သတင်း

မန္တလေး၊ ဆင်ခြေဖုံးရပ်ကွက်အချို့တွင် စစ်ကောင်စီရန်ကို ညစဉ် ကြောက်နေရ

မန္တလေးမြို့ ဆင်ခြေဖုံးရပ်ကွက်နှင့် ကျေးရွာအချို့တွင် ညစဉ် လာရောက်သောင်းကျန်းလေ့ရှိသော စစ်ကောင်စီတပ်ဖွဲ့ရန်ကို ကြောက်ရွံ့နေရကြောင်း ဒေသခံအချို့က Myanmar Now ကို ပြောကြားသည်။ 

ပြည်ကြီးတံခွန်မြို့နယ်အတွင်း အခြေခံလူတန်းစားအများစုနေထိုင်ရာ မြို့အရှေ့တောင်ဘက်အစွန် စက်မှုဇုန်နှင့် ကပ်လျက်ရှိရပ်ကွက်၊ အမရပူရမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ယခု စက်တင်ဘာလဆန်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့က ညဘက်တွင် လာရောက်ရမ်းကားနေကြောင်း ဒေသခံများက ဆိုသည်။ 

“ညတိုင်းပဲ သေနတ်သံတွေ ဆူညံနေတာ၊ ညနေမှောင်ပြီဆို ရောက်လာတယ်။ ဧည့်စာရင်းစစ်တာလိုလို၊ လူရှာတာလိုလိုတွေ လုပ်တယ်။ တစ်ရပ်ကွက်လုံးက သူတို့ဝင်လာပြီဆို မီးတွေအကုန်ပိတ် တိတ်တိတ်လေးနေရတယ်” ဟု ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်သား၊ ရဲ နှင့် ဒလန်(သတင်းပေး) ၁၀ ဦးကျော်ပါသည့် အဖွဲ့သည် ရပ်ကွက်အတွင်း ညစဉ် ရောက်လာတတ်ကြောင်း ၎င်းက ဆိုသည်။

“လာစစ်တဲ့အချိန် ပစ်ခံရမှာလည်း ကြောက်တယ်။ အိမ်မှာက ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေရော ရှိတော့ ပိုပြီးစိုးရိမ်ရတယ်” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

အထက်ပါ ရပ်ကွက်တွင် နေထိုင်သူ အခြားအမျိုးသမီးတစ်ဦး၏ အဆိုအရ ထိုသို့ လာရောက်ရမ်းကားသည့်အဖွဲ့ကို ဦးဆောင်ကူညီနေသူမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် သတင်းပေးဒလန် အမျိုးသားတစ်ဦးဖြစ်သည်ဟု ဆိုသော်လည်း အသေးစိတ်မသိရှိရပေ။ 

“အဲဒီလူက အမြဲပါတယ်။ သူက စစ်သားတွေကို ခေါ်တယ်။ လိုက်ပြတယ်။ လိုက်ရှာတယ်၊ အဲဒီလိုတွေ လုပ်တာ၊ သူ့မှာလည်း သေနတ်ရှိတယ်”ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်း စက်တင်ဘာ ၈ နှင့် ၉ ရက်နေ့များက အဖမ်းအဆီးများခဲ့ပြီး စက်မှုဇုန်ရှိ စက်ရုံအချို့မှ ဝန်ထမ်းများ၊ စားသောက်ဆိုင်ထိုင်နေသူများပါမကျန် ပါဝင်ခဲ့ရာ ယင်းတို့အနက် ငွေကြေးတတ်နိုင်သူအချို့သာ ပြန်လွတ်သည်ဟုလည်း ဆိုသည်။ 

သို့သော် လုံခြုံရေးအရ အသေးစိတ်နှင့် ဖြစ်စဉ်ကို အတိအကျထုတ်ပြောရန် သတင်းရင်းမြစ်များက ငြင်းဆိုသည်။ 

အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင်လည်း ထိုသို့ ကြုံရကြောင်း၊ ဖမ်းဆီးခံရသူ ၂၀ ဦးထက်မနည်းရှိကာ ပြန်လွတ်လာသည်ကို မတွေ့ရသေးကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ သို့သော် အသေးစိတ်ကို မသိရပေ။ 

“ကျွန်တော်တို့ရွာကိုတော့ ဒီအတိုင်း အလွတ်ကြီးဝင်လာတာ။ ဧည့်စာရင်းစစ်တာဘာညာလည်းမဟုတ်ဘူး။ ရှေ့ပြေးကားတစ်စီး၊ စစ်ကားတစ်စီးနဲ့ ကားလွတ်တစ်စီးပါတယ်၊ ရွာထဲဝင်လာတော့ မြင်တဲ့လူတွေက မီးတွေပိတ်ကြ၊ ပိတ်ကြဆို၊ ပိတ်ပြီးနေကြရတာ၊ ရွာသားယောက်ျားတွေလည်း ကပ်လျက်က ရွာတွေကို ညတွင်းချင်းပြေးကြရတာ”ဟု ၎င်းက ဆိုသည်။

ထိုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စစ်ကောင်စီ၏ တာဝန်ရှိသူများထံ မှတ်ချက်တောင်းခံနိုင်ခြင်း မရှိသေးပါ။

မန္တလေးသည် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်မှစ၍ အပြင်းအထန်ဖိနှိပ်ခံနေရသော်လည်း ယနေ့တိုင် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း နေ့စဉ် ဆန္ဒပြနေဆဲ မြို့ရွာများအနက် တစ်ခုဖြစ်သည်။

ထို့အတူ ဆန္ဒပြသည်ကိုပင် ရက်စက်စွာ နှိမ်နင်း၊ ကိုင်တွယ်နေသည့် စစ်ကောင်စီ၏ အန္တရာယ်မှ ကာကွယ်ရန် ဒေသခံကာကွယ်ရေးအဖွဲ့များဖွဲ့စည်းကာ လက်တုံ့ပြန်ခုခံတိုက်ခိုက်မှုများလည်း မန္တလေးမြို့တွင် မကြခဏဖြစ်ပေါ်လျက်ရှိသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button