
တယ်လီနောမြန်မာကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group အုပ်စုသို့ ရောင်းချရန် စစ်ကောင်စီထံမှ ရောင်းချခွင့်အတည်ပြုချက်ရရှိရေး ဆောင်ရွက်နေကြောင်း နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောအုပ်စုက ယမန်နေ့ (စက်တင်ဘာ ၁၅) တွင် သတင်းထုတ်ပြန်သည်။
လူ့အခွင့်အရေးကို လေးစားပြီး တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် တာဝန်မဲ့စွာ မြန်မာနိုင်ငံမှ ထွက်ခွာသွားသည်ဟု ဝေဖန်ခံနေရသော်လည်း အော်ပရေတာတစ်ခုအနေဖြင့် ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့ကြောင်း တယ်လီနော၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD) လမ်းညွှန်ချက်၊ ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာအခြေခံအချက်များကို လိုက်နာရန် ကတိကဝတ်ပြုထားသော်လည်း အဆိုပါအချက်များကို မလိုက်နာနိုင်သည့် စိတ်မကောင်းစရာအဆုံးသတ်ဖြစ်လာကြောင်း တယ်လီနောက ဆိုသည်။
“ဆက်ရှိနေဖို့ ကြိုးပမ်းသော်လည်း တယ်လီနောအုပ်စုအနေဖြင့် မြန်မာနိုင်ငံမှာ ဆက်လက်မလုပ်ကိုင်နိုင်တော့ပါ။ ဒီရောင်းချမှုက မြန်မာလူမှုအသိုင်းအဝိုင်းအတွက် ထိခိုက်မှုအနည်းဆုံးဖြေရှင်းနည်းဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနော၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုဆုံးဖြတ်ချက်ကြောင့် တယ်လီနောသုံးသူ ၁၈ သန်းအတွက် ဘဏ်နှင့် ဆေးရုံများကို ချိတ်ဆက်နိုင်ရေးကဲ့သို့သော အရေးကြီးသည့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးထားနိုင်မည်ဖြစ်ကြောင်း၊ ခက်ခဲသောအချိန်တွင် ဝန်ထမ်းများကို အလုပ်ဆက်ခန့်ထားရန် သေချာစေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ ဆက်သွယ်ရေးအော်ပရေတာတစ်ခုလုံးကို လွှဲပြောင်းရောင်းချရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုချက်ရရှိရန် လိုအပ်ကြောင်း ဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုကျွမ်းကျင်သူတစ်ဦးကို ကိုးကား၍ Nikkei Asia သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
တယ်လီနောထွက်ခွာမှုကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုမည့်အလားအလာ မရှိကြောင်းလည်း အဆိုပါသတင်းဌာနက စက်တင်ဘာ ၇ တွင် ရေးသားဖော်ပြထားသည်။
ရောင်းချရန်ခွင့်ပြုချက်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဦးအောင်နိုင်ဦး၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေတို့ကို Myanmar Now က မေးမြန်းသော်လည်း တုံ့ပြန်မှုမရသေးပေ။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ စစ်တပ်က ကြားဖြတ်နားထောင်သည့် စက်များကို တပ်ဆင်အသုံးပြုရန် ပြင်ဆင်လာပြီး ထိုစက်ပစ္စည်းကိရိယာများသည် နော်ဝေနှင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုအောက်တွင် ရှိသောကြောင့် လက်မခံနိုင်ကြောင်း တယ်လီနောက ဆိုသည်။
အခြေခံလူ့အခွင့်အရေး၊ နိုင်ငံတကာဥပဒေများနှင့် ကိုက်ညီပြီး တယ်လီနောအသုံးပြုသူများကို အကာအကွယ်ပေးနိုင်သော လုပ်ထုံးလုပ်နည်းများမရှိသဖြင့် ကြားဖြတ်ရယူမှုကို ခွင့်ပြုခြင်းမှာ ကုမ္ပဏီ၏ စံနှုန်းများကို ချိုးဖောက်ရာရောက်ကြောင်း တယ်လီနောက ဆိုသည်။
ထို့ပြင် တယ်လီနောအနေဖြင့် ကြားဖြတ်ဖမ်းယူနားထောင်မှုများကို ရှောင်ရှားရန် တက်ကြွစွာ လုပ်ကိုင်ခဲ့သောကြောင့် လက်ရှိအချိန်အထိ အဆိုပါကိရိယာများအသုံးပြုနိုင်ခြင်းမရှိကြောင်း၊ စစ်ကောင်စီက ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင့် ညွှန်ကြားချက်များကို မှတ်ချက်မပေးနိုင်ကြောင်း တယ်လီနောက ပြောသည်။
တယ်လီနော (မြန်မာ)တစ်ခုလုံးကို M1 အုပ်စုထံ ရောင်းချရာတွင် ၃ လ နှင့် ၆ လ အကြားရှိ Mytelenor App, စီးပွားရေးဆိုင်ရာအချက်အလက်များအပါအဝင် အော်ပရေတာလိုင်စင်တာဝန်အရ တယ်လီနောအသုံးပြုသူများ၏ ဖုန်းမှတ်တမ်းများကိုလည်း လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း တယ်လီနောဘက်က ဆိုသည်။
ဆက်သွယ်ရေးအော်ပရေတာ ၄ ခုရှိသည့်အနက် Mytel နှင့် MPT ကို စစ်တပ်က အဓိကထိန်းချုပ်ထားသောကြောင့် အချက်အလက်လုံခြုံမှုကို အရေးထားသူအများအပြားက တယ်လီနောနှင့် အူရီဒူးကိုသာ အားထားသုံးစွဲခဲ့ကြသည်။
မြန်မာအရပ်ဘက်အဖွဲ့အစည်း ၄၀၀ ကျော်က တယ်လီနောသည် မြန်မာနိုင်ငံမှ တာဝန်မဲ့စွာ ထွက်ခွာသည်ဟု ဆိုကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD ) ထံ ဇူလိုင်လအတွင်းက တိုင်ကြားခဲ့ကြသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် လက်တွဲလုပ်ရန် မဖြစ်နိုင်သဖြင့် မြန်မာမှ အပြီးထွက်ခွာရန် သို့မဟုတ် လုပ်ငန်းများရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီးများမှာ ၆ လ အတွင်း ၁၁ ခု အထိ ရှိခဲ့ပြီး ထိုအထဲတွင် ဒေါ်လာသန်းပေါင်းများ ရင်းနှီးမြှုပ်နှံထားသည့် စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးလုပ်ငန်း၊ အိမ်ခြံမြေ၊ ဟိုတယ်၊ အဖျော်ယမကာနှင့် လက်လီလုပ်ငန်းများ ပါဝင်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p