
(ရန်ကုန်) – ရွှေတိဂုံစေတီတော်ကြီးအတွက် ရွှေဆိုင်းတင်ဒါခေါ်ယူမှုတွင် စက်ရွှေဆိုင်းနှစ်ခု ဝင်ရောက်ယှဉ်ပြိုင်ရာ ဝင်းရွှေစင်ထိပ်တန်း ကုမ္ပဏီက တင်ဒါပမာဏ အများစု ရရှိသွားကြောင်း ဂေါပကရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ဇူလိုင် ၁၂ ရက်တွင် ပြောသည်။
ဝင်းရွှေစင်ထိပ်တန်းက ရာဆိုင်း ၂၂,၅ဝဝ ရပြီး ရာသက်ပန် ကုမ္ပဏီက ရာဆိုင်း ၂,၅ဝဝ ကို ရရှိခြင်း ဖြစ်သည်။ ရာဆိုင်း တစ်ဆိုင်းလျှင် နှစ်လက်မပတ်လည် ရွှေဆိုင်းပြား အခုတစ်ရာ ပါဝင်သည်။
တစ်နှစ်တစ်ခါ တင်ဒါခေါ်ယူပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီသည် စာချုပ်ချုပ်ပြီး သုံးလအတွင်း အောင်မြင်ထားသည့် ရွှေဆိုင်းအရေအတွက်ကို ပေးသွင်းရမည်ဖြစ်သည်။
မသွင်းနိုင်ပါက စာချုပ်ပျက်ပြယ်မည်ဖြစ်ပြီး အာမခံတင်ထားသည့် ကျပ်သိန်း ၅ဝ ကို ဘုရားဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည် ဖြစ်သည်။
ရွှေဆိုင်းများတွင် ရွှေစင်ရွှေသားပါဝင်မှု ၉၇ ဒသမ ၅ ရာခိုင်နှုန်း ရှိရမည်၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ခံရမည်ဖြစ်သည်။ မပြည့်မီပါက ဒဏ်ကြေးအဆင့်ဆင့်ပေးသွင်းရမည့်အပြင် ရွှေဆိုင်းများကို ပြန်လည်ပြုလုပ်ရမည်၊ တတိယအကြိမ်ထိ မပြည့်မီပါက စာချုပ်ပျက်ပြယ်မည်ဖြစ်သည်။
၂ဝ၁၆၊ ဒီဇင်ဘာလက ရွှေတိဂုံစေတီတော်ကြီးတွင် ကပ်လှူပူဇော်ထားသော ရွှေပြားများမှာ အရည်အသွေး မပြည့်မီကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာ ကန်ထရိုက်လုပ်ငန်းရှင်များကို အရေးယူသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
လက်မှု လုပ်ငန်းများ ဆန္ဒပြ
မန္တလေး မျက်ပါးရပ်တွင် အလုပ်သမားအင်အားအများအပြားဖြင့် ရိုးရာအစဉ်အလာအတိုင်း ထုတ်လုပ်သော လက်မှုရွှေဆိုင်းက စက်ဖြင့် ထုတ်လုပ်သော ရွှေဆိုင်းထက် ဈေးအနည်းငယ် ပိုများသည်။
ရွှေတိဂုံ၏ ရွှေဆိုင်းတင်ဒါပေးမှုကြေညာမည့်ရက် နီးလာချိန်တွင် လက်မှုရွှေဆိုင်းကို တွဲဖက် အသုံးပြုရေး တောင်းဆိုသည့် လုပ်ငန်းရှင်တို့၏ ဆန္ဒပြပွဲတစ်ခု မန္တလေးတွင် ပေါ်ပေါက်လာသည်။
တင်ဒါခေါ်ယူမှုတွင် အချက် ၉ ချက်ပါဝင်ပြီး လက်မှုရွှေဆိုင်းများကိုပါ သတ်မှတ်ချက်တစ်ခုဖြင့် ပါဝင်နိုင်ရန် စီစဉ်ပေးစေလိုကြောင်း မန္တလေးမြို့၊ မျက်ပါးရပ်ရှိ မြန်မာ့ရိုးရာ လက်မှုရွှေဆိုင်း လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင် ၁၅ဝ ကျော်က ဇူလိုင် ၁ဝ ရက်တွင် တောင်းဆို ဆန္ဒပြခဲ့ကြသည်။
မြန်မာ့ရိုးရာ လက်မှု ရွှေဆိုင်း လုပ်ငန်းများ တိမ်ကောသွားနိုင်သောကြောင့် ၎င်းတို့၏ လုပ်ငန်းကို အားပေးရန် ဆန္ဒပြသူတို့က တောင်းဆိုခဲ့ကြသည်။
အနယ်နယ်အရပ်ရပ်ရှိ အထင်ကရ စေတီများတွင် ရွှေတိဂုံနည်းတူ စက်ရွှေဆိုင်း သုံးလာကြမည်ကိုလည်း လုပ်ငန်းရှင်တို့က စိုးရိမ်ကြသည်။
ရွှေတိဂုံတွင် နေ့စဉ် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် ထောင်သောင်းချီရှိရာ အများအပြားက ရွှေဆိုင်း ဝယ်ယူကာ အရံစေတီများ၊ ဆင်းတုတော်များတွင် ကပ်လှူ ပူဇော်လေ့ရှိသည်။