သတင်း

ရုရှားက စီစဉ်ထားသည့်အတိုင်း Pantsir ဒုံးလက်နက်များ ပေးပို့မည် 

ရုရှားနိုင်ငံသည် စီစဉ်ထားသည့်အတိုင်း လေကြောင်းရန်ကာကွယ်ရေး Pantsir-S1 ဒုံးလက်နက်များ  ပေးပို့သွားမည်ဖြစ်ကြောင်း Reuters သတင်းဌာနက ဩဂုတ် ၂၅ တွင် ရေးသားသည်။

ရုရှားနိုင်ငံထုတ် နာမည်ကျော် Pantsir-S1 ဒုံးစနစ်မှာ ဒုံးကျည်နှင့် စက်အမြောက်နှစ်မျိုးအသုံးပြုနိုင်သော တာတိုလေကြောင်းရန်ကာကွယ်ရေးစနစ်ဖြစ်ပြီး၊ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ၏ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း နေပြည်တော်ခရီးစဉ်၌ Pantsir-S1 အပါအဝင် Orlan-10E စောင့်ကြည့်ဒရုန်းများနှင့် ရေဒါလက်နက်ကိရိယာများရောင်းချရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒုံးလက်နက်နှင့် ပတ်သက်၍ စာချုပ်ပါ အချက်အလက်များအတိုင်း မြန်မာနိုင်ငံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ရုရှားစစ်တပ်မှ စစ်လက်နက်ပစ္စည်းဆိုင်ရာ အရာရှိတစ်ဦးဖြစ်သူ Dmitry Shugayev က ရုရှားသတင်းအေဂျင်စီတစ်ခုဖြစ်သော RIA ကို ပြောသည်။

အာဏာသိမ်းစစ်​ကောင်စီသည် ဖေဖော်ဝါရီလအတွင်းကလည်း အမေရိကန်ဒေါ်လာ ၁၅ သန်းတန် ရုရှားထုတ်ရေဒါပစ္စည်းများ ဝယ်ယူတင်သွင်းခဲ့ကြောင်း The Moscow Times သတင်းဌာနက ဧပြီလတွင် ရေးသားဖော်ပြခဲ့သည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းယူခြင်းမပြုမီ တစ်ပတ်အလိုတွင် နေပြည်တော်သို့ လာရောက်ခဲ့သော ရုရှားကာကွယ်ရေးဝန်ကြီးက Pantsir-S1 အပါအဝင် Orlan-10E စောင့်ကြည့်ဒရုန်းများနှင့် ရေဒါလက်နက်ကိရိယာများ ရောင်းချပေးရန် သဘောတူခဲ့သည်။ 

ရုရှားနိုင်ငံထုတ် Pantsir-S1 စနစ်သည် လတ်တလောဖြစ်ပွားနေသည့် ဆီးရီးယားစစ်ပွဲတွင် ရုရှားတို့ အသုံးပြုနေသည့် တာတိုလေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်ပြီး အကွာအဝေး ၁၈ ကီလိုမီတာ နှင့် အမြင့် ၁၅ ကီလိုမီတာအထိ ပစ်ခတ်နိုင်ကာ အသံထက် သုံးဆခန့်မြန်သည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ‌ဒေါက်တာနိုင်ဆွေဦးက ဇန်နဝါရီလအတွင်း Myanmar Now ကို ပြောထားသည်။

ပြီးခဲ့သည့်ဇွန်လအတွင်း မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများစီးဝင်ခြင်းကို တားမြစ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ကြုံတောင့်ကြုံခဲဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်က ရုရှားနိုင်ငံသို့ တစ်ပတ်ကြာ သွားရောက်ခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း ရုရှာကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် တွေ့ဆုံဆွေးနွေးစဉ် စစ်ဘက်ဆိုင်ရာ မြှင့်တင်ဆောင်ရွက်ပေးခြင်းများအတွက် ရုရှားကို ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့သည့်နည်းတူ မြန်မာနိုင်ငံသည် မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးကလည်း ပြန်လည်ပြောကြားခဲ့သည်။ 

အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံအားပေးနေသော ရုရှားနိုင်ငံသည် စစ်လက်နက်ပစ္စည်းများရောင်းချကာ အမြတ်ထုတ်လျက်ရှိသည်ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြစ်တင်ဝေဖန်ထားသည့်နည်းတူ စစ်တပ်နှင့် ရုရှားဆက်ဆံရေးမှာ အကျိုးစီးပွားရှေးရှုခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဇွန်လအတွင်း Myanmar Now ကို ပြောဆိုထားသည်။

“စစ်ကောင်စီဟာ သူတို့ကို အသိအမှတ်ပြုပါတယ်၊ ကာကွယ်ပေးပါတယ်၊ အမြဲတမ်းထောက်ပံ့ပေးပါတယ်ဆိုတဲ့ နိုင်ငံကို ရှာနေတာပဲ။ တစ်ဖက်ကလည်း ဒီအပေါ်မှာ အကျိုးစီးပွားရှာမယ့် သူတော်တော်အချင်းချင်းသတင်းလွေ့လွေ့ဆိုတဲ့ ပုံစံမျိုးဖြစ်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနှင့် မြန်မာစစ်တပ်အရာရှိများ အပြန်အလှန်သွားရောက်သည့် ခရီးစဉ်အများအပြားရှိခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားမသွားရောက်မီ တစ်ပတ်အလိုက ရုရှားရေတပ်ဗိုလ်ချုပ်ကြီးဦးဆောင်သော လျှို့ဝှက်ကိုယ်စားအလှယ်အဖွဲ့တစ်ခု မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရုရှားနိုင်ငံသို့ ရောက်ရှိခဲ့သည့် မြန်မာစစ်တပ်မှ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူးနှင့် လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် တွေ့ဆုံစဉ် မြန်မာစစ်တပ်နှင့် ပို၍ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်ရန်ရှိကြောင်း ရုရှားဒုကာကွယ်ရေးဝန်ကြီးတစ်ဦးဖြစ်သူ Alexander Fomin က ပြောသည်ဟု ရုရှားသတင်းဌာနတစ်ခုဖြစ်သော TASS က ဩဂုတ် ၂၃ ရက်တွင် ရေးသားသည်။

ဆွီဒင်နိုင်ငံအခြေစိုက် စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု၏ ၂၀၁၉ အချက်အလက်များအရ မြန်မာနိုင်ငံသို့ ရုရှားလက်နက်များတင်သွင်းမှုသည် ဆယ်စုနှစ်အတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈၀၇ သန်းဖိုးရှိကာ ရုရှားသည် တရုတ်နိုင်ငံပြီးနောက် မြန်မာနိုင်ငံသို့ စစ်လက်နက် ဒုတိယအများဆုံးတင်ပို့သည့် နိုင်ငံဖြစ်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

Show More

Related Articles

Back to top button