
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်းစစ်ကောင်စီကို ခုခံစစ်ဆင်နွှဲရန် ယနေ့ (စက်တင် ဘာ ၇) မနက်တွင် ကြေညာလိုက်ပြီးနောက် မကွေးနှင့် စစ်ကိုင်းတိုင်းရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့များက စစ်ကောင်စီအခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ကြသည်။
မကွေးတိုင်း၊ ၄ မြို့နယ်ရှိ စစ်ကောင်စီအခြေစိုက် နေရာ ၅ နေရာကို တိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်သည်။
မနက် ၄နာရီခွဲခန့်၊ တောင်တွင်းကြီးမြို့နယ်ရှိ အမှတ် (၁၀၃) ခြေမြန်တပ်ရင်းကို ဗုံးဖြင့် တိုက်ခိုက်ပြီး မနက် ၅ နာရီခွဲတွင် မြို့သစ်မြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ စစ်တပ်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၇) နှင့် ဆက်သွယ်ထားသည့် လျှပ်စစ်ဓာတ်အားလိုင်း ကေဘယ်တိုင် ၂ တိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ကြေညာချက်ထုတ်ပြန်သည်။
ထို့ပြင် ချင်းတွင်းမြစ်အနီးရှိ ရေစကြိုမြို့နယ်၊ ၇ ရပ်ကွက်မှ စည်ပင်ဦးစီး၏ နေအိမ်ကို မနက် ၅ နာရီခွဲတွင်လည်းကောင်း၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မနက် ၄ နာရီခွဲတွင်လည်းကောင်း၊ နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာ အုပ်ချုပ်ရေးမှူး ခင်မောင်ဌေးဆိုသူ၏ နေအိမ်ကို မနက် ၅ နာရီခွဲတွင်လည်းကောင်း ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ပါရှိသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုက ပူးပေါင်းပါဝင်ကြရန် ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။
မကွေးတိုင်း၌ ပေါက်ကွဲမှုများ ဖြစ်ပွားနေသကဲ့သို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြို့မရဲစခန်းကို မွန်းလွဲပိုင်းတွင် ဒေသခံ PDF အဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မွန်းလွဲပိုင်းက ကလေးမြို့မရဲစခန်းအနီး ပေါက်ကွဲသံကြားခဲ့ရပြီး ရဲစခန်းဘက်မှ ပစ်ခတ်သံ ၂ ချက်ကြားခဲ့ရသည်ဟု ကလေးမြို့မရဲစခန်းအနီး နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။
“ ဒီနေ့ ၁ နာရီခွဲလောက်က ဖြစ်သွားတာပါ။ အသံ ၂ ချက် ကြားလိုက်ရတယ်။ ရဲတွေ ဘာတွေ သေတယ်လို့တော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
ကလေးမြို့ခံ နောက်တစ်ဦးကလည်း ပစ်ခတ်သံ၊ ပေါက်ကွဲသံများ ကြားရကြောင်း အတည်ပြုသည်။
ကလေးမြို့တွင် စစ်အာဏာရှင်ကို ပျက်ရက်မရှိဆန္ဒပြနေသော ပင်မစစ်ကြောင်းတွင် ပါဝင်သူတို့ကို ယနေ့ မနက်တွင် စစ်ကောင်စီတပ်က ကားဖြင့်တိုက်ပြီး ၂ ဦးကို ဖမ်းဆီးခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံတော်လှန်ရေးတိုက်ပွဲများ စက်တင်ဘာ ၇ တွင် စတင်ပြီဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများအားလုံး ယနေ့မှစ၍ တာဝန်ထမ်းဆောင်ခြင်းမပြုတော့ရန်၊ ပြည်သူများ ခရီးသွားလာခြင်းများကို ရှောင်ရှားကြရန် NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ( စက်တင်ဘာ ၇) မနက် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe