သတင်း

ရေစကြိုနှင့် မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဝင်မွှေနေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) စခန်းအချို့ကို ဝင်ရောက်စီးနင်းပြီးနောက် စစ်ကောင်စီတပ်က ချင်းတွင်းမြစ်ကြောင်းတလျှောက်ရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောက်နေကြောင်း သိရသည်။

ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းဘက်ခြမ်း မြောင်မြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းတလျှောက်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က ရေကြောင်းပါသုံးလျက် ဝင်မွှေနေကြောင်း ဒေသခံ PDF အဖွဲ့ဝင်များက ယနေ့ (ဩဂုတ်၂၂) ပြောသည်။ 

“အခုချိန်ထိ ကျေးရွာတွေက လူတွေကို ဖမ်းဆီးချုပ်နှောင်တာတွေ မရှိသေးဘူး။ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ သူတို့လုပ်ဆောင်ချက်ကို လိုက်ကြည့်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာလုပ်မယ်။ အများပြည်သူတွေ၊ ကျေးရွာတွေရဲ့ ဆုံးရှုံးမှုတွေ များမလား ပြန်သုံးသပ်ပြီး လုပ်စရာရှိတာတော့ လုပ်မှာပါ” ဟု မြောင်မြို့နယ် PDF အဖွဲ့ခေါင်းဆောင် ကိုစိန်ကျော်က ပြောသည်။

စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့် စီးနင်းစဉ် ခုခံတိုက်ခိုက်ရန် အချိန်မကျသေး၍ စခန်းကို စွန့်လွှတ်ခဲ့ကြောင်း၊ အဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်း မရှိကြောင်း ရေစကြိုမြို့နယ် PDF အဖွဲ့ကလည်း ဩဂုတ် ၂၀ တွင် သတင်းထုတ်ပြန်ထားသည်။ 

ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ မအူအလယ်ရွာမှ PDF စခန်းကို စစ်ကောင်စီတပ်က ဩဂုတ် ၁၉ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွှေလှံရွာ ဘုန်းတော်ကြီးကျောင်းအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီက ယမန်နေ့ တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရေစကြိုမြို့နယ် ရွှေလှံရွာကို စစ်ကောင်စီတပ်က ယမန်နေ့တွင် ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ကပ်လျက်ရှိ စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်ဆုံရွာမှစ၍ ကျေးရွာအချို့ကို ဆက်တိုက်ဝင်ရောက် စီးနင်းလျက်ရှိကြောင်း ရေစကြိုမြို့နယ် PDF နှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီတပ်သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံအနီး မြစ်ရိုးတလျှောက်ရှိ ကျေးရွာများကို စက်လှေများဖြင့် လှည့်လည်သွားလာကာ ပစ်ခတ်စီးနင်းလျက်ရှိသည်ဟု ရေစကြိုမြို့နယ် PDF နှင့် နီးစပ်သူ အမျိုးသားက ဆိုသည်။ 

“စစ်တပ်က မကွေးနဲ့ စစ်ကိုင်းအစပ်က PDF တွေကို စီမံချက်နဲ့ ရှင်းလင်းနေတာလို့ ကြားတယ်။ မြောင်နယ်ထဲက ရွာတွေကို မွှေနေတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ချင်းတွင်းမြစ်အတွင်းမှနေ၍ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် မြောင်မြို့နယ် နေပူကုန်းရွာမှ အမျိုးသားတစ်ဦး ကျည်ဆန်ထိမှန်ခဲ့သည်ဟု ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

မြောင်မြို့နယ် ဘုန်းခေါင်းကျေးရွာတွင်လည်း စစ်ကောင်စီတပ်တစ်ခု တပ်စွဲထားကာ မြစ်ဆုံ၊ နဂါးပေါက် စသည့် ကျေးရွာများ ဝင်ရောက်စီးနင်းခံထားရပြီး ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

Show More

Related Articles

Back to top button