ပဲခူးတိုင်း၊ ပြည်မြို့တွင် စစ်ကောင်စီတပ် တပ်စွဲထားသည့် ခေတ္တရာပန်းခြံနှင့် အနီးတစ်ဝိုက်၌ ယနေ့ (စက်တင်ဘာ ၆) နေ့လယ် ၃ နာရီဝန်းကျင်အတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီးနောက် မြို့ဝင်ပေါက် ထွက်ပေါက်များကို ပိတ်ကာ ရှာဖွေစစ်ဆေးနေသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“စစ်သားတွေတပ်စွဲထားတဲ့ ပန်းခြံမှာပေါက်တာ။ ဒီနေ့ နှစ်ကြိမ်ပေါက်တယ်” ဟု အဆိုပါအမျိုးသမီးက Myanmar Now ကို ယနေ့ညနေပိုင်းတွင် ပြောသည်။
စစ်သားနှင့် ရဲအချို့ရှိနေသည့် ခေတ္တရာပန်းခြံရှေ့တွင် တစ်ကြိမ်၊ ပန်းခြံနှင့် မျက်နှာချင်းဆိုင်ရှိ ဗိုလ်ချုပ်လမ်းမပေါ်တွင် တစ်ကြိမ် ပေါက်ကွဲခဲ့ပြီး စစ်သား နှစ်ဦး၊ ရဲတစ်ဦး သေဆုံးသည်ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့အတူ အရပ်သားနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပေါ် ထိခိုက်၊ ဒဏ်ရာရမှုနှင့် ပျက်စီးမှုအခြေအနေ အသေးစိတ်သိနိုင်ရန် ပြည်မြို့ရဲစခန်းကို ဆက်သွယ်နေသော်လည်း မရသေးပါ။
ပေါက်ကွဲမှုများဖြစ်ပြီးနောက် များမကြာမီတွင် ပြည်မြို့ အဝင်အထွက်များဖြစ်သည့် တာဂွဂိတ်နှင့် နဝင်းတံတားတို့ကို ပိတ်ခဲ့ပြီး မြို့အတွင်း အစစ်အဆေးကြမ်းနေသလို အချို့နေရာများတွင် သေနတ်ပစ်ဖောက် ခြောက်လှန့်မှုများ ရှိသည်ဟု အထက်ပါမြို့ခံအမျိုးသမီးက ဆိုသည်။
“သူတို့က အဓိကကတော့ သူတို့ဘက်က အထိနာတော့ (လုပ်တဲ့)လူကို ထွက်ပြေးသွားမှာစိုးလို့ ပိတ်ပြီးရှာတာ”ဟု ၎င်းက ပြောသည်။
ပြည်မြို့တွင် ယနေ့ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများမှာ ပြည်သူကို အပြင်းအထန် ဖိနှိပ်သတ်ဖြတ်နေသည့် စစ်ကောင်စီကို ပစ်မှတ်ထားသည့် ၎င်းတို့လက်ချက်ဟု Pyay Underground Force အဖွဲ့က ကြေညာထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p



