မေးမြန်းခန်း

“အာဏာရှင်စနစ်အမြစ်တွယ်နေသရွေ့ ပြည်သူလူထုဘဝလုံခြုံမှု မသေချာဘူး”

အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာနယ်မြေအချို့တွင် စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ လက်ရှိတွင်လည်း KNU လက်အောက်ခံ တပ်မဟာ ၇ ခုအနက် ခြောက်ခုတွင် စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီတပ်က စတင်လှုပ်ရှားပြီးနောက် ဩဂုတ် ၂၂ နှင့် ၂၃ ရက်နေ့များမှစ၍ တိုက်ပွဲများဖြစ်ပွားလာသည်။ KNU တပ်မဟာ (၆) နယ်မြေ ဒူးပလာခရိုင်အတွင်း အခြေအနေများနှင့် ပတ်သက်၍ ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

မေး – KNU တပ်မဟာ (၆) နယ်မြေထဲကို စစ်တပ်က ထိုးစစ်ဆင်မှုတွေ လုပ်နေတဲ့အခြေအနေကို စပြီး ရှင်းပြပေးပါလား။

ဖြေ – ထိုးစစ်လို့တော့ ပြောလို့ မတက်သေးဘူး။ ဟိုနေ့က ကြိတ်စခန်းကို သူတို့ရုပ်သိမ်းလိုက်တော့ ကျွန်တော်တို့ တပ်ရင်း ၁၈ က အဲဒါ နေရာသွားယူလိုက်တယ်။ စခန်းကို ဖျက်လိုက်ပြီး နေရာယူလိုက်တယ်။ ဒါပေမဲ့ သူတို့က BGF တပ် (စစ်​ကောင်စီသြဇာခံ နယ်ခြား​စောင့်တပ်) ရှိနေတယ်ဗျ။ အဲဒီတော့ BGF နဲ့ ပြန်ပြီးတော့ ထားခဲ့တာလေးတွေလည်း တချို့ရှိနေပုံရတယ်။

မနေ့ (ဩဂုတ် ၂၂) ကတော့ တစ်မိုင်ကုန်း ဒီကော့ကရိတ်ရဲ့ တောင်ပိုင်းမှာရှိတဲ့ရွာပေါ့။ တစ်မိုင်နှစ်မိုင်လောက် ဝေးမယ်ထင်တယ်။ အဲဒီ အာရှလမ်းမဘေးမှာပဲ ဒီတစ်မိုင်ကုန်းဆိုတဲ့ ရွာကနေပြီးတော့ လက်နက် ကြီးတွေနဲ့ ပစ်တယ်လို့ အောက်ခြေက သတင်းပေးပါတယ်။ အဲဒါက ၁၀ နာရီ ၄၅ မိနစ်လောက်ကနေ တစ်နာရီကျော်ကျော်လောက်ပစ်တယ်တဲ့။ လက်နက်ကြီးက အလုံး ၅၀ လောက် ခန့်မှန်းရတယ်။ ကျွန်တော် တို့ KNU က ဘာမှ မပစ်ပါဘူး။ မပစ်ဘူးဆိုတာ သူတို့ စစ်ကြောင်းချီပြီးတက်လာမှပဲ စောင့်ပစ်တယ်ဆိုရင် တော့ အဲဒါ ရင်ဆိုင်မှုဖြစ်မယ်။ အခုကတော့ လက်နက်ကြီးနဲ့ပဲ ရွာသားတွေကို ပစ်သလိုဖြစ်နေတာပေါ့။ အခုတော့ တစ်နာရီကျော်လောက်ပစ်ပြီးတော့ ငြိမ်ထားတယ်လို့တော့ ပြောတာပဲ။ ဒါကတော့ နောက်ဆုံးသတင်းပဲ။ အခြေအနေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာတော့ မသိသေးဘူး။

မေး – စစ်​ကောင်စီတပ်က လက်နက်ကြီးပစ်တော့ ထိခိုက်မှုတွေကိုရော ရှိပါသလား။

ဖြေ – မကြားသေးဘူး။ ကျွန်တော်တို့ ကြေးနန်းသိမ်းတဲ့အချိန်က ညနေပိုင်းမှဆိုတော့ တရားဝင် အောက်ခြေကပို့မှ ကြေးနန်းအတည်ပြုချက်ရမှ သတင်းကို ထိခိုက်မှုရှိလား၊ မရှိဘူးလားဆိုတာ ပြောလို့ရမှာ။

မေး – တိုက်ပွဲဖြစ်တာ နှစ်နေရာလို့ ကြားရပါတယ် အဲဒါ မှန်ပါသလား။

ဖြေ – တိုက်ပွဲဖြစ်တာက မနေ့က ညနေ ၃ နာရီ ၁၅ လောက်တော့ ကော့ကရိတ်ခွင်မှာ ကွင်းကလေးဆိုတာရှိတယ်။ အဲဒီမှာ သင်္ဃန်းညီနောင်က တပ်က အဲဒီဘက်ကို သွားတယ်လို့ ပြောတယ်။ ကျွန်တော်တို့ တပ်ဖွဲ့တွေရှိတဲ့ ကန့်သတ်နယ်မြေပေါ့ဗျာ။ အဲဒါ သူတို့က သွားတဲ့အခါကျတော့ အဲဒါက ထိတွေ့ တိုက်ခိုက်ဖြစ်သွားတာပေါ့။ ဒါပေမဲ့ အဲဒါက သိပ်မကြာဘူးထင်တယ် ဒီမနက်တော့ ပြန်ပြီးတော့ ဆုတ်သွားတယ်လို့တော့ ပြောတာပဲ။ အဲဒါလည်း ထိခိုက်မှု မသိရသေးဘူး။

မေး – တပ်မဟာ (၆) နယ်မြေမှာ အရင်က တိုက်ပွဲဖြစ်တာ မကြားရဘူး။ အခု ဘာ​ကြောင့် ဖြစ်တာလို့ သုံးသပ်ပါသလဲ။

ဖြေ – အခုက ကျွန်တော်ခန့်မှန်းရသလောက်ကတော့ ကျွန်တော်တို့ကိုတော့ အမြဲတမ်းအကဲခတ်နေတယ်။ သတင်းတွေရထားတာကတော့ ကျွန်တော်တို့ဒေသမှာ CDM တွေ၊ GZ တွေ ကျွန်တော်တို့ ခိုလှုံခွင့်ပေးထားတယ်ပေါ့နော်။ ခိုလှုံခွင့်ပေးထားပြီးတော့ တချို့က သင်တန်ပေးထားတယ်ဆိုပြီးတော့ အဲဒါကို သူတို့က သတင်းရပါတယ်၊ အထက်ညွှန်ကြားထားချက်အရ သူတို့အောက်ကနေ ရှင်းရပါလိမ့်မယ်ဆိုတာမျိုးတွေ ပြောတာရှိတယ်။ ပြောတာတော့ ကြာပြီ။ အခု အဲဒီလိုဖြစ်တာ။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ နေရာအသေအချာ မသိလို့ သေချာအောင် လေ့လာပြီးတော့မှ လှုပ်ရှားလာတာလည်း ဖြစ်နိုင်တယ်။ အခုပစ်တော့လည်း ရမ်းပစ်တာပဲလေ။ အဲဒါ CDM ရှိတဲ့နေရာလည်း မဟုတ်ပါဘူး။ ထိုးစစ်ဆိုတာထက် CDMတွေ GZ တွေရှိတယ်လို့ထင်တဲ့ ခန့်မှန်းရသောနေရာများကို ဝင်ရောက်ရှင်းလင်းဖို့ဆိုတဲ့ ညွှန်ကြားချက်တွေ အပေါ်မှာ သူတို့က ဆောင်ရွက်တယ်လို့ သုံးသပ်ပါတယ်။

မေး – စစ်​ကောင်စီတပ်​တွေ ​အခုလိုဆက်လုပ်နေရင် ဘယ်လိုဆက်ဖြစ်လာနိုင်ပါလဲ။

ဖြေ – အဲဒါကျတော့ CDM မတွေ့ဘဲနဲ့ သူတို့က စစ်တပ်နဲ့လာတယ်ဆိုတော့ စစ်ရေးလှုပ်ရှားမှုလို့ မြင်တာကိုး။ အဲဒါကျတော့ ကျွန်တော်တို့တပ်တွေ ရှိတဲ့နေရာနဲ့ တိုးပြီဆိုရင်တော့ ရင်ဆိုင်တိုက်ပွဲတွေ၊ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်လို့ ယူဆထားတယ်။ ဖြစ်နိုင်ခြေရှိတယ်။

မေး – တပ်မဟာ (၆) အနေနဲ့ CDM တို့ GZ တို့ကို အကူအညီ၊ အကာအကွယ်ပေး​နေတာ​တွေရှိရင် အဲဒါကိုရှင်းပြ​ပေးပါလား။

ဖြေ – အဲဒါက ကျွန်တော်တို့ကတော့ တချို့တစ်ဝက်ပါပဲ။ ဒီလိုဗျ ကျွန်တော်တို့က တစ်စုတစ်စည်းတည်း ထားလို့မရဘူးဗျ။ ဆိုတော့ ခိုလှုံတယ်ဆိုတော့လည်း ကျွန်တော်တို့ကလည်း လူသားဗျာ။ ကိုယ်လည်းပဲ ဒီလိုမျိုး ပြေးရလွှားရရှောင်ရတိမ်းရတဲ့ ကိုယ့်ဘဝကိုယ်လည်း ကိုယ်ပြန်စဉ်းစားတယ်။ တလျှောက်လုံး ကျွန်တော်တို့က ဒီလိုချည်းပဲ တပ်မတော်ရဲ့ ထိုးစစ်တွေကြားထဲမျာ တိုက်ပွဲကြီးတွေကြားထဲမှာ မတည်မငြိမ်နဲ့ပဲ ကျွန်တော်တို့ ပြည်သူလူထု ကျွန်တော်တို့ရွာသားတွေက အဲဒီလိုပဲ ပြေးရလွှားရ၊ သေကြကြေကြ၊ ပျက်စီးကြ၊ ကျိုးကန်းကြ၊ မုဆိုးမဖြစ်ရ၊ သားဆုံးတဲ့ မိခင်ဖြစ်ရ၊ ဒါမျိုးတွေအများကြီး ကြုံခဲ့ရတော့ အခု သူတို့ခဗျာလည်း ဒီလိုဖြစ်တာလည်း ကျွန်တော်တို့က ကိုယ်ချင်းစာတရားနဲ့ ကြည့်ရှုထိန်းသိမ်းရတာတော့ ရှိတာပေါ့။

ဒါပေမဲ့ ကျွန်တော်တို့က အဲဒါ တစ်စုတစ်စည်းတည်းထားဖို့ စခန်းတွေဆိုတာ မဖြစ်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုရင် တစ်စုတစ်စည်းတည်းဆိုရင် တစ်ခါတည်း ထိုးစစ်ကြီးတွေနဲ့ လိုက်ရှင်းရင် လူထုပဲ ထိခိုက်မှာလေ။ ဆိုတဲ့အခါ အဲဒါတွေက ကြည့်ရှုမှု အတန်အသင့်တော့ ရှိပါတယ်။


မေး – စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တပ်မဟာ(၆)မှာ တိုက်ပွဲဖြစ်ဖူးပါလား။

ဖြေ – သိပ်ပြီးတော့ ပြင်းပြင်းထန်ထန် မြောက်ပိုင်းလိုတော့ မဟုတ်ဘူးပေါ့။ မြောက်ပိုင်းဆိုတာ တပ်မဟာ (၁)တို့ (၂)တို့ (၅)တို့ပေါ့။ အဲဒါတွေကျတော့ တိုက်ပွဲတောက်လျှောက်ဖြစ်ပြီးတော့ နည်းနည်းပြင်းထန်မှုတွေရှိတယ်။ ကျွန်တော်တို့မှာကျတော့ အဲဒီဟာကို မဖြစ်ဖို့တော့ ထိန်းသိမ်းထားတာတော့ကြာပြီ။ သို့သော်လည်း တစ်ဖက်က လှုပ်ရှားမှုရှိလာရင်တော့ ကျွန်တော်တို့လည်း တုံ့ပြန်ရမယ့်သဘောတော့ ရှိတာပေါ့။ အခုဒါလေးတွေက အစပျိုးနေတာလို့လည်း ပြောလို့ရပါတယ်။ ဆက်လက်ပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေရှိလာရင်တော့ တိုက်ပွဲတော့ ပိုပြီးတော့ များများဖြစ်လာနိုင်တဲ့အနေအထား သုံးသပ်ရတာပေါ့။

မေး – စစ်ကောင်စီဘက်က ကြိတ်စခန်းအပါအဝင် တပ်စခန်းငယ်အချို့ရုပ်သိမ်းတာရှိတယ်လို့ ကြားရတယ်။ တပ်မဟာ(၆) နယ်မြေမှာ  စစ်ကောင်စီက စခန်းစွန့်ပြီး ဆုတ်သွားတာမျိုး ဘယ်နှခုလောက်ရှိပါသလဲ။

ဖြေ – အခုဟာကတော့ တစ်ခုနှစ်ခု ပြောပေမဲ့လို့ သိပ်ပြီး မသေချာသေးလို့ ပြောလို့မရသေးဘူး။ ပြီးတော့ ဒီတပ်ရုပ်သိမ်းတာတွေက သိပ်ပြီးတော့ အရေးမကြီးလောက်ဘူး။ အချိန်မရွေးလည်း ပြန်ပြီးထိုးနိုင်တ ယ်။ အခုလက်ရှိကာလမှာ သူတို့အတွက် အရေးကြီးတဲ့ မြို့တွင်းရဲ့ လုံခြုံရေးမှာ အင်အားတွေမပြည့်လို့ ခဏနောက်ပိုင်းကို ပြန်ဖြည့်တာလည်းဖြစ်နိုင်သလို တစ်နေရာရာကို ရည်ရွယ်ချက်ရှိထားပြီးတော့ အင်အားဖြည့်ပြီး ထိုးမလားပေါ့။ ကျွန်တော် အဲဒီလို သုံးသပ်တယ်။ ဘာဖြစ်လဲဆိုတော့ တခြားကလည်း ဖိအားတွေအများကြီးရှိတယ်လေ။

မေး – အခု KNU မှာရှိတဲ့ တပ်မဟာတွေရဲ့ ထက်ဝက်ကျော်လောက်မှာ စစ်​ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်နေတာရှိတယ်။ တပ်မဟာဘက် (၆) ကို ရိုက်ခတ်နိုင်သလား။ သူတို့ဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပြီး ပြင်းထန်ရင် မဖြစ်သေးတဲ့ဒေသတွေမှာ ရိုက်ခတ်နိုင်ပါလား။

ဖြေ – အဲဒါကတော့ ရိုက်ခတ်မှုရှိနေတာပဲလေ။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ဖက်ကဖြစ်တယ် ဒီမှာကတော့ မဖြစ်ဘူး၊ ဘယ်လိုပြောမလဲ ကျွန်တော်သုံးသပ်သာ နောက်တစ်ခုက တောက်လျှောက် ကျွန်တော်တို့ ဒီတောင်ဘက်ခြမ်းမှာ နည်းနည်းအေးတယ်။ မြောက်ပိုင်းကတော့ တောက်လျှောက်ဖြစ်တယ်ဆိုတော့ သူ့ရဲ့လုပ်ဆောင်မှုက ခွဲခြားဆက်ဆံတဲ့သဘောပေါ့။ တစ်ဖက်ကို စစ်ရေးနည်းနဲ့လုပ်ပြီး တစ်ဖက်ကို ချိုထားတော့ ကျွန်တော်တို့အချင်းချင်း နားလည်မှုလွဲအောင် လုပ်တဲ့ပုံစံ ဖြစ်တယ်။

မေး – ပြည်သူလူထုကို ဘာပြောလိုပါသလဲ။

ပြည်သူလူထုကို ပြောချင်တာက အခုအာဏာသိမ်းမှုမှာက အရင်ဦးနေဝင်းခေတ် ၆၂ တစ်ကြိမ်နဲ့ ရှစ်လေးလုံးမှာ တစ်ကြိမ်ဖြစ်ခဲ့တယ်။ အခု ဒီတစ်ကြိမ်မှာ ပိုထူးခြားတာက CDM လှုပ်ရှားမှုနဲ့ GZ လှုပ်ရှားမှုက အရင်နှစ်ကြိမ်နဲ့မတူ တစ်မူထူးတယ်ပေါ့။ နောက်ပြီးတော့ အရှိန်အဟုန်လည်း တော်တော်ကောင်းတဲ့အပေါ်မှာ နောက်ဆုံးဒီတစ်ကြိမ်ကျတော့ ပိုပြီးတော့ ထင်ရှားသွားတယ်။ လက်နက်နဲ့ ဖိနှိပ်မှုက အဲဒီ ပြည်သူလူထုထဲမှာ GZ တို့ CDM တို့က ဘာသွားမြင်လာလဲဆိုတော့ သူတို့ ပြောသံဆိုသံအရဆိုရင် ကျွန်တော်တို့တွေ လက်ချည်းသက်သက်နဲ့ လုပ်လို့ မရတော့ဘူး။ လက်နက်နဲ့ဖိတာ လက်နက်နဲ့ တုံ့ပြန်မှသာလျှင် သူတို့ရဲ့ တုံ့ပြန်မှုက အားအင်ကောင်းမယ်။ စစ်တပ်ရဲ့ လက်နက်နဲ့နှိပ်ကွပ်မှုကို လက်ချည်းဗလာသက်သက်နဲ့လုပ်တာ ခံခဲ့ရပေါင်းများပြီ။

အဲဒီတော့ ဒီတစ်ခေါက်ကတော့ ပိုပြီးတော့ ပေါ်လွင်ထင်ရှားစေတဲ့ အပိုင်းတော့ရှိတာပေါ့။ တစ်ခုတော့ ရှိတာပေါ့ အဲဒါက လူထုအားတော့ အများကြီးလိုတာပေါ့။ လူထုအနေနဲ့ ဒီစစ်အာဏာရှင်စနစ်ကြီး အမြစ်တွယ်ပြီးတည်ရှိနေသရွေ့ ကာလပတ်လုံး ပြည်သူလူထုနဲ့ ကျွန်တော်တို့နိုင်ငံသူ နိုင်ငံသားတွေရဲ့ ဘ၀လုံခြုံမှုအာမခံချက်ဆိုတာ မသေချာဘူး။ ဒါကြောင့်မို့လို့ အာဏာရှင်စနစ်ပြုတ်သွားရေး ပြိုလဲသွားအောင် ဆောင်ရွက်ဖို့ တိုက်တွန်းချင်တာပေါ့။ ကိုယ့်ရဲ့နည်း ကိုယ့်ရဲ့ဟန်နဲ့ ရှိသမျှသော အားအစွမ်းတွေနဲ့ ပေါင်းစပ်ပြီး ဆောင်ရွက်ပေးစေချင်တာပေါ့။

မေး – လူထုရဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှု အောင်မြင်မယ်လို့ ယုံကြပါသလား။ အောင်မြင်အောင်ရော ဘာတွေလုပ်ဖို့ လိုအပ်ပါသလဲ။

ဖြေ – ဒါကတော့ ပြောရခက်တယ်။ သို့သော်လည်းပဲ အခုန ပြောသလို ဒီစစ်အာဏာရှင်ပြုတ်ကျရေးအတွက် မျှော်လင့်ချက်တွေ၊ ပြီးတော့ တကယ်မပြုတ်လို့ကို မဖြစ်ဘူးဆိုတဲ့ အသိတရားတွေ မြင့်မြင့်မားမားနဲ့ လူထုထဲမှာ ခိုင်ခိုင်မာမာ ဆုပ်ကိုင်မိသွားပြီဆိုရင် အောင်မြင်ဖို့အကြောင်းက ရာခိုင်နှုန်းများပါတယ်။ နောက်ပြီးတော့လည်း ခေတ်အဆက်ဆက်မှာဆိုရင် ဒီလိုဖိနှိပ်မှုကြီးလေ တုံ့ပြန်မှုကြီးလေလေပဲ။ ဒီအပေါ်မှာ တော်လှန်ရေးတွေဆိုတာက လုပ်မတက်ရင် ဆုံးရှုံးမှုတွေရှိတာပေါ့။ ဒါပေမဲ့ တညီတညွတ်တည်းနဲ့ လုပ်တတ်မယ်ဆိုရင်တော့ ခုနကပြောတဲ့ နိုင်ငံရေးအသိတရားတွေ မြင့်မြင့်မားမားရှိမယ်၊ တော်လှန်တဲ့ အသိတရားတွေ မြင့်မြင့်မားမားရှိမယ်ဆိုရင်တော့ အောင်ပွဲရမှာ သေချာပါတယ်လို့ ပြောချင်ပါတယ်။ 

Related Articles

Back to top button