
(ရန်ကုန်) – ‘ရိုက်တာ’သတင်းထောက်နှစ်ဦး၏ အမှုနှင့်ဆက်စပ်ပြီး ရဲစည်းကမ်းဥပဒေဖောက်ဖျက်မှုဖြင့် အင်းစိန်အကျဉ်းထောင်၌ ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ကျခံနေရသည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတက်မည်ဖြစ်သော်လည်း လိုအပ်သည့်စာရွက်စာတမ်းများကို သက်ဆိုင်ရာ ဌာနများက ထုတ်မပေးသေးသဖြင့် တန့်နေရကြောင်း ၎င်း၏ရှေ့နေဖြစ်သူက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ၏အမြင့်ဆုံး တရားရုံးဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပိုင်ခွင့်ရှိသည့် ‘အမှုခေါ်စာချွန်တော်အမိန့်’ ထုတ်ပေးရန်အတွက် ကာယကံရှင် တို့က လျှောက်ထားရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
‘အမှုခေါ် စာချွန်တော်အမိန့်’ဆိုသည်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် အောက်ရုံးများ၏ စစ်ဆေးစီရင်မှုများကို မှန်ကန်မှုရှိမရှိ၊ ဥပဒေနှင့်ညီညွတ်မှု ရှိမရှိ စိစစ်ပြီး မှားယွင်းနေပါက ပြန်လည်ပြင်ဆင်ပေး နိုင်ရန် အမိန့်ထုတ်နိုင်သည့်အခွင့်အာဏာဖြစ်ပြီး ပြည်သူတို့အနေဖြင့် အထူးအခြေအနေများတွင် ထိုသို့ ပြန်လည် စိစစ်ပေးရန်အတွက် ‘အမှုခေါ်စာချွန် တော်အမိန့်’ထုတ်ပေးရန် တရားလွှတ်တော်ချုပ်အား လျှောက်ထားပိုင်ခွင့် ရှိသည်။
ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲဆိုစစ်ဆေးခံနေရသည့် ‘ရိုက်တာ’သတင်းဌာနမှ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့နှစ်ဦးကို “ခွင့်ပြုချက်မရဘဲ” တွေ့ဆုံခဲ့သည်ဟုဆိုကာ သတင်းထောက်နှစ်ယောက်ကို မဖမ်းဆီးမီ ရက်ပိုင်းအလိုတွင် ထိန်းသိမ်းခံခဲ့ရသူဖြစ်ပြီး ထိုသတင်းထောက် နှစ်ဦး အမှုနှင့်ဆက်စပ်ပြီး အပြစ်ပေးခံရသည့် တစ်ဦးတည်းသော ရဲတပ်ဖွဲ့အရာရှိဖြစ်သည်။
၎င်းသည် တစ်ချိန်တည်းတွင် သတင်းထောက်နှစ်ဦး၏အမှုအတွက် တရားလို ပြသက်သေတစ်ဦးလည်း ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီနှင့်မေလများအတွင်းက ရုံးတော်သို့ လာရောက်ထွက်ဆိုခဲ့ ရာတွင် ‘ရိုက်တာ’သတင်းထောက် နှစ်ဦးကို တစ်နေရာသို့ချိန်း၍ စာရွက်စာတမ်းအချို့ လက်ထဲထည့်ပေးပြီး “နိုင်ငံတော်လျှို့ဝှက်ချက်များ” လက်ဝယ်တွေ့ရှိသည်ဟု ဆိုကာ အမှုဆင် ဖမ်းဆီးရန် ၎င်း၏ အထက်အရာရှိ ရဲမှူးချုပ်တင်ကိုကိုက တခြား ရဲတပ်ဖွဲ့ဝင်များကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ချခဲ့သူဖြစ်သည်။
ရဲတပ်ဖွဲ့ဘက်ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားပြီး သတင်းထောက်နှစ်ယောက် လမ်းလျှောက်နေစဉ် ရပ်တန့် ရှာဖွေရာမှ စာရွက်စာတမ်းများနှင့်အတူ တွေ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
အများအံ့အားသင့်ခဲ့ရသည့် ထိုအချက်ကို ဒုရဲမှူးမိုးရန်နိုင်ထွက်ဆိုခဲ့အပြီး တစ်လအတွင်း ၎င်းကို ရဲတပ်ဖွဲ့က ထုတ်ပယ်လိုက်ပြီး ရဲစည်းကမ်းဥပဒေ ဖောက်ဖျက်မှုဖြင့် ရဲဘက်ဆိုင်ရာ တရားရုံးက ၎င်းကိုထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။ ၎င်းမိသားစု ကိုလည်း နေပြည်တော်ရှိ ၎င်းတို့၏ရဲဝန်ထမ်းအိမ်ခန်းမှ ဖယ်ရှားခဲ့သည်။ သို့သော် ထိုသို့ မိသားစုကို ဖယ်ရှားစေခြင်းမှာ ၎င်း၏ထွက်ဆိုချက်နှင့် မသက်ဆိုင်ဟု ရဲက နောက်ပိုင်း ထုတ်ပြန်သည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များတွင် စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့်ပတ်သက်ပြီး သီးခြားပြဋ္ဌာန်းချက်ပါသော်လည်း ရဲဘက်ဆိုင်ရာတရားရုံးနှင့် ပတ်သက်၍ သီးခြားမပြဋ္ဌာန်းထားသဖြင့် ရဲတရားရုံး၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ရန်အတွက် ပြည်ထောင်စု တရားလွှတ်တော်သို့ အမှုခေါ်စာချွန်တော်အမိန့် တင်သွင်းရန် ပြင်ဆင်နေရခြင်းဖြစ်သည် ဟု ဦးမိုးရန်နိုင်၏ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောသည်။
အမှုခေါ်စာချွန်တော်အမိန့် လျှောက်ထားရန်အတွက် ဦးမိုးရန်နိုင်ကို ထောင်ဒဏ်အပြစ်ပေးကြောင်းအမိန့်နှင့် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခဲ့သည့် အမိန့်စာများ လိုအပ်ပြီး ၎င်းတို့ကို ရဲတပ်ဖွဲ့ထံမှ တောင်းခံခဲ့ရာ ကာယကံရှင်၏ လက်မှတ်ပါမှ ရမည်ဟု ရဲတပ်ဖွဲ့က အကြောင်းပြန်ခဲ့ကြောင်း၊ ဦးမိုးရန်နိုင်၏လက်မှတ်ကို အင်းစိန်ထောင်သို့ သွားရောက်ယူသည့်အခါ ထောင်အာဏာပိုင်များက ဌာနဆိုင်ရာအချင်းချင်း တိုက်ရိုက် တင်ပြပေးမည်ဟုသာ ပြောဆိုခဲ့ကြောင်း ဦးရောဘတ်စန်းအောင်က ပြောသည်။
“အင်းစိန်ထောင်မှာ လက်မှတ်သွားယူပြန်တော့လည်း ထောင်က ဒုကြီးကြပ်ရေးမှူးဆိုသူက ကျွန်တော်တို့လက်ထဲ မထည့်ဘဲနဲ့ သူတို့ဌာနဆိုင်ရာ အချင်းချင်း တင်မယ်ဆိုပြန်တယ်။
ဘယ်ဌာနကို တင်လိုက်တယ်၊ ဘယ်အခြေအနေရောက်နေတယ်ဆိုတာ ကျွန်တော်တို့ မသိရဘူး” ဟု ၎င်းကပြောသည်။
“(ဒုရဲမှူးဟောင်းရဲ့) အဲ့ဒီလက်မှတ်မရှိရင် သူ့ကို စီရင်ခဲ့တဲ့စီရင်ချက်မိတ္တူ ထုတ်မရဘူး။ ထုတ်မရတော့ ကျွန်တော်တို့က စာချွန်တော်လွှာ တက်မရဘူး။ ကျွန်တော်တို့ စာချွန်တော်လွှာတက် မှာကို လက်မခံတဲ့ သဘောမျိုးပဲ” ဟု တရားလွှတ်တော်ရှေ့နေက ဆိုသည်။
အင်းစိန်အကျဉ်းထောင်မှ ဒုကြီးကြပ်ရေးမှူးအား Myanmar Now က ဆက်သွယ်ရာတွင် ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိသလို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး မျိုးသူစိုးထံသို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင်လည်း မအားလပ်သေးသည့်အတွက် မဖြေပေးနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဦးမိုးရန်နိုင်အနေဖြင့် အင်းစိန်အကျဉ်းထောင်ထဲတွင် အဆင်ပြေပြေ နေရကြောင်း၊ ကျန်းမာရေးမှာလည်း ကောင်းမွန်ကြောင်း ဇွန်လနှောင်းပိုင်းက ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့သည့် သူ၏ဇနီးမတူးတူးက ပြောသည်။
“ကိုယ်လည်း ဘာမှမလုပ်ဘဲနဲ့ ဒီလိုဖြစ်လာတာဆိုတော့ ဝဋ်ကြွေးရှိလို့ပဲ မှတ်ယူလိုက်တော့တယ်။ ကံတရားပဲလို့ ဖြေသိမ့်လိုက်တော့မယ်” ဟု ကျောင်းနေအရွယ် သားသမီးသုံးယောက် မိခင် မတူးတူးက ပြောသည်။
ရန်ကုန်မှ မိုင် ၄၅၀ ခန့်ကွားဝေးသည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့တွင် နေထိုင်သည့် မိသားစုဝင်များအနေဖြင့် အင်းစိန်အကျဉ်းထောင်သို့ ထောင်ဝင်စာ လာရောက်တွေ့ဆုံရန် အခက်အခဲရှိနေကြောင်း ဦးမိုးရန်နိုင်၏ ညီ ဦးရဲဝင့်နိုင်က ပြောသည်။
“အခု သူ့မိသားစုမှာလည်း ဘာဝင်ငွေမှ ရှိတာမဟုတ်ဘူး။ အရင်ကလို ကျွန်တော့်အစ်ကိုရဲ့ လစာကလည်း ရတော့တာမဟုတ်တော့ ထောင်ဝင်စာတွေ့ဖို့ဆိုတာ မိသားစုတွေအနေနဲ့ တော်တော်လေး ရုန်းကန်ရတယ်” ဟု ၎င်းကဆိုသည်။
ဒုရဲမှူးဟောင်းမိုးရန်နိုင်သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လက ရခိုင်မြောက်ပိုင်း မောင်တောခရိုင် အင်းဒင်ရွာ၌ မွတ်စလင်အမျိုးသား ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်မှုဖြစ်ပွားစဉ်က ထိုဒေသ၌ တာဝန်ကျခဲ့သူဖြစ်ပြီး ထိုလူသတ်မှုသတင်းကို စုံစမ်းထောက်လှမ်းနေသည့် ‘ရိုက်တာ’သတင်းထောက် နှစ်ဦးက သတင်း အတည်ပြုချက်ယူရန်အတွက် လိုက်လံ ဆက်သွယ်မေးမြန်းခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။
၎င်းသည် သတင်းထောက် ကိုဝလုံးကို လက်ခံတွေ့ဆုံခဲ့သည်ဟု ဝန်ခံခဲ့သော်လည်း မည်သည့်အချက်အလက်ကိုမျှ မပေးခဲ့ဟု ဆိုသည်။ သို့သော် အထက်ခွင့်ပြုချက်မရဘဲ သတင်းမီဒီယာနှင့် တွေ့ဆုံခြင်းသည် ရဲစည်းကမ်းဥပဒေကို ဖောက်ဖျက်ခြင်းဖြစ်သည်ဟုဆိုကာ သတင်းထောက်နှစ်ဦး အဖမ်းခံရသည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ မတိုင်မီကတည်းက ရဲအချုပ်တွင် ထိန်းသိမ်းခံခဲ့ရသည်။ ထိုကာလအတွင်း ၎င်းကို မိသားစုနှင့်လည်း တွေ့ဆုံခွင့် မပေးခဲ့ချေ။
ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ ရုံးချိန်းတွင် ၎င်းသည် တရားလိုပြသက်သေတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် လူမြင်ကွင်းသို့ ထွက်လာခဲ့ပြီး သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ကာ ဖမ်းဆီးရန် ရဲမှူးချုပ်တင်ကိုကိုက လက်အောက်ခံရဲတပ်ဖွဲ့ဝင်များကို ညွှန်ကြားနေသည်ကို ၎င်းကိုယ်တိုင် ရဲအချုပ်တွင် ရှိစဉ်က ကြားသိခဲ့ကြောင်း ဖွင့်ချခဲ့သည်။
၎င်းကို မေလ ၂၇ ရက်နေ့တွင် ရဲတရားရုံးက တံခါးပိတ်စစ်ဆေးကာ ထောင်ဒဏ်တစ်နှစ် အပြစ်ပေးခဲ့သည်။