သတင်း

မြင်းခြံမြို့တွင် နိုင်ကျဉ်းဆရာတော် ဉူးဥတ္တမ အဖမ်းခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် နိုင်ငံရေးအကျဉ်းသား ရှားတောကျောင်းဆရာတော် ဉူးဥတ္တမကို ယနေ့ (ဩဂုတ် ၂၆) မနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းခေါ်သွားကြောင်း သတင်းရင်းမြစ် ၃ ဦးက အတည်ပြုပြောသည်။

“ဘယ်ခေါ်သွားတယ်၊ ဘာကြောင့်ဖမ်းတယ်လည်း မသိရတော့ အဆက်အသွယ်တွေက သူတို့ (စစ်ကောင်စီတပ်) နောက်ကို လိုက်ပြီး မကြည့်ရဲဘူး၊ မမေးရဲဘူးဆိုတော့လေ။ ပြန်လွတ်လာမှာလား၊ အပြီးဖမ်းသွားတာလား၊ နှိပ်စက်ကြဦးမှာလား စသဖြင့် အဲဒါတွေတော့ မသိရသေးဘူးဗျ” ဟု ဆရာတော်နှင့် နီးစပ်သူ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ဆရာတော် ဉူးဥတ္တမသည် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်ကြောင်း၊ ဖမ်းဆီးခံရသည်မှာ ဟုတ်မှန်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အတည်ပြုသည်။

၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဆရာတော်သည် နောက်တစ်နှစ်တွင် ထောင် ၄၅ နှစ် ချမှတ်ခံရပြီး မြင်းခြံထောင်တွင်း၌ ၁၀ နှစ်ကြာ နေထိုင်ခဲ့ရကြောင်း ဆရာတော်နှင့် နီးစပ်သူ အမျိုးသားက ပြောသည်။   

ယနေ့ မနက် ၈ နာရီခန့်၌ ရှားတောရွာကျောင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရဲကားနှစ်စီး၊ စစ်ကားနှစ်စီးနှင့် ကားအဖြူတစ်စီး တို့ဖြင့် ရောက်ရှိလာပြီး ဘုန်းတော်ကြီးသင်စာသင်ကျောင်းပေါ်တွင် ဝင်ရောက်မွှေနှောက်ရှာဖွေခဲ့သည်။

ထို့နောက် ဆရာတော်ကို အဖြူရောင်ကားပေါ်သို့ တင်ခေါ်သွားပြီး ယနေ့ ည ၈ နာရီကျော်အထိ ပြန်မလွတ်မြောက်သေးကြောင်း ၎င်းက မြင်တွေ့ရပုံကို ဆက်ပြောသည်။ 

“အကြမ်းအရမ်းနဲ့လာတာ။ လူသာ ဘာမှ မလုပ်တာ။ ကားတွေ ဝင်လာကတည်းက အပြင်းအထန် မောင်းဝင်လာပြီးတော့ ပြန်မယ့်ဘက်ကို လှည့်ထားလိုက်တာ၊ အဆင်သင့်ပဲ။ ချက်ချင်းပင့်၊ ချက်ချင်းလှည့်ထွက်သွားတာပဲ” ဟု ဆိုသည်။ 

လွန်ခဲ့သော သုံးလခန့်မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ရှားတောကျောင်းသို့ မကြာခဏ ရောက်လာကာ လူရှာခြင်း၊ လက်နက်ပစ္စည်းရှာဖွေခြင်းတို့ ပြုလုပ်သော်လည်း ဆရာတော်ကို မဖမ်းခဲ့ဘဲ စစ်သားအချို့မှာ ဝတ္ထုငွေ ကျပ်တစ်သောင်းခွဲခန့်ပင် ဆက်ကပ်သွားသည်များရှိကြောင်း၊ ယခုအကြိမ်တွင်တော့ ပြင်ဆင်ချိန်ပင် မပေးဘဲ ၎င်းတို့ ရောက်ရှိသည့်အချိန် ၇ မိနစ်ကျော်ခန့်အတွင်း ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ဒလန်သတင်းပေးတဲ့အခါတိုင်းကို လာပြီးတော့ ရှာတဲ့သဘောလို့ တွက်ရမှာပဲ။ ဒလန်က ဒီဘုန်းကြီးကို မတည့်ဘူးလို့ ပြောရမှာပဲ။ သူတို့က ပုလင်းပုန်းတွေရှိတယ်၊ လက်နက်တွေရှိတယ်လို့ သတင်းပေးတာ။ ဘုန်းကြီးက တကယ်တမ်းတော့ အဲဒါတွေ ရှိလည်းမရှိဘူး၊ သိလည်းမသိဘူး” ဟု အထက်ပါနီးစပ်သူက ဆိုသည်။ 

ဘုန်းကြီးကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး မြင်းခြံခရိုင်ရဲတပ်ဖွဲ့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရရှိခဲ့ပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

Show More

Related Articles

Back to top button