
နိုင်ငံရေးပါတီများ၏ ရန်ပုံငွေ၊ ငွေကြေးနှင့် ပစ္စည်းစာရင်းများကို ဩဂုတ်လမှစ၍ အလှည့်ကျ စိစစ်နေသည့် အစီအစဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါဝင်ခြင်း မရှိသေးဟု စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးခင်မောင်ဦးက Myanmar Now ကို ပြောသည်။
“အဲဒီအစီအစဉ် မဖြစ်သေးပါဘူး”ဟု ၎င်းက ဆိုသည်။
ထိုအစီအစဉ်တွင် NLD အပြင် နောက်ထပ် မည်သည့်ပါတီများ မည်သည့်အချိန်တွင် အလှည့်ကျမည်၊ ထိုသို့ စာရင်းစစ်ခြင်းမှာ မည်သည့်အတွက်ဖြစ်သည် စသဖြင့် အသေးစိတ် အစီအမံများကိုမူ ဦးခင်မောင်ဦးက ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်ကို စစ်ကောင်စီက ပိတ်ထားသဖြင့် ထိုသို့ စာရောက်မရောက် မသိရကြောင်း အမည်မဖော်လိုသည့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ရုံးတွေကိုလည်း အကုန်ဖျက်၊ စာရွက်စာတမ်းတွေလည်း ဖျက်ဆီး၊ စာရင်းဇယားတွေကိုလည်း ဖျက်ဆီးပြီးတော့မှ ဘယ်လိုလုပ်စာရင်းသွားစစ်လို့ရတော့မလဲ”ဟု ၎င်းက မှတ်ချက်ပြုသည်။
သို့သော် နေပြည်တော်ကောင်စီဝင်းအတွင်း ဖွင့်လှစ်ထားသည့် ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံး၏ ယနေ့ (စက်တင် ဘာ၁၄) တရားခွင်မစမီ NLD ကို စာရင်းစစ်မည်ဆိုသော UEC ၏ စာနှစ်စောင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ လက်ဝယ်သို့ ရောက်လာခဲ့ကြောင်း ၎င်း၏ ရှေ့နေအဖွဲ့က အတည်ပြုထားသည်။
“သူ့ကို လိပ်မူထားတာမဟုတ်ဘူး။ သူ့ကို လိပ်မူထားတာမဟုတ်လို့ သူနဲ့လည်းမဆိုင်ဘူး။ နောက်တစ်ခုက CEC (ဗဟိုအလုပ်အမှုဆောင်အဖွဲ့) က ဆုံးဖြတ်ရမဲ့ကိစ္စ၊ အစည်းအဝေးနဲ့ ဆုံးဖြတ်ရမယ်ဆိုတာ ပါတီစည်းမျဉ်းမှာရှိပြီးသား။ အဲဒါကြောင့် စာအိတ်နှစ်အိတ်ကို သူလက်မခံလိုက်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က ပြောသည်။
ထိုစာနှစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့တွင် ပါဝင်ပြီး ရန်ကုန်မြို့တွင် အခြေစိုက်သူတစ်ဦး ယူဆောင်လာခြင်းဖြစ်သည်ဟု သိရသော်လည်း စာပါ အကြောင်းအရာများနှင့် ထိုစာကို မည်သို့ရသည်ဆိုသော ကိစ္စများကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပါ။
အမှုပေါင်း ၁၁ မှုဖြင့် တရားစွဲခံရထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဘက်မှ ငါးဦးပါ ရှေ့နေအဖွဲ့က လိုက်ပါဆောင်ရွက်နေခြင်းဖြစ်ပြီး ဩဂုတ်လဆန်းပိုင်းကတည်းက ထိုသူများထဲမှ အချို့၏ ပြောရေးဆိုခွင့်ကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။
NLD အပြတ်အသတ်အနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ဇူလိုင်လကုန်ပိုင်းတွင် ကြေညာပြီးနောက် တစ်လပင် မပြည့်မီအချိန်အတွင်း နိုင်ငံရေးပါတီများ၏ ငွေစာရင်းများကို အလှည့်ကျစစ်မည်ဆိုသော အာဏာသိမ်းစစ်ကောင်စီက ဖွဲ့ထားသည့် UEC ၏ ခြေလှမ်းမှာ အမြီးအမောက်မတည့်ဟု ပါတီအချို့က ဝေဖန်ထားပြီးဖြစ်သည်။
စစ်ကောင်စီက သူ၏ UEC ကို မဲမသမာမှုနာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဦးဆောင်ခဲ့သူ ဦးသိန်းစိုးကို ဥက္ကဋ္ဌအဖြစ် အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ခန့်အပ်ထားခြင်းဖြစ်သည်။ တစ်ကျော့ပြန် UEC ဥက္ကဋ္ဌဖြစ်လာသူ ဦးသိန်းစိုးက ရာထူးလက်ခံရယူပြီး များမကြာမီတွင် NLD ပါတီကို ဖျက်မည်ဟု လေသံပစ်ထားသည်။
လက်ရှိတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒုဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အများအပြားကို စစ်ကောင်စီက ဖမ်းဆီးကာ ပုဒ်မမျိုးစုံတပ် အမှုဖွင့်ထားပြီး လွတ်မြောက်နေသူဦးရေ အနည်းငယ်သာရှိသည်။
ထို့အတူ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်မှစ၍ ရန်ကုန်၊ ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်အပြင် နိုင်ငံအနှံ့ NLD ရုံး အများအပြားကို စစ်တပ်က တောက်လျှောက်ဖျက်ဆီးနေသည်။
အာဏာသိမ်းစစ်ဗိုလ်ချုပ်များက NLD ကို အလဲထိုးရန် တောက်လျှောက်ကြံစည်နေချိန်တွင် မြန်မာနှင့် စီးပွားရေး၊ စစ်ရေး နီးကပ်စွာပတ်သက်မှုရှိသည့် အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံ၏ ကွန်မြူနစ်ပါတီက စက်တင်ဘာ ၉တွင် ပြုလုပ်သည့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများအကြား တွေ့ဆုံပွဲသို့ NLD ကို ဖိတ်ခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p