
ရိုက်တာသတင်းထောက်များအား ရဲတပ်ဖွဲ့က ထောင်ချောက်ဆင်ဖမ်းခဲ့သည့်ဖြစ်စဉ်ကို တရားရုံးတွင် ထုတ်ဖော်ပြောဆိုခဲ့သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်အား မနက်ဖြန် (ဖေဖော်ဝါရီ ၁ )တွင် ပြန်လည်လွှတ်ပေးမည်ဟု ရန်ကုန်အင်းစိန် ထောင်အရာရှိများက အတည်ပြုခဲ့သည်။
ရဲအရာရှိဟောင်းသည် ယခုအချိန်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ရိုက်တာသတင်းထောက် နှစ်ဦးနှင့် တွေ့ဆုံခဲ့သည့်အတွက် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၁၆(ခ)/၂၂ ဖြင့် ၂၀၁၈ ဧပြီတွင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ သတင်းထောက်များသည် ထိုအချိန်တွင် ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာရှိ အရပ်သား ၁၀ ဦးအသတ်ခံရသည့် သတင်းကို စုံစမ်းရေးသားရန် ပြင်ဆင်နေခဲ့သည်။
ဦးမိုးရန်နိုင်၏ မိသားစုဝင်များသည် သူ့အားကြိုဆိုရန် စစ်ကိုင်းတိုင်း ခင်ဦးမြို့မှ ရန်ကုန်သို့ ထွက်ခွာလာနေပြီဖြစ်ကြောင်း ညီဖြစ်သူ ဦးရဲဝင့်နိုင်ကပြောသည်။
ပြီးခဲ့သည့်လကလည်း ဦးမိုးရန်နိုင်လွတ်မြောက်မည်ဟု ထောင်အရာရှိတချို့က ပြောဆိုခဲ့ပြီးနောက် သူ၏မိသားစုသည် အင်းစိန်ထောင်ရှေ့ လာရောက်စောင့်နေခဲ့ဖူးသည်။ သို့သော် ရက်တွက်မှားသည်ဆိုသည့် အကြောင်းပြချက်ဖြင့် လွတ်မလာခဲ့ပါ။
ဦးမိုးရန်နိုင်သည် ရဲတပ်ဖွဲ့မှ ထုတ်ခံခဲ့ရပြီး နေပြည်တော်ရှိ ၎င်း၏ မိသားစုများနေထိုင်ရာ ရဲတပ်ဖွဲ့လိုင်းခန်းမှ မိသားစုများကို သူ့အားဖမ်းဆီးပြီးနောက် အချိန်မဆိုင်းပဲ ပြောင်းရွှေ့ခိုင်းခဲ့သည်။
ကိုမိုးရန်နိုင်ကို နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသည့် ဦးဝင်တင်ဖောင်ဒေးရှင်းမှလည်း ဂုဏ်ပြုခဲ့သလို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်ပြီး Pen Myanmar မှလည်း ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်