သတင်း

လေကြောင်း၊ ရေကြောင်းတို့မှပါ တိုက်ခိုက်ခံနေရသည့် ကနီဒေသ

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းရှိ ကနီဒေသမှ PDF ခေါ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရဲစခန်းငယ်တစ်ခုကို သိမ်းပိုက်ရန် ကြိုးစားသော်လည်း ရာသီဥတုဆိုးရွားခြင်း၊ စစ်ကောင်စီတပ်၏ စစ်ကူများ လေကြောင်း၊ ရေကြောင်းမှ ရောက်လာခြင်းတို့ကြောင့် တပ်ဖျောက်ခဲ့ရသည်ဟု သိရသည်။

စက်တင်ဘာ ၁၁၊ ည ၈ နာရီခန့်တွင် ကနီမြို့နယ်၊ အင်းပေါင်းဒေသ၊ ဝင်းမနားကျေးရွာအုပ်စု၊ ဝင်းမနားရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရန် ဒေသခံ PDF အဖွဲ့ဝင်များက ဝိုင်းလိုက်ကြပြီး ရဲများ လက်နက်ချရန် စည်းရုံးခဲ့သည်ဟု ထိုတိုက်ပွဲကို ဦးဆောင်ခဲ့သည့် အနောက်မြောက်လွင်ပြင်ဒေသ၌ အခြေစိုက် တိုက်ပွဲဝင်နေသော မြန်မာ့ကာကွယ်ရေးတပ်ဖွဲ့ (MDF) ၏ တိုက်ခိုက်ရေးမှူး ကိုဂျိမ်းက ပြောသည်။ 

“သူတို့အနေနဲ့ လက်နက်ချပြီးတော့ ပြည်သူတွေနဲ့ ပူးပေါင်းဖို့ CDM လုပ်ပေးဖို့ပေါ့။ အဲ့ဒီလို လုပ်ဆောင်တဲ့ အခါမှာလည်း သူတို့အတွက် နစ်နာမှုမရှိအောင် ပြည်သူတွေဘက်ကနေပြီးတော့ ကာကွယ်ပေးမယ်။ ထောက်ပံ့ကူညီမှုတွေပေးမယ်ဆိုပြီးတော့ စည်းရုံးခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

လက်နက်မချသဖြင့် ည ၁၀ နာရီတွင် စတင်တိုက်ခိုက်ခဲ့ကြရာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိဟု ၎င်းက ဆိုသည်။

“ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် မိုးအရမ်းရွာပြီးတော့ ကျွန်တော်တို့ဆီမှာပါလာတဲ့ တူမီးတွေက ပစ်ခတ်လို့ မရဘူးပေါ့။ ၂ နာရီနီးပါးလောက်တော့ တိုက်ပွဲဖြစ်လိုက်တယ်။ ကျွန်တော်တို့ဆီမှာပါလာတဲ့ အော်တိုဂန်းအနည်းငယ်နဲ့ ပစ်ခတ်မှုတွေဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

နောက်တစ်နေ့ မနက် ၈ နာရီခန့်တွင် ထပ်မံညှိနှိုင်းသော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ရာသီဥတုအခြေအနေ ကောင်းမွန်လာ၍ အင်အားသုံးသိမ်းပိုက်ရန် ကြိုးစားခဲ့သည့်  မွန်းတည့် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်၏ လေကြောင်းစစ်ကူရောက်လာကြောင်း ကိုဂျိမ်းက ဆက်ပြောသည်။ 

“ပထမတစ်ခါ လာချတဲ့အခါမှာ လေကြောင်းစစ်ကူနဲ့ တရစပ်ပစ်တယ်။ ပစ်တဲ့အခါမှာ ကျွန်တော်တို့ အဖွဲ့တွေ ကစဉ့်ကလျားဖြစ်သွားတာပေါ့။ သူတို့ လူအင်အား ထပ်ချပြီးတော့ လက်နက်ကြီးနဲ့ပစ်တယ်။ ဒုတိယတစ်ခေါက် လူလာချတဲ့အခါမှာလည်း လက်နက်ကြီးနဲ့ ထုတယ်။ လုံးဝ အရေးမသာတော့တာနဲ့ နောက်ဆုတ်ပြီးတော့ တပ်ဖျောက်ထားလိုက်ရတာပေါ့”  ဟု ၎င်းက ပြောသည်။ 

ချင်းတွင်းမြစ်ကို အဓိကထား အသုံးပြု

အဆိုပါ ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က တပ်ကူ ၁၂၀ ခန့်ကို ရဟတ်ယာဉ်ဖြင့် ၆ ကြိမ် ပို့ဆောင်ခဲ့သလို ချင်းတွင်းမြစ်ကြောင်းမှ အင်အားဖြည့်တင်းခြင်းဖြင့်လည်း ကနီဒေသကို စိုးမိုးနိုင်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

ထို့နောက် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ကနီမြို့အနီးတွင် စစ်သင်္ဘော ၆ စင်း၊ တင့်ကား ၆ စင်း ရောက်လာကြောင်း ကိုဂျိမ်းက ပြောသည်။ 

ထိုစစ်ရေယာဉ် ၆ စင်း အနက် ၁ စင်းမှာ ယမန်နေ့ (စက်တင်ဘာ ၁၅) မနက်ပိုင်းတွင် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ မင်းကင်း၊ ပန်းဆက်ရွာသို့ စစ်ကူသွားရောက် ပို့ဆောင်ခဲ့ပြီး၊ တင့်ကားများကို ဂန့်ဂေါ နှင့် ကလေးတွင် ဖြစ်ပွားသည့်တိုက်ပွဲများတွင် အသုံးပြုမည်ဟု ယူဆရကြောင်း ကိုဂျိမ်းက ဆက်ပြောသည်။ 

“ခုချိန်က ရေတက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် လက်နက်ခဲယမ်းအထောက်အကူတွေကို ပို့ဆောင်နေတယ်လို့ ကျွန်တော်ယူဆတယ်။ တင့်ကားတွေကတော့ ကျွန်တော်တို့ထင်တာကတော့ ဂန့်ဂေါနဲ့ ကလေးဘက်ကို အသုံးပြုဖို့အတွက် သူတို့လမ်းကြောင်းကို ရွေးတယ်လို့ထင်တယ်။ ကားလမ်းက တိုက်ခိုက်မှုတွေ၊ မိုင်းခွဲမှုတွေ တောက်လျှောက်ဖြစ်နေတာကြောင့် ရေကြောင်းလမ်းကို အသုံးပြုတယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။ 

ကနီဒေသတွင် သောင်းကျန်းနေသည့် စစ်ကောင်စီတပ်

စက်တင်ဘာ ၁၁ ဝင်းမနားရဲစခန်းတိုက်ပွဲအပြီး နောက်တစ်နေ့ (စက်တင်ဘာ ၁၂) ကနီ  PDF များ အားကောင်းသည်ဟု ယူဆသည့် ကနီတောင်ပိုင်း၊ အင်းပေါင်းဒေသရှိ ကျေးရွာအုပ်စု ၄ စုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ  နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကုန်စုံဆိုင် ၃ ဆိုင်ရှိ ပစ္စည်းများကို သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ကနီတောင်ပိုင်း၊ အင်းပေါင်းဒေသရှိ ဝင်းမနားကျေးရွာအုပ်စု၊ ထနောင်းပကားကျေးရွာအုပ်စု၊ ဘုတ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းပင်အိုင်ကျေးရွာအုပ်စုများတွင် ကျေးရွာပေါင်း ၂၄ ရွာရှိပြီး စစ်ကောင်စီ၏ အကြမ်းဖက်စီးနင်းမှုကြောင့် ဒေသခံ တစ်သောင်းကျော်ခန့်မှာ ၎င်းတို့ပိုင်ဆိုင်သည့် ယာခင်းများတွင် တိမ်းရှောင်နေကြရသည်ဟု ကနီ PDF ခေါင်းဆောင် ကိုဂျီက ပြောသည်။

“အင်းပေါင်း ၂၄ ရွာက ရွာတွေအားလုံးကို သူတို့က ပတ်ပြီးတော့ မွှေတယ်ဗျ။ သူတို့လိုအပ်တဲ့ ပစ္စည်းတွေ အားလုံးကိုလည်း ယူတယ်။ ရွာက ခေါင်းဆောင်တချို့ကိုလည်း ဖမ်းထားတယ်။ ခုလက်ရှိက သူတို့က ဝင်းမနားရွာထဲမှာပဲ။ အဲဒီရွာထဲက ကုန်စုံဆိုင် ၃ ဆိုင်ကို ဖောက်ထားတယ်။ လိုအပ်တဲ့ပစ္စည်းတွေကို ကား ၂ စင်းနဲ့ ယူနေကြတယ်” ဟု ၎င်းက ပြောသည်။ 

ယခုကာလမှာ ကနီဒေသခံ မြေပဲစိုက်တောင်သူများ မြေပဲရိတ်သိမ်းရမည့် ရာသီချိန်ဖြစ်ပြီး တစ်ပတ်အတွင်း မရိတ်သိမ်းနိုင်ပါက ဆုံးရှုံးမှုများစွာကြုံတွေရမည်ဖြစ်သည်ဟု ကိုဂျီက ဆက်ပြောသည်။ 

“ ခုက ဘာမှ မလုပ်နိုင်ဘူး။ အကုန်လုံးကို ပစ်ထားပြီးတော့ ထွက်ပြေးကြရတာ။ ဒါတွေက ဒီတစ်ပတ်အတွင်းမှာ အပြီးလုပ်ရမည့် အလုပ်တွေဗျ။ ဆုံးရှုံးမှုကတော့ တော်တော်ကို များမှာ” ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီတပ်များသည့် ၎င်းတို့နှင့် တိုက်ပွဲပြင်းထန်ခဲ့သည့် ဝင်းမနားကျေးရွာအုပ်စုရှိ ဘီယာဆိုင်၊ အဝတ်အစားရောင်းချသည့်ဆိုင်၊ စားသောက်ကုန်ပစ္စည်းရောင်းချသည့်ဆိုင်များမှ ပစ္စည်းများကို စက်တင်ဘာ ၁၅ မနက်ပိုင်း၌ ကား ၂ စင်းဖြင့် တင်ဆောင်သွားကြသည်ဟု ဒေသခံများက ပြောသည်။ 

စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းသို့ ဝင်လာစဉ်ကပင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်းပိုင်ဆိုင်သည့်ကုန်စုံဆိုင်မှ ကျပ်ငွေ သိန်း ၅၀ ဖိုးခန့်ပစ္စည်းများ ယူဆောင်သွားခဲ့သည်ဟု ဝင်းမနားကျေးရွာအုပ်စု၊ မကျည်းပင်အုပ်ကျေးရွာမှ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“သူတို့က ရွာကိုဝင်လာကတည်းက လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်ပြီးတော့ ဝင်တာ။ ကုန်စုံဆိုင်တွေကို ဖောက်တုန်းကလည်း ဖောက်တဲ့သူက ဖောက်နေတာ၊ ပစ်တဲ့သူကလည်း ပစ်နေတာ။ သူတို့အနား မကပ်နိုင်အောင်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။

အိမ်မီးရှို့ကာ ကုန်စုံဆိုင်များမှ ပစ္စည်းများလုယူသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်မှုရရေးအတွက် စစ်ကောင်စီပြန်ကြားရေးအရာရှိကို မေးမြန်းရန်ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ရှိ ကနီမြို့နယ်သည် ချင်းတွင်းမြစ်ကမ်းပေါ်တွင် တည်ရှိပြီး ဒေသခံ PDF များ အားကောင်းသည့် ဒီပဲယင်း၊ ဘုတလင်၊ ယင်းမာပင်မြို့နယ်များနှင့် ဆက်စပ်နေပြီး စစ်ကောင်စီ၏ ဝင်ရောက်စီးနင်းခြင်းကို အများဆုံးခံနေရသည့် နယ်မြေတစ်ခုဖြစ်သည်။

ကနီမြို့နယ်၊ တောင်ပေါက်ရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများကို ဖမ်းဆီးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၁၂ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားသည်ကို ဇူလိုင် ၃၀ တွင် ဒေသခံများက ရှာဖွေတွေ့ရှိခဲ့ကြသည်။ 

ထိုသို့ ကလေးငယ်များအပါအဝင် အရပ်သားများကို စစ်ကောင်စီလက်နက်ကိုင်များက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ကနီမြို့နယ်အတွင်း ၃ ကြိမ်တိုင်အောင် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်း ၄၀ အထိ ဒေသခံများက ရှာဖွေတွေ့ရှိမှတ်တမ်းတင်ထားနိုင်ခဲ့သည်။ 

ကနီဒေသတွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီ ဂူတာရက်စ်ထံ ဩဂုတ် ၃ တွင် စာရေးသားတိုင်ကြားခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button