စစ်ပွဲများရှောင်လွှဲရန်ဆိုသော အချက်ပါဝင်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ၏ ယမန်နေ့ထုတ်ပြန်ချက်မှာ အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် မဟုတ်ကြောင်း KIO လက်အောက်ခံ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ကျွန်တော်တို့က အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ဒီထုတ်ပြန်ကြေညာချက်ထုတ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ KIO နဲ့ စစ်ကောင်စီ တွေ့ဆုံဆွေးနွေးဖို့ ဒီထုတ်ပြန်ကြေညာချက်ထုတ်တာ မဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
စစ်ကောင်စီဘက် ထိုးစစ်ဆင်လာပါက KIA အနေဖြင့် တုံ့ပြန်တိုက်ခိုက်သွားမည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်က ယမန်နေ့ (ဩဂုတ် ၂၄) တွင် အချက်ငါးချက်ပါ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် စစ်ပွဲကြီးများကို ရှောင်လွှဲနိုင်ရန် သက်ဆိုင်သည့်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာသင့်ကြောင်း ပါဝင်ခဲ့သည်။
ထို့ပြင် စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် အမှောင်ကျသွားပြီဖြစ်ကြောင်း၊ ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ပြည်သူများသေဆုံးရခြင်းကို စိတ်မကောင်းဖြစ်ရကြောင်းနှင့် ကိုဗစ်အတွက် ကူညီပေးနေသည့် သက်ဆိုင်ရာအဖွဲ့များနှင့် အိမ်နီးနားချင်းနိုင်ငံကြီးကို ကျေးဇူးတင်ကြောင်းလည်း KIO ၏ ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါထုတ်ပြန်ချက်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် KIA အနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် မရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။
ဩဂုတ် ၁၀ တွင် ကျရောက်သည့် ကချင်အာဇာနည်နေ့အခမ်းအနား၌ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဗမာပြည်သူ၊ အဖွဲ့အစည်းများနှင့် လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအချို့တွင် စစ်ကောင်စီနှင့် KIA တို့ အပြင်းအထန်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယမန်နေ့ (ဩဂုတ် ၂၄) ကလည်း တနိုင်းမြို့နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ KIA တပ်ရင်း ၁၄ လှုပ်ရှားနယ်မြေအတွင်း စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများနှင့် တိုက်ပွဲများပြင်းထန်လာနိုင်မည့်အခြေအနေကို စောင့်ကြည့်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“စစ်ကြောင်းတွေ ထိုးလာပြီးမှ ထိုးစစ်ဆင်မယ်ဆိုရင်တော့ ခုခံတိုက်ပွဲကတော့ ကျွန်တော်တို့လည်း မလွှဲမရှောင်သာ လုပ်နေမှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ပြင်ဆင်ထားတာဖြစ်ပါတယ်။ ခုခံတိုက်ပွဲကတော့ လုပ်ရမှာပဲ” ဟု ၎င်းက ဆိုသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pen