ဆူပူစေရန်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် ရန်ကုန်၊ အင်းစိန်ထောင်မှ အမျိုးသမီး ၃၀ ထက်မနည်းကို အခြားနယ်များရှိ အကျဉ်းထောင်များသို့ ယမန်နေ့ (ဩဂုတ်၂၉) မှစ၍ ရွှေ့ပြောင်းနေကြောင်း ရှေ့နေနှင့် မိသားစုဝင်အချို့က ပြောသည်။
ပြောင်းရွှေ့ခံရသူများမှာ စစ်အုပ်ချုပ်ရေးကြေညာထားသည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စသည့်မြို့နယ်များတွင် အမှုဖွင့်ခံထားရသူများဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်များက ဆိုသည်။
ထိုသို့ ထောင်ရွှေ့ပြောင်းခြင်းကို အင်းစိန်ထောင်ဝန်ထမ်းအချို့ထံမှ စုံစမ်းသိရှိခဲ့ရပြီး ပုဒ်မ ၅၀၅ ကဖြင့် ထောင်သုံးနှစ် အမိန့်ချခံထားရသည့် ၎င်း၏ အမှုသည်သုံးဦးမှာ ယမန်နေ့တွင် ပြောင်းရွှေ့လိုက်သည့် စာရင်းတွင် ပါဝင်သွားကြောင်း ရှေ့နေဦးသက်နောင်က ပြောသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် မေလအတွင်း အမိန့်ချခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်၊ နိုင်ကျဉ်းဟောင်း အသက် ၆၄ နှစ်အရွယ် ဒေါ်မိငယ်ကို သာယာဝတီအကျဉ်းထောင်၊ လှိုင်သာယာမြို့နယ်တွင် ဇွန်လအတွင်းက အမိန့်ချခံရသူနှစ်ဦးအနက် ဒေါ်နီနီမေမြင့်ကို သရက်အကျဉ်းထောင်၊ ဒေါ်ချစ်ချစ်ချောကို မြင်းခြံထောင်တို့သို့ ပို့လိုက်ကြောင်း ၎င်းက အတည်ပြုသည်။
ဒေါ်နီနီမေမြင့်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် NLD အမတ်ဟောင်းဖြစ်ပြီး ဒေါ်ချစ်ချစ်ချောမှာ အဆိုပါမြို့နယ်၏ အမျိုးသားလွှတ်တော် NLD အမတ်လောင်းအဖြစ် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။
“သေချာပါတယ်။ ပြောင်းတဲ့အထဲမှာ အဲဒီသုံးဦး ပါဝင်ပါတယ်”ဟု ဦးသက်နောင်က ပြောသည်။
ထို့အတူ ဧပြီလကုန်ပိုင်းတွင် ပုဒ်မ ၅၀၅ ကဖြင့်ပင် ရွှေပြည်သာမြို့နယ်၌ ထောင်နှစ်နှစ် ချခံရသည့် အသက် ၄၃ နှစ်အရွယ် ဒေါ်ဖြူဖြူစိုးကို ယမန်နေ့(ဩဂုတ်၂၉)ကပင် သာယာဝတီအကျဉ်းထောင်သို့ ပြောင်းလိုက်ကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြုသည်။
“မနေ့က အပြောင်းခံရတာ၊ မနက် ၄ နာရီလောက်ကတည်းက သူတို့ကို ပြောင်းတာတဲ့။ ဘာအကြောင်းပြချက်မှ မရှိဘူး။ သိလည်း မသိရဘူးတဲ့။ အချုပ်ကားပေါ်က ရဲဖုန်းနဲ့ အိမ်ကို လှမ်းဆက်ပြောလို့ သိရတာ။ သူ့ဘက်ကသာ မဆက်သွယ်နိုင်ရင် သူ ဘယ်ထောင်ရောက်သွားမှန်းတောင် သိရမှာ မဟုတ်ဘူး” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။
အသက် ၁၅ နှစ်အရွယ်သားတစ်ဦးရှိသည့် ဒေါ်ဖြူဖြူစိုးမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်လေ့ရှိသည့် အိမ်ထောင်ရှင်မတစ်ဦးဖြစ်ကာ ခင်ပွန်းသည်မှာလည်း ပြည်ပတွင် အလုပ်လုပ်နေသူဖြစ်၍ ၎င်းထောင်ကျချိန်တွင် ဒေါ်ဖြူဖြူစိုး၏ သားကို ဆွေမျိုးများက စောင့်ရှောက်ထားရကြောင်း ၎င်းက ပြောသည်။
“ဒီမှာက (အင်းစိန်ထောင်) ၅၀၅ တွေလည်းရှိတယ်၊ (အခြားပုဒ်မများဖြင့်) ထောင်ကျတရားခံတွေ လည်းရှိတယ်။ ဒါမျိုးဆိုရင် တတ်နိုင်သမျှ (အကျဉ်းဦးစီးက) အချင်းချင်း ခွဲလုပ်ကြတဲ့သဘောလို့ အကြမ်းဖျင်းတော့ ယူဆရတာပေါ့။ ရှေ့မှာကတော့ ထောင်ကျသွားပြီဆိုလို့ရှိရင်တော့ များသောအားဖြင့် ဒီလိုမျိုးပဲ ရွှေ့ကြတယ်“ ဟု ရှေ့နေ ဦးသက်နောင်က ပြောသည်။
ထိုသို့ ထောင်ပြောင်းရွှေ့သည့် အစီအစဉ်တွင် ဦးရေမည်မျှပါဝင်သည်၊ မည်သူတို့ဖြစ်သည်နှင့် အမျိုးသားများပါဝင်ခြင်းရှိမရှိ စသည့် အသေးစိတ်အချက်အလက်များကို သိနိုင်ရန် ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းများအရ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁မှ ဩဂုတ် ၂၈ ရက်အထိ စစ်ကောင်စီက ဖမ်းထားဆဲဖြစ်သူ စုစုပေါင်း ၆၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် ၂၅၈ ဦးကိုသာ ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ကြောင်း သိရသည်။
AAPP ကို ချဲ့ကားလွန်းသည်ဟု ဝေဖန်လေ့ရှိသည့် စစ်ကောင်စီကမူ ထိုသို့သော အကြောင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်လေ့ မရှိပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe



