သတင်း

ဟားခါးမြို့တွင်းတိုက်ပွဲ အရပ်သားတစ်ဦး ဒဏ်ရာရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တစ်နိုင်ငံလုံးအရေးပေါ်အခြေအနေကြေညာသည့် ယမန်နေ့ (စက်တင်ဘာ ၇) တွင် ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် မြို့တွင်းတိုက်ပွဲဖြစ်ပွားရာ အရပ်သားတစ်ဦး ဒဏ်ရာရသွားသည်။  

နေအိမ်အတွင်း ကျည်ဆန်ဝင်လာခြင်းဖြစ်သည်ဟု ဒဏ်ရာရသူနှင့် သိကျွမ်းသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က အိမ်အောက်မှာ ပုန်းနေကြတာ။ အပေါ်ကနေ သေနတ်တွေပစ်တော့ ဖောက်ပြီး လက်မောင်းကို ထိတယ်။ ဓာတ်မှန်ရိုက်တော့ အရိုးတော့မထိဘူး။ ဒီမနက်ပိုင်းမှ ဆေးရုံကို သွားရတယ်။ တခြားထိခိုက်ဒဏ်ရာတော့ မရှိဘူး။ မနေ့က ပစ်ခတ်မှုမှာ အိမ်တွေပျက်စီးတာတွေရှိတယ်”ဟု ထိုသူက ပြောသည်။ 

ဒေသခံ နောက်တစ်ဦးကလည်း သေနတ်သံများ ကြားခဲ့ရသည်ဟု ဆိုသည်။

“မနေ့ညက သေနတ်သံတွေက တောက်လျှောက်ပဲ၊ အချက်ပေါင်း ၅၀ လောက်ရှိမယ်။ တရစပ်ကို ပစ်ခတ်နေတာ” ဟု အဆိုပါ ဒေသခံက ပြောသည်။

ည ၉ နာရီ ဝန်းကျင်မှစ၍ ပြည်နယ်စစ်ကောင်စီအုပ်ချုပ်ရေးရုံးအနီးတွင် စစ်ကောင်စီတပ်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့- ဟားခါး  (CDF ဟားခါး) ထံမှ သိရသည်။ 

CDF ဟားခါးအဖွဲ့ဝင်တစ်ဦးက ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုမရှိဘဲ စစ်ကောင်စီဘက် ထိခိုက်၊ ဒဏ်ရာရသည့်အခြေအနေကို မသိရှိရကြောင်း ပြောသည်။

NUG က အရေးပေါ်အခြေအနေကြေညာပြီး နောက်ပိုင်းတွင် မြို့ပေါ်တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သည့်အတွက် လိုအပ်သည်များကို ပြင်ဆင်ထားရန် သူက အကြံပြုသည်။ 

“ကိုယ့်ရဲ့ အိမ်အနီးမှာဖြစ်ဖြစ်၊ ကိုယ်အိမ်မှာဖြစ်ဖြစ် ကတုတ်ကျင်းတွေ တူးထားဖို့လိုတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်လာရင် အပြင်မထွက်ဖို့။ မလိုအပ်ဘဲနဲ့ ခရီးမထွက်ဖို့။ ကျွန်တော်တို့ကတော့ အရပ်သားတွေ လုံးဝထိခိုက်မှုမရှိအောင် ကြိုးစားနေပေမယ့်လည်း အကြမ်းဖက်စစ်ကောင်စီဘက်ကနေ ရမ်းသန်းပစ်တာတွေ၊ လက်နက်ကြီးသုံးပြီး ပစ်တာတွေ ရှိပါတယ်” ဟု အထက်ပါ အဖွဲ့ဝင်က ပြောသည်။ 

ဟားခါးမြို့တွင်းတိုက်ပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

စက်တင်ဘာ ၄ ၊ ည ၁၁ နာရီဝန်းကျင်ကလည်း ပြည်နယ်စစ်ကောင်စီအုပ်ချုပ်ရေးရုံးရှေ့တွင် ပစ်ခတ်မှုဖြစ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။

ယမန်နေ့ ညပိုင်းက ထန်တလန်မြို့နယ်တွင် ရဲစခန်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က နာရီဝက်နီးပါးကြာ မြို့တွင်းခြောက်လှန့်ပစ်ခတ်ကြောင်း CDF ကန်ပက်လက်အဖွဲ့ထံမှ သိရသည်။ 

“မနေ့ညက ကျွန်တော်တို့ဘက် ပစ်ခတ်မှုက မရှိဘူး။ သူတို့ဘက်က မြို့ထဲကို ရမ်းပစ်တာပဲဖြစ်တာ။ လက်နက်ကြီးတွေနဲ့ပစ်တာ။ အထိအခိုက်တော့ မသိရသေးဘူး။ အရင်တုန်းကတော့ ညတိုင်းလိုပဲ ပြည်သူကို ခြောက်လှန့်တဲ့ ပုံစံနဲ့ ပစ်နေကြတာပဲ။ ၁၀ နာရီဝန်းကျင်လောက်က စပစ်တာ” ဟု CDF ကန်ပက်လက်အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

 CDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ချင်းပြည်နယ် မြို့နယ်များ၊ နယ်မြေများအလိုက် စုဖွဲ့ထားသော အဖွဲ့များဖြင့် ပူးပေါင်းထားသည့် ၎င်းတို့အဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးပေါ်ကြေညာချက်ကို ထောက်ခံကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြောကြားထားသည်။ 

“အခုက D Day ကြေညာလာပြီဆိုတော့ တိုင်းဒေသကြီးဘက်က PDF တွေရော တိုက်ပွဲတွေ ပိုပြင်းထန်မယ်။ အဲ့ဒီအချိန်မှာ အခွင့်အခါကောင်း ယူပြီးတော့ ပြန်တိုက်အားလည်း ပိုပြီးတော့ အများကြီးရှိလာမယ်လို့ ယုံကြည်တယ်။ အခုကတော့ လေကြောင်းတိုက်ခိုက်မှုကလွဲရင် အောက်ခြေဘက်မှာတော့ ကျွန်တော်တို့ အများကြီးတာသွားမယ်လို့ ယုံကြည်တယ်”ဟု CDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့က Myanmar Now ကို ပြောထားသည်။ 

ချင်းပြည်နယ်ရှိ မြို့နယ်အများအပြားတွင် ဒေသခံများသည် ဧပြီလကုန်ပိုင်းမှစ၍ လက်လုပ်တူမီးအပါအဝင် ရရာလက်နက်စွဲကိုင်ပြီး ပြောက်ကျားစနစ်ဖြင့် ခုခံတွန်းလှန်လျက်ရှိသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button