နေပြည်တော်၊ လယ်ဝေးမြို့နှင့် ၁၆ မိုင်ခန့်အကွာရှိ ဥသျှစ်လှိုင်းရွာတွင် စက်တင်ဘာ ၁၇ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီ ဝန်းရံသူ သားအဖနှစ်ဦး အဖမ်းခံခဲ့ရကြောင်း ရွာခံသုံးဦးက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း NLD ပါတီထောက်ခံသူ၊ ဝန်းရံခဲ့သူများ၏ စာရင်းကို ကိုင်ကာ စစ်သား ၂၀ ခန့် ရောက်လာပြီး အသက် ၅၀ အရွယ် ဦးသိန်းလွင်နှင့် သားဖြစ်သူ ၁၈ နှစ်အရွယ် ကိုအေးချမ်းနိုင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သုံးရက်ကြာသည်အထိ သတင်းအစအန မရသေးကြောင်း ဥသျှင်လှိုင်းရွာခံများက ဆိုသည်။
“ဖမ်းတာလားလို့မေးတော့ ဖမ်းတာမဟုတ်ဘူးတဲ့။ ဒါဆို ဒီမှာမေးလေလို့ပြောတော့ ဘာမှ ဖြေရှင်းချက် မပေးခဲ့ဘူး”ဟု ဦးသိန်းလွင် သားအဖအဖမ်းခံရခြင်းနှင့် ပတ်သက်၍ ဥသျှင်လှိုင်းရွာခံ အမျိုးသမီးတစ်ဦးက ယနေ့ (စက်တင်ဘာ ၁၉) တွင် Myanmar Now ကို ပြောသည်။
ဦးသိန်းလွင်၏ နေအိမ်သို့ ပထမဦးစွာ စစ်သားသုံးဦးရောက်လာပြီး အလုပ်အကိုင်မေးမြန်း၍ ပြန်သွားခဲ့သည်ဟု ဆိုသည်။ ထို့နောက် မကြာမီ စစ်သား ၂၀ ခန့် ထပ်ရောက်လာကာ နေအိမ်အတွင်း မွှေနှောက်ရှာဖွေကာ လက်ကိုင်ဖုန်းတစ်လုံးကို သိမ်းဆည်း၍ သားအဖနှစ်ဦးကို သေနတ်ဖြင့်ချိန်ကာ ခေါ်ဆောင်သွားသည်ဟု သိရသည်။
“လက်သမားလုပ်တယ်၊ ပန်းရန်လုပ်တယ်၊ အိမ်လိုက်ဆောက်တယ်၊ ဒါပဲလုပ်တော့ ဒါပဲဖြေလိုက်တယ်။ အဲဒီလိုဖြေလိုက်တော့ စစ်သားသုံးယောက်က ပြန်သွားပြီးတော့ ခဏကြာတော့ နောက်ထပ်စစ်သားတွေရောပါလာပြီး ကျွန်တော်တို့ဗိုလ်မှူးက မေးစရာရှိလို့ ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာ” ဟု မျက်မြင်တွေ့ရှိခဲ့သူ အထက်ပါ အမျိုးသမီးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်ဝေးမြို့နယ် ဥသျှင်လှိုင်းရွာကို စစ်တပ်က ပထမဆုံးအကြိမ် ဝင်မွှေခြင်းဖြစ်ကာ အသက် ၂၅ နှစ်အရွယ် ဦးသိန်းလွင်၏ သားအကြီးဖြစ်သူကို ကျောက်ကပ်ရောဂါရှိသဖြင့် စစ်သားများက တစ်ပါတည်းဖမ်းခေါ်မည်ပြုပြီးမှ ချန်ထားခဲ့ကြောင်းလည်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။
ဦးသိန်းလွင်တို့ သားအဖကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့ဝင်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ရပ်ကျေးစည်းရုံးရေးမှူးနှင့် လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးအောင်ကိုဝင်းက လီဆယ်တိုင်တန်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ဥသျှင်လှိုင်းရွာခံများက ဆိုသည်။
“အာဏာသိမ်းပြီးနောက်ပိုင်း ဒီရွာမှာကို တပ်စွဲဖို့အထိ အဲ့ဒီအုပ်ချုပ်ရေးမှူးပြောတာ။ ကျေးရွာက လူအချို့ ရွာနာမှာစိုးလို့ဆိုပြီး လက်မခံလို့ သူတို့ ပြန်လက်လျှော့သွားတာ။ အခုလာတော့လည်း စာရွက်နဲ့ကို လာရှာတာ”ဟု ဥသျှင်လှိုင်းရွာခံ အမျိုးသားက ပြောသည်။
လီဆယ်တိုင်းတန်းသူဟု စွပ်စွဲခံရသည့် ဦးအောင်ကိုဝင်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ၎င်း၏ လက်ချက်မဟုတ်ဟု ဆိုသည်။
“ရွာထဲကတော့ ကျွန်တော့်ကိုတော့ ထင်တယ်လို့တော့ ပြောတယ်။ ကျွန်တော်ကပဲ သတင်းပေးလို့ ဖမ်းတာလိုလို ဘာလိုလိုနဲ့ အဲ့ဒီကောလာဟလ ထွက်လာတာ။ ကျွန်တော်မဟုတ်ဘူးဆိုတာ ပြန်ရှင်းပြထားပါတယ်။ အဲဒီလိုသာပေးမယ်ဆိုရင် အစကတည်းက ကျွန်တော်ပေးနေမှာပေါ့”ဟု ၎င်းက ပြောသည်။
ဥသျှင်လှိုင်းရွာသို့ စစ်တပ် NLD ပါတီထောက်ခံသူ၊ ဝန်းရံခဲ့သူများ၏ စာရင်းဖြင့် ရောက်လာစဉ် NLD အစိုးရလက်ထက် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်ထွေးနှင့် အခြားသူအချို့မှာ အချိန်မီတိမ်းရှောင်နိုင်ခဲ့၍ ဖမ်းမမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။
NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံတော်အကြီးအကဲများနှင့် NLD ပါတီခေါင်းဆောင်များကို ဖမ်းထားသည်မှာ ၇ လ ကျော်လာပြီဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းအရ ထိုကာလအတွင်း လူပေါင်း ၆၀၀၀ ကျော်ကို ဖမ်းဆီး၊ ၁၀၀၀ ကျော်ကို သေဆုံးစေခဲ့သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ရရာလက်နက်ဖြင့် တော်လှန်နေသည့် ဒေသများအတွင်း ဩဂုတ်လကုန်မှစ၍ စစ်ခေါင်းဆောင်များအခြေချရာ နေပြည်တော်လည်း ပါဝင်လာသည်။
နေပြည်တော်တွင် ဆင်နွှဲသည့် စစ်ဆင်ရေးသုံးကြိမ်ရှိပြီဖြစ်ပြီး ဩဂုတ် ၃၀ ရက် ပထမဆုံးအကြိမ် စစ်ယာဉ်တန်းတိုက်ခိုက်မှုတွင် စစ်သား ၁၁ ဦး သေဆုံးခဲ့သည်မှာ အအောင်မြင်ဆုံးဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) က ပြောထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p