သတင်း

စစ်ကောင်စီက PDF အဖွဲ့၏ Facebook ကို ၁၀ ရက်ခန့် တရားမဝင် ထိန်းချုပ်ခဲ့

စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တစ်ဖွဲ့က ၎င်းတို့၏ Facebook စာမျက်နှာကို စစ်ကောင်စီက ၁၀ ရက်ခန့် အသုံးပြုပြီး ငွေရှာခဲ့သလို လူအများအပြားကို ထောင်ချောက်ဆင်ဖမ်းဆီးရန် ကြိုးစားခဲ့သည်ဟု ပြောလိုက်သည်။ 

Sagaing People’s Defence Force – SPDF ဆိုသည့် ၎င်းတို့၏ စာမျက်နှာကို ကိုင်တွယ်ခွင့်ရသူတစ်ဦး သြဂုတ်လကုန်တွင် အဖမ်းခံရပြီးနောက် စစ်ကောင်စီက ထိုသို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စက်တင်ဘာ ၉ အထိ စစ်ကောင်စီက ၎င်းစာမျက်နှာကို အသုံးချခဲ့သည်ဟု ထိုစာမျက်နှာကို ပြန်လည်ထိန်းချုပ်ခဲ့သူထဲမှ တစ်ဦးက ပြောသည်။ 

“ကံဆိုးချင်တော့ ဩဂုတ်လကုန်ခါနီးမှာ သူနဲ့ ကျွန်တော် စကားမပြောဖြစ်တော့ဘူး။ သူ့အကောင့်ကလည်း Active (ဆက်လက်အသုံးပြုဆဲ) ဖြစ်နေတော့ ကျွန်တော်လည်း စိတ်ချနေလိုက်တာပေါ့။ သူ ပါသွားတယ်ဆိုတာ စက်တင်ဘာ ၉ ကမှ သိလိုက်ရတာ” ဟု ၎င်းက ဆက်ပြောသည်။

အဖမ်းခံထားရသူမှာ နည်းပညာအားနည်းခြင်းကြောင့် ထိုစာမျက်နှာကို ထိန်းချုပ်သည့်အဆင့် ပေးမထားဘဲ ပုံနှင့်စာ တင်နိုင်သည့်အဆင့်သာ ပေးခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ၎င်းစာမျက်နှာကို စာရေးဆက်သွယ်နိုင်ခြင်းမရှိစေရန် Message Box ယာယီပိတ်ထားပြီး လုံခြုံရေးပိုင်းဆိုင်ရာကို စိစစ်နေကြောင်း၊ စိစစ်ပြီးပါက သက်ဆိုင်ရာ PDF အဖွဲ့ထံ ပြန်လည် လွှဲပြောင်းပေးအပ်သွားမည်ဟု သိရသည်။

ယခုအခါ ထိုစာမျက်နှာကို စစ်ကိုင်းတိုင်း မြို့နယ်စုံမှ PDF ၁၅ ဖွဲ့ ပူးပေါင်းထားသော မဟာမိတ်အဖွဲ့ဖြစ်သည့် Spring Revolution Alliances- SRA က စိစစ်နေသည်ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက ဓားနှစ်လက်ပုံပါ လိုဂိုဖြင့် SPDF ဆိုသည့် စာမျက်နှာကို ထိန်းသိမ်းထားစဉ် မြို့နယ်တချို့တွင် တိုက်ပွဲများတွင် PDF အဖွဲ့ဝင်များ ဖမ်းဆီးခံရကြောင်း၊ ၎င်းတို့စာမျက်နှာကို ဆက်သွယ်လှူဒါန်းပေးရန် ရေးတင်ခဲ့သည်။

စစ်ကောင်စီထိန်းချုပ်သူက Page မှ နေ၍ KBZ pay , Wave money တို့မှတစ်ဆင့် အလှူခံပြီး PDF အဖွဲ့သို့ ဝင်လိုကြောင်း ပြောဆိုသူများကို အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ပညာအရည်အချင်း၊ အလုပ်အကိုင် စသည့် ကိုယ်ရေးအချက်အလက် ၁၂ ချက် တောင်းဆို၍ ထောင်ချောက်ဆင်ခဲ့သည်ဟု ထိုစာမျက်နှာကို ပြန်လည်ထိန်းချုပ်ပြီး ယခုအခါ လွတ်မြောက်နယ်မြေတွင် ရောက်ရှိနေသူက ပြောသည်။

လက်ရှိတွင် Page မှတစ်ဆင့် စစ်ကောင်စီထံ ကိုယ်ရေးအချက်အလက်ပေးခဲ့သူများကို ပြန်လည်ဆက်သွယ်ထားကြောင်း၊ လူ ၆၀ ခန့်ကို  ဆက်သွယ်၍ အပြန်အလှန်စကားပြောထားသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီက ထိုစာမျက်နှာကို ကိုင်တွယ်သည့် ၁၀ ရက်ခန့်ကာလအတွင်း ထိုစာမျက်နှာသို့ စာရေးဆက်သွယ်ခဲ့သူများအနက် မည်သူတို့ စောင့်ကြည့်ခံရ သို့မဟုတ် ဖမ်းဆီးခံလိုက်ရသည် ဆိုသည်ကို မသိရသေးသလို အလှူငွေ မည်မျှ လိမ်လည် ရယူသွားနိုင်သည်ဆိုသည်ကိုလည်း မသိရသေးပေ။

ဆက်သွယ်၍ ငွေလှူခဲ့သူများအနေဖြင့် မိမိလုံခြုံရေးအတွက် စိုးရိမ်ပါက Page ကို Block ခြင်း၊ ကိုယ်ပိုင်အကောင့်ကို ယာယီပိတ်ချခြင်း (deactivate) ပြုလုပ်နိုင်ကြောင်း ၎င်းက အကြံပြုသည်။

“ဘယ် Page ကိုမဆို အကောင့်တုတွေနဲ့ပဲ ဆက်သွယ်စေချင်တယ်။ တော်လှန်ရေးကာလမှာ အကောင့်အစစ်တွေ လိုက်လို့ လွယ်မယ့်ဟာတွေ ဘယ်လောက်ပဲ စိတ်ချရတဲ့သူကိုဖြစ်ဖြစ် မပေးကြပါနဲ့။ ကိုယ်ရေးအချက်အလက် အမှန်တွေပေးတာလည်း အန္တရာယ်များပါတယ်” ဟု ၎င်းက ဆိုသည်။

“သူက (၎င်းတို့၏ စာမျက်နှာကို ကိုင်တွယ်ခွင့်ရခဲ့ပြီး ယခု အဖမ်းခံနေရသူက) တက်ကြွလှုပ်ရှားသူလောက်ပဲ ရှိပါတယ်။ သူ့ကို အပြစ်ပေါ့စေချင်လို့ထက် ဒီကလေးက ထင်သလောက် အင်အားကြီးမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်” 

စစ်ကောင်စီက အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို အကြမ်းဖက်နှိပ်ကွပ်ရာမှ ဒေသအသီးသီးတွင် PDF အဖွဲ့များ ဖွဲ့စည်းလာကြပြီး ပြည်သူအများအပြားက ထောက်ခံနေကြသည်။ ဤအခြေအနေတွင် စစ်ကောင်စီက PDF နှင့် ဆက်စပ်ပါက အရေးယူမည်ဟု ကြေညာလာသည်။

PDF အဖွဲ့ အများအပြားရှိသည့် စစ်ကိုင်းတိုင်းတွင် PDF အဖွဲ့နှင့် ဆက်နွှယ်သည်ဟူသော သံသယဖြင့် အဖမ်းခံရသူ အများအပြားရှိနေသည်။

မိသားစုတချို့ကလည်း အဖမ်းခံရသူ ပြန်လွတ်လာရေးအတွက် လာဘ်ထိုး ညှိနှိုင်းရန် အသင့်ဖြစ်နေကြသည်ဟု တော်လှန်ရေးလှုပ်ရှားသူ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

“မိဘတွေက စိုးရိမ်စိတ်လည်း လွန်ကဲတယ်။ ဒီမှာက ချမ်းသာတဲ့သူ လူလတ်တန်းစားလည်း များတော့ ၁၀ သိန်းပတ်ချာလည်ဆို ပြန်ရွေးချင်တဲ့သူချည်းပဲ။ အကြောက်တရားက ကြီးစိုးနေတယ်။ သူတို့က ပိုက်ဆံပေးရင် ပြန်လွတ်မှာလိုကို ဖြစ်နေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ကိုင်းမြို့ခံ အမျိုးသားက ပြောလိုက်သည်။

အဆိုပါ စာမျက်နှာကို စစ်ကောင်စီက တရားမဝင် ထိန်းချုပ်ခဲ့သည်ဟူသော PDF ၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးတာဝန်ခံတို့ထံမှ မှတ်ချက်တောင်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button