သတင်း

စစ်ကောင်စီ၏ ထောက်/ပို့ရထားကို ကျောက်ဆည် PDF တိုက်ခိုက် 

စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် ရိက္ခာထောက်ပံ့ပို့ဆောင်ရေးရထားကို ယမန်နေ့ (စက်တင်ဘာ ၁၉) မနက်တွင် ဗုံးထောင်တိုက်ခိုက်ခဲ့ရာ စက်ခေါင်းတွဲနှင့် ကုန်တွဲတစ်တွဲ ပျက်စီးသွားခဲ့ကြောင်း ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ထံမှ သိရသည်။

မန္တလေးမြို့မှ နေပြည်တော်နှင့် ရန်ကုန်ဘက်သို့ ခုတ်မောင်းသည့် ကုန်တွဲ ၈ တွဲ ရထားတွင် ခရီးသည်ပါဝင်ခြင်း မရှိကြောင်း KPDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ လေ့လာကြည့်တော့ အဲ့ဒီရထားက စစ်ကောင်စီရဲ့ ရိက္ခာပို့ရထားဖြစ်တာ တွေ့ရတယ်။ အဲ့ဒါကြောင့်ပဲ တိုက်ခိုက်တာဖြစ်ပါတယ်။ သူတို့ဘက်ကတော့ စာပို့ရထားလို့ပဲ ပြောမယ်။ တကယ်တော့ လက်နက်နဲ့ ရိက္ခာပို့နေတာ။ ရထားပေါ်မှာ အရပ်ဝတ်စစ်သားတွေ အစောင့်လိုက်တာ တွေ့ရတယ်။ ခရီးသည်မပါဘူး။ ကျွန်တော်တို့ သေချာစောင့်ကြည့်လေ့လာပြီးတော့ တိုက်ခိုက်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

“ခေါင်းတွဲနဲ့ ကပ်လျက်က တစ်တွဲပျက်သွားတယ်။ လူအထိအခိုက်တော့ ကျွန်တော်တို့ သေချာမသိရဘူး ”  

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအပါအဝင် ဒေသများကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်နက်ခဲယမ်းနှင့် ရိက္ခာများပို့ဆောင်ရာတွင် မီးရထားအသုံးပြုလာသည်ကို တွေ့ရပြီး အဆိုပါပို့ဆောင်ရေးလမ်းကြောင်းကို သတိထားကြရန် KPDF က ထုတ်ပြန်နှိုးဆော်ထားသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် မန္တလေးမှ ကျောက်ဆည်ဘက်သို့ စစ်တပ်မော်တော်ယာဉ်ငယ် ၁၀ စီးခန့် ဆင်းလာကြောင်း ဒေသခံတချို့ထံမှ သိရသည်။ 

ဖေဖော်ဝါရီ ၁ တွင် စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာ့မီးရထားလုပ်ငန်းမှ ဝန်ထမ်းအားလုံးနီးပါးက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့်အတွက် မီးရထားပြေးဆွဲမှု လုံးဝရပ်ဆိုင်းသွားခဲ့သည်။

နောက်ပိုင်း၌ စစ်ကောင်စီက မီးရထားဝန်ထမ်းတချို့ကို ဖမ်းဆီးအကျပ်ကိုင်ကာ လုပ်ငန်းခွင် အတင်းအဓမ္မဝင်စေပြီး မီးရထားပြေးဆွဲခိုင်းခဲ့သည်။

နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် သိမ်းယူခဲ့သည့် စစ်တပ်ကို လက်နက်ကိုင်တော်လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များသည် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ပေးနေသည့် ယန္တရားအစိတ်အပိုင်းများအားလုံးကို ပုံစံမျိုးစုံဖြင့် တိုက်ခိုက်လျက်ရှိသည်။

ယင်းသို့တိုက်ခိုက်နေသည့်အတွက် ၎င်းတို့ရှိသည့် နေရာများတွင် ပြည်သူများမသွားမလာကြရန် ဒေသခံ PDF များက တိုက်တွန်းထားသည်။

အဆိုပါရထားတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ယနေ့ (စက်တင်ဘာ ၂၀) ညနေအထိ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်မှု မရှိသော်လည်း PDF များကို လက်နက်ကိုင်အကြမ်းဖက်သူများဟု စစ်ကောင်စီက တုံ့ပြန်လေ့ရှိသည်။ 

စက်တင်ဘာ ၁၈ ကလည်း စစ်​တပ်ဝင်ငွေရလမ်း ပြတ်တောက်စေရန် ရည်ရွယ်၍ ကျောက်ဆည်မြို့နယ်အတွင်းရှိ Mytel တာဝါတိုင် ၂ ခု ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း အခြား PDF တစ်ဖွဲ့ဖြစ်သော ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (Kyaukse District Defense -K.D.D.F) က ထုတ်ပြန်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button