
စစ်တပ်၏ တိုက်လေယာဉ်ပျံဝဲမှုများ ဆက်တိုက်ရှိလာနေ၍ ဖာပွန်ခရိုင်ရှိ ကျေးရွာများကို လေကြောင်းအန္တရာယ် တပ်လှန့်ထားသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) က သတင်းထုတ်ပြန်သည်။
“သူတို့လေယာဉ်တွေလာတော့ ပစ်တော့ မပစ်သေးဘူး။ ဒါပေမဲ့ လာပြီးမှ ကင်းထောက်တာ၊ လာဝဲတာတော့ နေ့တိုင်းလိုလိုရှိတယ်” ဟု တပ်မဟာ(၅) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။
ယမန်နေ့ (ဩဂုတ် ၂၅) နံနက်ပိုင်းတွင် စစ်လေယာဉ် သုံးကြိမ်ရောက်လာသည်ဟု ဆိုသည်။
ဖာပွန် (မူတြော်) ခရိုင်အတွင်းရှိ ပေးကေးဒဲ၊ ဘောသေထာ၊ ထီးကေဒဲနှင့် တေးမူဒဲကျေးရွာအုပ်စုများပေါ် စစ်သုံး ဂျက်တိုက်လေယာဉ်များဖြင့် ထောက်လှမ်းခြင်းဖြစ်သည်ဟု တပ်မဟာ (၅) ဘက်မှ ဆိုသည်။
စစ်တပ်လေယာဉ်များ ပျံဝဲမှုကြောင့် ဒေသခံများ သတိအနေအထားဖြင့် သွားလာရန်၊ လိုအပ်လျှင် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများနှင့် အခြားအန္တရာယ်ကင်းမည့် နေရာမျိုးတွင်သာ နေထိုင်ကြရန် တပ်မဟာ (၅) တာဝန်ရှိသူများက ညွှန်ကြားထားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီတပ်က KNU တပ်မဟာ (၅ )နှင့် တပ်မဟာ (၃) နယ်မြေများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၂၀ ဦး သေဆုံးပြီး ဒေသခံအရပ်သား ထောင်နှင့်ချီ စစ်ရှောင်ခဲ့ရသည်။
ဧပြီ ၂၇ တွင် ထိုင်း − မြန်မာနယ်စပ် သော်လဲထာရှိ စစ်ကောင်စီတပ်စခန်းကို KNU တပ်မဟာ (၅) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စခန်းနှင့် ၁၀ မိုင်ခန့်အကွာရှိ ဒါးကွယ် ကရင်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
KNU တပ်မာ ၇ ခု ရှိသည့်အနက် တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်သည်။
စစ်ကောင်စီ၏ အင်အား အတန်အသင့်ရှိသော တပ်စခန်း ၂ ခုကို KNU တပ်မဟာ (၅) က တိုက်ခိုက်သိမ်းပိုက်ထားသည်။
ထိုးစစ်ဆင်လာသည့် စစ်တပ်ကို ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ မိုင်းဆွဲတိုက်ခိုက်ပြီး စစ်တပ်ဘက်မှ သေဆုံး ဒဏ်ရာရမှု အခြေအနေကို KNU တပ်မဟာ(၅)က လစဉ် သတင်းထုတ်ပြန်နေသည်။
လတ်တလောတွင် တပ်မဟာ (၄) မြိတ်/ထားဝယ်ခရိုင်မှအပ ကျန် တပ်မဟာ ၆ ခုတွင် စစ်တပ်က ထိုးစစ်ဆင်နေသည်။
KNU တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်တပ်က ဝင်ရောက်ထိုးစစ်ဆင်လာ၍ ဩဂုတ် ၂၃ နှင့် ၂၅ တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု KNU က ပြောသည်။
အဆိုပါနယ်မြေတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသူများ၊ စစ်အာဏာရှင်ဆန့်ကျင်နေသည့် လူငယ်များကို KNU က အကူအညီအကာအကွယ်ပေးထားသောကြောင့် စစ်တပ်က ၎င်းတို့ကို ဝင်ရောက်ရှင်းလင်းရန် စစ်ရေးလှုပ်ရှားလာခြင်းဖြစ်သည်ဟု ဒူးပလာယာခရိုင် (မွန်ပြည်နယ်၊ ရေးမြို့နယ်) တပ်မဟာ (၆) က သတင်းထုတ်ပြန်ထားသည်။
စစ်တပ်အနေဖြင့် KNU နယ်မြေများကို ဝင်ရောက်ခြင်းမပြုရန် တပ်မဟာ (၆) က အသိပေးထားပြီး ဝင်ရောက်လာပါက တိုက်ပွဲများပြင်းထန်လာနိုင်သည့်အပြင် ဒေသခံလူထုနှင့် ခိုလှုံသူများ စစ်ဘေးဒုက္ခ ကြုံတွေ့ရနိုင်သည်ဟု ဆိုသည်။
ယနေ့ ဩဂုတ် ၂၆ မနက် ၈ နာရီကျော်ခန့်ကလည်း ကော့ကရိတ်မြို့နယ်အတွင်း စစ်တပ်လေယာဉ်တစ်စီး လာရောက်ထောက်လှမ်းသွားခဲ့သည်ဟု သိရသည်။
ယမန်နေ့က တပ်မဟာ (၆) နယ်မြေအတွင်း တိုက်ပွဲဖြစ်ကာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ၅၀ သေဆုံးဆိုသည်မှာ သတင်းမှားသာဖြစ်ကြောင်း တပ်မဟာ(၆)၏ ဒူးပလာယာခရိုင်စာမျက်နှာမှ သတင်းထုတ်ပြန်သည်။
” အခု ဒီတပ်မဟာ (၆) နယ်မြေထဲမှာ တိုက်ပွဲတွေဖြစ်နေတာက ကော့ကရိတ်ခွင်တကြောမှာ ဖြစ်နေတာ။ အဲဒီ ခွင်တကြောမှာ (ဩဂုတ် ၂၅ က) ဘာတိုက်ပွဲမှ မရှိဘူး” ဟု KNU တပ်မဟာ (၆) နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
PDF တပ်ဖွဲ့ဝင် ၅၀ ကျဆုံးသည်ဆိုသည့် သတင်းမှားကို Saw June ဆိုသည့် Facebook စာမျက်နှာက ဖော်ပြခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အဆိုပါသတင်းမှားကို ပြန်ဖျက်သွားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pen