သတင်း

ထားဝယ်တွင် ထွက်ပြေးစစ်သားငါးဦး ပစ်ခတ်ဖမ်းဆီးခံရပြီး တစ်ဦးသေဆုံး

တနင်္သာရီတိုင်း ထားဝယ်မြို့၊ သပြေချောင်းရွာအနီးရှိ စစ်ကောင်စီ ၏ ခြေမြန်တပ်ရင်း ၄၀၁ နှင့် ၄၀၂ မှ ထွက်ပြေးသွားသည့် စစ်သားငါးဦးအနက် သုံးဦးဖမ်းဆီးခံရပြီး တစ်ဦးပစ်သတ်ခံရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ 

ယမန်နေ့ (ဩဂုတ် ၂၂) ညနေပိုင်းတွင် တပ်ရင်းများမှ ထွက်ပြေးသွားသည့် အဆိုပါ စစ်သားများကို ညတွင်းချင်း လိုက်လံဖမ်းဆီးစဉ် တစ်ဦးမှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကာ နောက်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း၊ ကျန်သုံးဦးမှာ ပုန်းရှောင်နေရာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖမ်းဆီးခံခဲ့ရသည်ကို မြင်တွေ့ခဲ့ရကြောင်း အထက်ပါ သပြေချောင်းရွာသားက ဆိုသည်။

“အဲဒီစစ်သားသုံးယောက်မှာ ဘာလက်နက်မှမပါဘူး” ဟု ၎င်းက ပြောသည်။ အဆိုပါ ထွက်ပြေးစစ်သားများနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

“(ထွက်ပြေးစစ်သားများ) သူတို့က နယ်မြေလည်းမကျွမ်းဘူး ဒီဘက်က PDF( ဒေသကာကွယ်ရေးအဖွဲ့) တွေနဲ့လည်း မချိတ်ဘူး။ သူတို့သဘောနဲ့သူတို့ ထွက်လာတာဆိုတော့ လမ်းပျောက်သွားပြီးတော့ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘူး။ အဲဒီလိုဖြစ်သွားတာလို့ ထင်ပါတယ်” ဟု သပြေချောင်းရွာသားက  ပြောသည်။

သပြေချောင်းရွာနှင့် အနီးပတ်ဝန်းကျင်တွင် ယမန်နေ့ညပိုင်းက ဆိုင်ကယ်သုံးစီးဖြင့် အရပ်ဝတ်လက်နက်ကိုင်ခြောက်ဦး လှည့်လည်သွားလာနေသည်ကို တွေ့ရပြီးနောက် ယနေ့နံနက်ပိုင်းတွင် ထိုသို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

ထားဝယ်မြို့နှင့် သုံးမိုင်ခန့်အကွာရှိ သပြေချောင်းရွာအနီးတွင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များရှိကာ ကျေးရွာလူဦးရေ၏ သုံးပုံတစ်ပုံမှာလည်း စစ်တပ်မိသားစုဝင်များ၊ အရာရှိဟောင်းများဖြစ်ကြောင်း၊ ထိုဖြစ်စဉ်ကြောင့် ဒေသခံများ ဖမ်းဆီးခံရခြင်း မရှိကြောင်းလည်း ၎င်းက ပြောသည်။ 

ဩဂုတ် ၁၉ ရက်ကလည်း ထားဝယ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း (၂၅) မှ တပ်သား ၂၅ ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသည်ဟု သတင်းထွက်ပြီးနောက် ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည်ဟု ဆိုသည်။

အထက်ပါသတင်းများနှင့် စပ်လျဉ်း၍ စစ်ကောင်စီဘက်ထံ Myanmar Now က ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။ 

အာဏာသိမ်းပြီး ခြောက်လကျော်အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် တပ်မတော်သား ၁၅၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း၊ အများစုမှာ တပ်သားနှင့် တပ်ကြပ်ကြီးအဆင့်ဖြစ်ပြီး ဒုဗိုလ်မှ ဗိုလ်မှူးအဆင့် အရာရှိများလည်း ရာဂဏန်းမျှပါဝင်ကြောင်း တပ်ကို စွန့်ခွာလိုသူများကို အကူအညီပေးနေသည့် ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now ကို ပြောထားသည်။

Show More

Related Articles

Back to top button