဲ့နေရာမှာပဲ ကလေးတွေက ၁၀ ဦးရှိတယ်။ ၁၀ ဦး တစ်နေရာတည်းမှာ သေဆုံးတာတွေ့ရတယ်။ ရွာဘက်မှာကျတော့ နှစ်ဦး အဲဒါက လူကြီးတွေပေါ့။ ပြီးတော့ ရပ်ရွာထဲမှာကျတော့ ပြည်သူငါးဦး စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ပါတယ်။

 မေး – ရွာထဲမှာ သက်ကြီးရွယ်အိုအချို့က ဘယ်လိုအသတ်ခံရတာပါလဲ။

​ဖြေ – အဲဒီမှာတော့ အသက် ၈၃ နှစ်အရွယ် အဘိုးကြီးကိုတော့ ကြိုးတွေတုပ်ထားတာ နားထင်ကို ကျည်ဖောက်ပြီးတော့ မှန်တာ။ ကြိုးတွေကတော့ သူ့ခန္ဓာကိုယ်မှာ တုပ်ထားတာတွေ့ရတယ်။ ကြိုးတုပ်ပြီး ပစ်တယ်လို့ ခန့်မှန်းရတာပေါ့၊ အဲဒါ ကျွန်မတို့ ယူဆချက်ပေါ့။

​မေး – သေဆုံးသွားတဲ့ လူငယ်တွေရဲ့ အသက်အရွယ်နဲ့ သူတို့ရဲ့ ပညာသင်ကြားမှု အခြေအနေတွေ ပြောပြပေးပါလား။

​ဖြေ – အငယ်ဆုံးကျောင်းသားက ၁၆ နှစ်လောက်ပဲရှိမယ်။ သူကတော့ ရှစ်တန်းဖြေပြီးတော့ကျ ဒီ ကိုဗစ်ကာလရယ် နှစ်နှစ် ကျောင်းမတက်လိုက်ရဘူးဆိုတော့ သူက အခုရောက်လို့ရှိရင် ၁၀ တန်း စတက်ရမဲ့ကလေးရှင့်။ ရှစ်တန်းကျောင်းသားလေးပေါ့။ ကျဆုံးတာ ၁၈ နှစ်အောက်ကလေးတွေပဲ ဆယ်တန်းကလေးတွေ၊ ရှစ်တန်းကလေးတွေ။

​မေး – အခုရွာသားတွေ ထွက်ပြေး​နေကြတော့ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲ။

​ဖြေ – ကျွန်မတို့ တောထဲကိုသွားပြီးတော့ တောတွေမှာ မိုးကာတဲတွေထိုးပြီးနေတာတို့ နီးစပ်ရာ တဲလေးတွေရှိရင် တဲလေးတွေမှာ စုပြီး မိသားစု လေးငါးစုနေတာတို့ အဲဒီလိုနေတယ်။ ပြီးတော့ ရွာဦးကျောင်းဆရာတော်က ဒီရွာထဲမှာ ရှိတဲ့သက်ကြီးရွယ်အိုနဲ့ ကလေးမိခင်တွေနဲ့ အဘိုးကြီးအဘွားကြီးတွေကို ရွာဦးကျောင်းမှာ အားလုံးလက်ခံထားပြီး စောင့်ရှောက်ပေးထားတယ်။ တချို့ကတော့ တောထဲမှာပဲ နေတဲ့ မိသားစုတွေရှိတယ်။

​မေး – ရွာဦးကျောင်းကို​ရော စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပါသလား။

ဖြေ – သေနတ်ဖောက်ပြီး နှစ်ကြိမ်တော့ ဝင်ရောက်တယ်။ ပထမတစ်ကြိမ်ဝင်တဲ့အခါ သူတို့ကနေ အကုန်လုံး အပြင်ထွက်ခိုင်းလို့ ထွက်ပြီးတော့နေရတယ်။ မထွက်ရင် အားလုံးပစ်သတ်မှာလို့ ပြောတာ။ ပြီးရင် ဆရာတော်အနေနဲ့ကလည်း ရှေ့ကနေ ထွက်ပြီး မေတ္တာရပ်ခံတာဆိုတော့ ထိခိုက်မှုရှိအောင်တော့ တစ်ခုမှ လုပ်မထားခဲ့ဘူး။ ဒါပေမဲ့ ဖုန်းတွေဘာတွေ သိမ်းပြီး တစ်ခါတည်း ရိုက်ခွဲပစ်လိုက်တာ။ ဖုန်းတွေ အားလုံးသိမ်းပြီး ရွာဦးကျောင်းရဲ့ အုတ်ခုံနဲ့ ရိုက်ခွဲလိုက်တာ။ အစတုန်းကတော့ ခင်ဗျားတို့ ဖုန်းတွေ ဘာမှ မယူဘူး ပြန်ပေးမယ်ပေါ့။ ပြန်ပေးမယ်ဆိုတော့ ကျွန်မတို့ အားလုံးအပ်ကြတယ်။ ဒီဖုန်းတွေ မအပ်ဘူးဆိုရင် ရှာလို့တွေ့ရင် ခင်ဗျားတို့ မသက်သာဘူးဆိုတော့ ဘယ်သူမှလည်း မထားရဲကြဘူး။ အဲဒီ ဖုန်းတွေကို သူတို့လက်ထဲ အကုန်အပ်လိုက်တော့ ဖုန်းတွေ ရိုက်ခွဲပစ်တာ။ တစ်ချက်နဲ့ မကွဲဘူးဆိုရင် နှစ်ချက်ရိုက်ခွဲတယ်။ အားလုံးအခွဲခံရတယ်။

မေး – နေအိမ်တွေ မီးရှို့သွားတယ်လို့ သိရပါတယ်။ မီးရှို့ခံရတဲ့ အခြေအနေကို ပြောပြပေးပါလား။

​ဖြေ – သူတို့က ဘယ်လိုတွေရှို့သွားတာလဲတော့ မသိဘူး။ ရွာထဲမှာရှိတဲ့ နေရာအနှံ့ တောင်ပိုင်းတို့ ရွာအလယ်ပိုင်းတွေမှာ သူတို့ ရှို့သွားတဲ့အိမ်တွေရှိတယ်။ သူတို့ ရှို့သွားတဲ့အိမ်တွေကို သူတို့ ဆုတ်ခွာပြီးမှပဲ သွားကြည့်လို့ရတာဆိုတော့ မီးခိုးလုံးတွေကိုပဲ ကြည့်နေရတာ။ ဘယ်သူမှ အနားမကပ်ရဲဘူး။ မီးလောင်တဲ့ အိမ်တွေက အိမ်ပေါင်း ၂၀ လောက်ရှိတယ်။

​မေး – ပစ္စည်းတွေ ယူသွားတာတွေကိုရော ရှိပါသလား။

​ဖြေ – ရှိပါတယ်။ အဲဒီလို အိမ်တွေမှာ အကုန်လုံး ရစရာမရှိအောင် ဖွပြီးမှ ရှာဖွေတာရှိတယ်။ အဲဒီရှာဖွေပြီးတော့ လွယ်လွယ်ကူကူထားခဲ့တဲ့ငွေတွေ ပြီးတော့ လျှပ်စစ်ပစ္စည်းနဲ့ ပတ်သက်တဲ့ဟာတွေ ပြီးတော့ ဖုန်းတို့ TV တို့တွေလည်း သယ်ဆောင်သွားတာ တွေ့ရတယ်။ ကျွန်မတို့ ရွာမှာ ဆိုင်ကယ်နှစ်စီး ပါသွားတယ်။ အဲဒါ သိရသလောက်ပေါ့ ကျန်တဲ့ ဆိုင်ကယ်တွေ ပါရင်ပါအုံးမှာ။ ကားကတော့ တစ်စီးပါသွားတယ်။

​မေး – စစ်​ကောင်စီတပ်ရဲ့ လုပ်ရပ်အပေါ် ဘယ်လိုမြင်မိပါသလဲ။

​ဖြေ – ဘယ်လိုမြင်သလဲဆိုရင် ကျွန်မတို့ကို လူသားချင်းမစာနာဘူး။ ကျွန်မတို့ကို လူသားချင်းမစာနာဘဲ ရက်ရက်စက်စက် လုပ်တာလို့ပဲ မြင်တယ်။ သူတို့ ယူချင်တာယူသွားပါ။ ဒါပေမဲ့ နေအိမ်တစ်လုံးကို ဆောက်ဖို့ဆိုတာ ကျွန်မတို့ ဒီလို ခက်ခဲနေတဲ့အချိန် တောသူတောင်သား ရိုးရိုးသားသားလုပ်စားနေရတဲ့ တောသူတောင်သားတွေဘဝမှာ နေအိမ်တစ်လုံးဖြစ်ဖို့ အရမ်းခက်ခဲပါတယ်။ အဲဒါကို ဒီလိုပြာကျလောက်အောင်ထိ လူမဆန်စွာမီးရှို့သွားတာကတော့ ကျွန်မတို့ရင်ထဲမှာ မချိအောင်ခံစားရပါတယ်။ ပြီးတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ ကျောင်းသားတွေကျဆုံးခဲ့တာ ကျွန်မတို့ရင်ထဲ မချိအောင် တစ်ရွာလုံးခံစားကြရတယ်။

​မေး – သေဆုံးသွားတဲ့ လူငယ်တွေရဲ့ နာရေးကို ဘယ်လိုလုပ်ခဲ့ကြလဲ။

​ဖြေ – အလောင်းက ကျွန်မတို့ ချက်ချင်း မကောက်ရဲသေးဘူး။ သူတို့ စစ်ကောင်စီတပ်တွေက ၉ ရက်နေ့ညမှာ ရွာထိပ်က အိမ်တွေမှာ သူတို့က တပ်စွဲပြီးတော့ နေတာ။ အဲဒါပြီးတော့ သူတို့က စိတ်ကြိုက်မွှေတယ်၊ စိတ်ကြိုက်နေတယ်။ အဲဒီလိုနေပြီးတော့ သူတို့ ဆုတ်ပြီဆိုပြီး ၁၀ ရက်နေ့ကျတော့ ဆုတ်မယ်ဆိုတာတောင်၊ သွားမယ်ဆိုတာတောင် ၆ နာရီမှာ စပြီး အိမ်တွေကို မီးရှို့ထားခဲ့တာ။ ကလေးတွေအလောင်းကို သွားမကောက်ရဲသေးဘူး။ သူတို့ရဲ့ အခြေအနေကို ချက်ချင်းမသိဘူး။ မိုင်းတွေဘာတွေလည်း ထောင်ထားခဲ့တယ်ပေါ့နော်။ ကျွန်မတို့ အကြားပေါ့နော်။ ကျွန်မတို့ သွားမကိုင်ရဲသေးဘူး။ အဲဒါ ၁၀ ရက်နေ့ ညနေ ၃နာရီ ဝန်းကျင်လောက်မှာပဲ အားလုံးကို စုပေါင်းပြီးတော့ တံတားထိပ်မှာ သင်္ဂြိုဟ်လိုက်ရတယ်။

​မေး – ပြည်သူတွေကို ဘယ်လို သတင်းစကားပေးလိုပါသလဲ။

ဒီလိုအခြေအနေမျိုးကြုံရတာ ကျွန်မရဲ့ ခံယူချက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီ စစ်အာဏာရှင်စနစ်ဆိုးကြီးကြောင့်လို့ မြင်ပါတယ်။ အဲဒီ စစ်အာဏာရှင်လက်အောက်ကနေ အမြန်ဆုံးလွတ်မြောက်ပြီးတော့မှ အမြန်ဆုံးငြိမ်းချမ်းတဲ့ မြန်မာပြည်ဖြစ်အောင်ပဲ ဆုတောင်းပါတယ်။ ပြည်သူတွေကိုလည်း ကျွန်မတို့ရွာလို လုံးဝ ဒုက္ခမရောက်စေချင်ပါဘူး။ အဲဒီလို ဒုက္ခရောက်တယ်ဆိုရင် ကိုယ့်ရွာမှ မဟုတ်ဘူး သူများရွာတွေ မြန်မာနိုင်ငံမှာရှိတဲ့ ဘယ်နေရာပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ ပြည်သူတွေရဲ့ ရွာတွေဟာ ကျွန်မတို့ရွာတွေပါပဲ။ အဲဒါကြောင့် ဘယ်သူ့မှ ဒုက္ခမရောက်ဘဲနဲ့ ကျွန်မတို့ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းမှုကို ရချင်ပါတယ်လို့ ပြောချင်ပါတယ်။

Show More

Related Articles

Back to top button