သတင်း

ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ နေအိမ်ကို စစ်တပ်ဝင်ရောက်စီးနင်း 

ပြောက်ကျားဝတ်စုံဖြင့် သေနတ်ကိုင်ဆောင်ထားသော ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ ဓာတ်ပုံများထွက်ပေါ်လာပြီးနောက် ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ ၎င်း၏နေအိမ်ကို စစ်သားနှင့် ရဲများ ဝင်ရောက်စီးနင်းကာ ကားတစ်စီးနှင့် လက်ကိုင်ဖုန်းသုံးလုံးကို သိမ်းယူသွားသည်ဟု သိရသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျုံပျော် နယ်မြေခံတပ်ရင်း ခမရ ၃၆ တပ်ရင်းမှ စစ်သားအချို့နှင့်အတူ ရဲ၊ ရွာခံသတင်းပေးများအပါအဝင် အင်အား ၂၀ ခန့် ရောက်ရှိလာကာ Harrier အမျိုးအစား ကားတစ်စီးနှင့် မိသားစုဝင်များ၏ လက်ကိုင်ဖုန်းသုံးလုံးကို သိမ်းယူသွားသည်ဟု မန်းဂျော်နီ၏ မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

ကားသိမ်းယူစဉ် ခေါ်ဆောင်သွားခြင်းခံရသည့် မန်းဂျော်နီ၏ သားတစ်ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း မိသားစုဝင်များကို ဘယ်မှမသွားရန် တားမြစ်ခဲ့သည်ဟု ၎င်းက ပြောသည်။

“ပြီးတော တစ်အိမ်လုံးက လူတွေကို ဘယ်မှမသွားဖို့ သွားမယ်ဆိုရင် အကြောင်းကြား၊ ဘာညာဆိုတော့ ဒီက မိသားစုတွေရော သူငယ်ချင်းတွေရော စိုးရိမ်နေတာပေါ့”ဟု အဆိုပါအမျိုးသမီးက ပြောသည်။

လူမှုကွန်ရက်တွင် မန်းဂျော်နီ၏ ဓာတ်ပုံများထွက်ပေါ်လာသည့် ညနေပိုင်းတွင် ၎င်း၏ နေအိမ်အနီးရှီ နာဇရတ်ကက်သလစ်ဘုရားကျောင်းကို စစ်ကောင်စီက ဝင်စစ်ခဲ့ကြောင်း ကျုံပျော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဝင်စစ်ပြီး မနေ့ကပေါ့။ မနေ့ကကျတော့ သူတို့ဘာလုပ်လည်းဆိုတော့ ဒီဆရာကြီးတို့ အိမ်ကို ဝင်စစ်တယ်။ မိသားစုဝင်တွေရဲ့ ဖုန်းတွေအကုန်လုံးကို သိမ်းသွားတယ်။ ပြီးတော့ ကားရော”ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီ၏ နေအိမ်တွင် သားနှစ်ဦး၊ ချွေးမနှစ်ဦးနှင့် မြေးတစ်ဦးပေါင်း ၅ ဦးနေထိုင်ကြောင်း သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

အထက်ပါဖြစ်စဉ်ကို ၎င်းတို့တိုင်းရုံးအနေဖြင့် မသိရှိရကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီးထွန်းရွှေက ဆိုသည်။

ကျုံပျော်မြို့ပေါ်တွင် ပြီးခဲ့သည့်နှစ်ရက်မှစ၍ မြို့အဝင်အထွက်များပါမကျန် စစ်သားများဖြင့် လုံခြုံရေးတင်းကျပ်ထားသည်ဟု ကျုံပျော်မြို့ခံ အမျိုးသားက ပြောသည်။

“မြို့အလယ်ကောင်မှာ စစ်တာတို့၊ မြို့အထွက်တွေမှာ လိုက်ပြီးတော့ စစ်တာတို့၊ ပြီးတော့ ဆိုင်ကယ်ဆိုရင် နောက်ဖုံးဖွင့်ပြီး စစ်တာတို့ လုပ်ကြတယ်။ နဂိုဆိုရင် အဲ့ဒီလောက်အထိ ဒီမှာအရင်က တစ်ခါမှ ဒီလိုလုပ်တာ မတွေ့ရဘူး”ဟု ၎င်းက ပြောသည်။

အသက် ၈၀ အရွယ် မန်းဂျော်နီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားပြုကာ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် လေးကြိမ်ဆက် အနိုင်ရခဲ့သူဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အစိုးရအာဏာရရှိချိန်တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၈ တွင် ကျန်းမာရေးကြောင့် ရာထူးမှ နုတ်ထွက်ခဲ့သူဖြစ်သည်။

မန်းဂျော်နီသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၏ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။ 

စစ်ခေါင်းဆောင်များက မဲစာရင်းမှားသည်ဟု အကြောင်းပြကာ အာဏာသိမ်းယူပြီး ၇ လအကြာတွင် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ရန် စစ်ရေးလေ့ကျင်နေသည်ဟု မန်းဂျော်နီက ဩဂုတ် ၂၈ တွင်  Myanmar Now ကို ပြောကြားထားသည်။

“ပြည်သူသာလျှင် အဓိက။ ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ပြည်သူပါရင် အားလုံးနိုင်မယ်။ ဒီပွဲက အလဲထိုးပွဲပဲ။ သူမလဲရင် ကိုယ်လဲပဲ။ ကိုယ်မလဲရင် သူလဲပဲ။ ငါတို့ကတော့ ဆက်ချမှာပဲ” ဟု စစ်အာဏာရှင်ဖြုတ်ချရေး နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ မန်းဂျော်နီက ဆိုသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button