သတင်း

ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ထိုက်သည့်သက်သေအဖြစ် လျှောက်ထားမှုကို တရားရုံးက ပယ်ချ

ရန်ကုန် – ရိုက်တာသတင်းထောက် ၂ ဦးအမှုတွင် ဒုတိယရဲမှူး မိုးရန်နိုင်သည် မယုံကြည်ထိုက်သည့် သက်သေဖြစ်ကြောင်း တရားလို၏ လျှောက်ထားမှုကို အင်းစိန်မြို့နယ် တရားသူကြီးက မေ ၂ ရက်နေ့ ရုံးချိန်းတွင် ပယ်ချလိုက်ပြီး  ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

သတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံး (ခ) ကိုသက်ဦးမောင်၊ ကိုကျော်စိုးဦးတို့ကို အရေးယူနိုင်ရန် ထောင်ချောက်ဆင်ဖမ်းခဲ့သည်ဟု ဒုရဲမှူးက တရားခွင်တွင် ထွက်ဆိုခဲ့သူဖြစ်သည်။

“အခုက ဒုရဲမှူးမိုးရန်နိုင်ရဲ့ သက်သေထွက်ချက်သည် ရုံးကနေ မယုံကြည်ထိုက်သည့် သက်သေမဟုတ်ဘူး။ တစ်နည်းဆိုရရင် ဆန့်ကျင်ပြောလိုက်တာ မဟုတ်ဘူး၊ ယုံကြည်လောက်တဲ့သက်သေအဖြစ် ထည့်စဉ်းစားမယ်လို့ ပြောလိုက်တာ ဖြစ်တယ်” ဟု ကိုဝလုံးတို့၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က တရားရုံးပြင်ပရှိ သတင်းထောက်များကို ပြောကြားခဲ့သည်။

“အခုတိုင်းဆိုရင်တော့ ထပ်စစ်လေ ရှာဖွေလေ တွေ့ရှိလေဆိုသလိုဖြစ်လာပြီ။ ထပ်စစ်လေ ပေါ်လာလေ၊ ကောင်းတဲ့အချက်တွေဖြစ်သွားပါ့မယ်။ သူ့ကို မယုံကြည်ထိုက်တဲ့သက်သေ မဟုတ်တော့ဘဲနဲ့ ထည့်သွင်းစဉ်းစားမယ်ဆိုတော့ ကျွန်တော်တို့အတွက် အကျိုးသက်ရောက်မှုတွေ ရှိပါတယ်” ဟု သူက ဆက်ဆိုသည်။

အစိုးရဘက်မှ သက်သေအဖြစ် တင်ပြခဲ့သည့် ၂၅ ဦးရှိသည့်အနက်မှ ဒုရဲမှူးအပါအဝင် ၁၆ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်သည်။

ရခိုင်ဒေသ သတင်းယူနေသည့် သတင်းထောက် ကိုဝလုံးကို တွေ့ဆုံခဲ့သည်ဟုဆိုသော ဒုရဲမှူးကို ယခင်က တရားခွင်တွင် ရဲယူနီဖောင်းဖြင့် တွေ့ခဲ့ကြရသည်။ ကိုဝလုံးတို့ကို ထောင်ချောက်ဆင်ဖမ်းဆီးခြင်းဖြစ်ကြောင်း ထွက်ဆိုရာမှ မထင်မရှား ရဲအရာရှိဘဝမှ လူသိများသည့်သူတစ်ဦး ဖြစ်လာသည်။

ထိုသို့ ထွက်ဆိုပြီးနောက်ပိုင်းတွင် သားသမီး ၂ ဦးနှင့် ဇနီးတို့သည်  ရဲ တပ်ဖွဲ့လိုင်းခန်း နေအိမ်မှ ဖယ်ရှားခံခဲ့ရရာ အမှုကို စောင့်ကြည့်လေ့လာသူအများအပြားက ရဲတပ်ဖွဲ့ကို ဝေဖန်ပြစ်တင်ခဲ့ကြသည်။

ဒုတိယရဲမှူးမိုးရန်နိုင်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် ၁ နှစ် အပြစ်ပေးခံခဲ့ရကြောင်း သိရသည်။

ကိုဝလုံးက အဆိုပါသတင်းအတွက် စိတ်မကောင်းဖြစ်မိသည်ဟု မေ ၂ ရက်နေ့ တရားရုံးခွင်မှ အပြန်တွင် ပြောသည်။

သတင်းသမားတဦးအနေဖြင့်သာ ဒုတိယရဲမှူးမိုးရန်နိုင်ကို သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့ ရဲအရာရှိကို အရေးယူလိုက်ခြင်းသည့် သတင်းသမားများ ရဲတပ်ဖွဲ့ကို ဆက်သွယ်ခြင်း မပြုရန် တားမြစ်လိုက်သည့်သဘော ဆောင်နေကြောင်း ကိုဝလုံးက ပြောသည်။

“ကျွန်တော်တို့ကို မတရားလုပ်ခဲ့တဲ့ကိစ္စတွေ အမှန်တရားတွေက မကြာခင်ပေါ်လာတော့မှာပါ။ ကျွန်တော်တို့လည်း အများကြီး အမှန်တရားတွေအတွက် ဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဟု ကိုဝလုံးက ဆိုသည်။

“ကျွန်တော်တို့ကို ထောင်ထဲမှာ တစ်ရက်ထားတာက လက်ရှိ ဒီမိုကရေစီကိုသွားနေတဲ့ အစိုးရအနေနဲ့ ပိုပြီးတော့ တာဝန်ယူရမယ်။ ဒီမိုကရေစီကိုသွားနေတဲ့ သတင်းလွတ်လပ်ခွင့်အတွက် သူတို့ပိုတာဝန်ရှိတယ်၊ တာဝန်ခံရမယ်ဆိုတာ ပိုပြီး သိသာထင်ရှားစေပါတယ်”

ဒုတိယရဲမှူး မိုးရန်နိုင်သည် ရခိုင်ပြည်နယ် မောင်တောမြို့တွင် တာဝန်ကျခဲ့သူဖြစ်ပြီး ရိုက်တာသတင်းဌာနက ရရှိခဲ့သည့် ဘင်္ဂလီ ၁ဝ ဦးကို လက်ပြန်ကြိုးတုပ်ကွပ်မျက်နေသည့် ဓာတ်ပုံတွင် ပါဝင်နေသည်ဟု ယူဆရသော ရဲအရာရှိတစ်ဦးဖြစ်သည်။

သတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင်ဖမ်းရန်အတွက် ရဲမှူးချုပ်တင်ကိုကိုက ညွှန်ကြားခဲ့ကြောင်း၊ ဒီဇင် ဘာ ၁၂ ရက်နေ့ညတွင် ဒုတိယ တပ်ကြပ်နိုင်လင်းက အမှတ် ၈ လုံခြုံရေးတပ်ဖွဲ့ခွဲနှင့် သက်ဆိုင်သော စာရွက်များ ၎င်းတို့၏ လက်ထဲသို့ ထည့်ပေးပြီး အပြန်တွင် စောင့်ဖမ်းရန် စီစဉ်ခဲ့ကြောင်း ဒုတိယရဲမှူးက ဧပြီ ၂ဝ ရက်နေ့ တရားခွင်တွင် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ဒုတိယရဲမှူး မိုးရန်နိုင်သည် လွန်ခဲ့သော နှစ် ၂ဝ ကျော်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ရှိ ကျေးရွာတစ်ရွာတွင် မူလတန်းကျောင်းအုပ်ဆရာဘဝကို စွန့်လွှတ်ပြီး ရဲတပ်ဖွဲ့တွင် ဒုရဲအုပ်အဖြစ် ဝင်ရောက်အမှုထမ်းခဲ့သူဖြစ်သည်။

Related Articles

Back to top button