သတင်း

တောင်ငူတွင် ကျောင်းသား ၄ ဦးကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျောက်တိုင်ရွာအနီး ပသီဆည်တွင် ယမန်နေ့ (စက်တင်ဘာ ၁၉) ညနေ ၄ နာရီခန့်က ဆန္ဒပြရန် ပြင်ဆင်နေသော ကျောင်းသား ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးလိုက်သည်။ 

စစ်အာဏာရှင်စနစ်ပြုတ်ကျရေးစာတန်းများနှင့် ကျောင်းသားသမဂ္ဂအလံ သွားရောက်ချိတ်ဆွဲစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တောင်ငူတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“ဓာတ်ပုံကမ်ပိန်း သွားလုပ်တာ အဖမ်းခံလိုက်ရတာ။ လုပ်နေတုန်း ဒလန်က တိုင်လို့ လာဖမ်းသွားတာ။ စစ်အာဏာရှင်ပြုတ်ကျရေးစာတန်းနဲ့အတူ ဗကသအလံနဲ့ ဓာတ်ပုံသွားရိုက်တာ” ဟု သူက ဆိုသည်။ 

အဖမ်းခံရသူများထဲတွင် တောင်ငူတက္ကသိုလ် ရုက္ခဗေဒ(ဒုတိယနှစ်) ကျောင်းသား ကိုအောင်ဇင်မင်း ပါဝင်သည်ဟုသာ သိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။ 

ကျောင်းသား ၄ ဦးကို တောင်ငူ အမှတ် (၃) ရဲစခန်း၌ ထိန်းသိမ်းထားပြီး မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ Myanmar Now အနေဖြင့် တောင်ငူအမှတ် (၃) ရဲစခန်းကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တုံ့ပြန်ချက် မရရှိသေးပေ။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံနေရသူများစာရင်း ကောက်ယူနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စက်တင်ဘာ ၁၈ အထိ အချက်အလက်များအရ ၆၆၁၃ ဦးထက်မနည်း ဆက်လက်ထိန်းသိမ်းခံထားရသည်။

စစ်ကောင်စီကို ဆန့်ကျင်အန်တုပြီး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့် ကျောင်းသားသမဂ္ဂများ၊ အဖွဲ့ဝင်များနှင့် ကျောင်းသားများသည် ပစ်မှတ်ထားဖမ်းဆီးခံရသူများထဲတွင် ပါဝင်နေသည်။ 

လွန်ခဲ့သည့် သုံးလခန့်ကတည်းက ဖမ်းဆီးထားပြီး အင်းစိန်ထောင်၌ ချုပ်နှောင်ထားသည့် ဒဂုံတက္ကသိုလ်ကျောင်းသားသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းသုခကျော်ကို စက်တင်ဘာ ၆ တွင် စစ်ခုံရုံးဖြင့် ထောင် ၁၀ နှစ် ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ နှင့် ၂၂ တို့တွင် လက်ပံတန်းအစိုးရစက်မှုလက်မှုသိပ္ပံ (GTI)  ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုထက်အဝေယံ အပါအဝင် ၉ ဦး၊ ဇူလိုင်၂၄ ည၌ ပြည်တက္ကသိုလ်ကျောင်းသားများသဂ္ဂ အမှုဆောင် ကိုရန်နိုင်အောင်နှင့် တက်ကြွလှုပ်ရှားသူ ကိုရွှေဖြိုး၊ ဇူလိုင် ၂၈ တွင် ​​တောင်ငူတက္ကသိုလ်ကျောင်းသား အသက် ၂၀ အရွယ် ကိုဇင်ကိုကိုခန့် တို့ ဖမ်းဆီးခံခဲ့ရသည်။ 

စက်တင်ဘာ ၁၄ ရက်နေ့တွင် ရန်ကုန်၊ ကျောက်တံတားမြို့နယ်တွင် ဒဂုံတက္ကသိုလ်ကျောင်းသား/ ကျောင်းသူ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဧည့်စာရင်းစစ်ကာ ဝင်ရောက်ဖမ်းဆီးခဲ့သည်။

စစ်ဆန့်ကျင်ရေးဆန္ဒပြခဲ့၍ ၂၀၂၀ ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂမှ ကျောင်းသား ၄ ဦးကိုလည်း စက်တင်ဘာ ၁၆ တွင် ပုဒ်မ ၂ နှစ်ခုဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ၂ လ ချမှတ်ခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button