စင်ကာပူအခြေစိုက် Emerging Towns and Cities (ETC) ကုမ္ပဏီက အကောင်အထည်ဖော်တည်ဆောက်ထားသည့် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်းမှာ စီးပွားရေးအရ ရပ်တည်နိုင်လိမ့်မည် မဟုတ်ကြောင်း ကုမ္ပဏီ၏ စာရင်းစစ်အဖွဲ့က သတိပေးလိုက်သည်။
တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး Huawei နှင့် တရုတ်နိုင်ငံပိုင်ဘဏ် Bank of China တို့ကဲ့သို့သော ကော်ပိုရေးရှင်းကြီးများအသုံးပြုလျက်ရှိသော အဆင့်မြင့်အိမ်ခန်းပေါင်း ၁၀၆၅ ခန်းပါရှိသည့် Golden City အိမ်ရာစီမံကိန်းကို ETC ကုမ္ပဏီက လုပ်ကိုင်နေခြင်းဖြစ်သည်။
စစ်တပ်ပိုင်မြေပေါ်တွင် တည်ဆောက်ထားသည့် အဆင့်မြင့်အိမ်ရာစီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်းချီ ငှားရမ်းခပေးရမည့်အပေါ် ETC ကုမ္ပဏီမှာ ဖေဖော်ဝါရီလအတွင်း ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခံခဲ့ရသည်။ စင်ကာပူစတော့အိတ်ချိန်းရှိ ကုမ္ပဏီ၏ ရှယ်ယာများကို စတော့အိတ်ချိန်း၌ ဆိုင်းငံ့ထားရန်ထိပင် ဖိအားပေးခံခဲ့ရသည်။
ယခုအခါ မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိသော စိန်ခေါ်မှုကြီးများနှင့် အဖြစ်အပျက်များကြောင့် ETC ကုမ္ပဏီမှာ ငွေကြေးစီးဆင်းမှုနှင့် ပတ်သက်၍ ပြဿနာအကြီးအကျယ်ရင်ဆိုင်နေရသည်ဟု ကုမ္ပဏီ၏ စာရင်းစစ်အဖွဲ့ဖြစ်သော စင်ကာပူနိုင်ငံမှ Foo Kon Tan LLP က ဆိုသည်။
ETC ကုမ္ပဏီအနေဖြင့် နောက် ၁၂ လ ရပ်တည်နိုင်ရန် မသေချာမရေရာဖြစ်နေကြောင်း၊ Foo Kon Tan စာရင်းစစ်အဖွဲ့က ဆိုသည်။ မြန်မာနိုင်ငံမှ ပြဿနာများကြောင့် ၂၀၂၁ ပထမနှစ်ဝက်တွင် အရှုံးပြခဲ့ရာ ကုမ္ပဏီ၏ အကျိုးအမြတ်ရရှိမှုသည်လည်း ပြဿနာရှိနေကြောင်း Foo Kon Tan စာရင်းစစ်အဖွဲ့က ဆိုသည်။
နှစ်ပတ်လည်အစီရင်ခံစာအရ ငွေကြေးစီးဆင်းမှုပြဿနာများကြောင့် ETC ကုမ္ပဏီအနေဖြင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ဒေါ်လာ ၅၄ သန်းသော ဘဏ်ချေးငွေကို ပေးဆပ်နိုင်ခြင်း မရှိခဲ့သည်ကို Foo Kon Tan စာရင်းစစ်အဖွဲ့က ထောက်ပြထားသည်။
သို့သော ဘဏ်ချေးငွေကိစ္စ အချိန်တိုးပေးနိုင်ရန် ညှိနှိုင်းပြီးဖြစ်သည့်အတွက် ကုမ္ပဏီအနေဖြင့် ရှေ့ခရီးဆက်နိုင်လိမ့်မည်ဟု ကုမ္ပဏီဘုတ်အဖွဲ့က ယုံကြည်သည်ဟု စာရင်းစစ်အဖွဲ့၏ ကောက်ချက်ချမှုအပေါ် ETC က တုံ့ပြန်သည်။
မြန်မာစစ်တပ်နှင့်ဆိုင်သော ပေးချေမှုများ
Golden City အိမ်ရာ စီမံကိန်းအတွက် ETC ကုမ္ပဏီအနေဖြင့် ၂၀၁၉ ခုနှစ်အကုန်တွင် မြန်မာစစ်တပ်ကို ဒေါ်လာ ၃၂ သန်း အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း Justice For Myanmar အဖွဲ့က ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့ရာ စင်ကာပူစတော့အိတ်ချိန်းရှိ ETC ကုမ္ပဏီ၏ ရှယ်ယာများကို ဆိုင်းငံ့ထားရန်အထိ ဦးတည်စေခဲ့သည်။
ETC ကုမ္ပဏီကမူ မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းများကို သီးခြားအဖွဲ့အစည်းဖြင့် စစ်ဆေးရန်နှင့် ဆိုင်းငံ့ထားရမည့် ကုမ္ပဏီပိုင်ရှယ်ယာများ ရောင်းချခွင့်ရရန် တောင်းဆိုခဲ့သည်။
ကုမ္ပဏီ၏လုပ်ငန်းများအပေါ် စစ်ဆေးမှုနှင့် ပတ်သက်၍ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင်လည်း စင်ကာပူကုမ္ပဏီ ETC က တုံ့ပြန်ဖြေကြားခြင်း မရှိပေ။
စင်ကာပူနိုင်ငံမှ ETC ကုမ္ပဏီမှာ Golden City အိမ်ရာစီမံကိန်း၏ အဓိကရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ၎င်းနှင့် ပူးတွဲရင်းနှီးမြှုပ်နှံသူများတွင် အခွန်ရှောင်ကုမ္ပဏီများအခြေစိုက်ရာဟု နာမည်ကျော်ကြားသော British Virgin Islands နိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီလေးခု ပါဝင်သည်။ ထိုကုမ္ပဏီလေးခု၏ ပိုင်ရှင်များမှာ မည်သူမည်ဝါဖြစ်သည်ဟု မသိရပေ။
သတိထားစရာဖြစ်လာသော ETC ၏ အကျိုးအမြတ်ဆုံးရှုံးမှု
ETC ၏ နောက်ဆုံးထုတ်ပြန်ထားသော ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များအရ ကုမ္ပဏီအနေဖြင့် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုမတိုင်မီကတည်းက အခက်အခဲများ ရှိနေခဲ့သည်။ ကုမ္ပဏီသည် ၂၀၁၉ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၁၇ ဒသမ ၉ သန်း အကျိုးအမြတ်ရရှိခဲ့သော်လည်း ၂၀၂၀ တွင် စင်ကာပူဒေါ်လာ ၅ ဒသမ ၅ သန်းဆုံးရှုံးခဲ့သည်။
ရန်ကုန်တွင် တိုက်ခန်းအရောင်းချမှုမှ ဝင်ငွေ နည်းသည်ထက်နည်းလာသောကြောင့် ၂၀၂၁ ပထမနှစ်ဝက်တွင်လည်း ဆက်လက်ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း အိမ်ခြံမြေကုမ္ပဏီ ETC က ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။
စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးမြို့တော် ရန်ကုန်ရှိ အခြားသော အိမ်ခြံမြေကဏ္ဍနှင့်ဆိုင်သော ဖွံ့ဖြိုးတိုးတက်မှုများ၌ အခက်အခဲများဖြစ်ပေါ်ခဲ့သည်။
ဂျပန်ကုမ္ပဏီကြီးတစ်ခု ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ဒေါ်လာသန်း ၃၃၀ တန် Y-Complex စီမံကိန်းမှာလည်း စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားများ၏ လုံခြုံရေးအနေအထားကို အကြောင်းပြကာ ဆိုင်းငံ့ခဲ့ရသည်။
ရန်ကုန် ဒဂုံမြို့နယ်ရှိ စစ်တပ်ပိုင်မြေပေါ်တွင် အကောင်အထည်တည်ဆောက်နေသော Y-Complex စီမံကိန်းမှာလည်း စစ်တပ်ကို မြေငှားခပေးဆောင်နေရသည့် စီမံကိန်းဖြစ်သည်ဟု Justice For Myanmar က ထုတ်ပြန်ထားသည်။
သို့သော်ငြားလည်း အချို့သော ဇိမ်ခံအိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများမှာမူ စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့လင့်ကစား အကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိသည်။
နာမည်ကြီးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သော ဦးသိမ်းဝေ (ခ) ဆာ့ချ်ပန်းပိုင်ဆိုင်သည့် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings (YSH) ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည့် Yoma Land အိမ်ခြံမြေလုပ်ငန်းမှာ ဝင်ငွေ ၃၁ ရာခိုင်နှုန်း တိုးတက်လာသည်ကို Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။
ပြည်သူလူထုအနေဖြင့် ဝင်ငွေလျော့ကျလာသော်လည်း အိမ်ခြံမြေဈေးနှုန်းများ အလုပ်ဖြစ်လျက်ရှိသည်ဟု ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စီးပွားရေးပညာရှင်များက ပြီးခဲ့သည့်လအတွင်း ထုတ်ဖော်ပြောကြားထားသည်။
(ဤသတင်းကို Myanmar Now နှင့် Finance Uncovered အဖွဲ့ ရေးသားသည်။)
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe