
ကရင်ပြည်နယ်၊ ဖာပွန်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေရာ ဩဂုတ်လ သုံးပတ်အတွင်း စစ်တပ်ဘက်မှ ၅၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
ဩဂုတ် ၁ မှ ၁၅ အတွင်း ဖာပွန်ခရိုင် KNU တပ်မဟာ (၅) နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပစ်ခတ်မှု ၅၆ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃၄ ဦး သေဆုံးကြောင်း၊ ဩဂုတ် ၁၇ မှ၂၀ အထိ အကြိမ် ၃၀ ခန့် ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ရက်ပေါင်း ၂၀ အတွင်း စစ်တပ်နှင့် ပစ်ခတ်မှု ၈၆ ကြိမ် ရှိခဲ့သည်။
တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်၌ အများဆုံး တိုက်ပွဲဖြစ်နေပြီး KNU ၏ အခြားတပ်မဟာများဖြစ်သော သထုံခရိုင် တပ်မဟာ (၁) ၊ တောင်ငူခရိုင် တပ်မဟာ (၂) နှင့် ညောင်လေးပင်ခရိုင် တပ်မဟာ (၃) ဒေသများ၌လည်း ထိတွေ့ပစ်ခတ်မှုများရှိသည်ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲအများဆုံးဖြစ်ခဲ့သည့် တပ်မဟာ (၅) နယ်မြေတွင် ယခုဩဂုတ်လ၌လည်း တိုက်ပွဲများ၊ ပစ်ခတ်မှုများ နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိကြောင်း၊ ရိက္ခာ၊ ဘဏ္ဍာငွေ၊ သတင်းဆက်သွယ်မှု၊ လူထုနှင့် ဆက်သွယ်မှု စသည့် ၄ မျိုး ဖြတ်တောက်ရန် စစ်ကောင်စီတပ်က ကြိုးစားနေကြောင်း KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တပ်မဟာ (၅) ဘက်မှာတော့ စစ်ရေးလှုပ်ရှားမှု နည်းနည်းများလာတယ်။ တိုက်ပွဲကတော့ နေ့တိုင်းလိုလိုပဲ။ သူတို့ (စစ်ကြောင်း) ထိုးလာတာကိုး။ သူတို့က အခုက ဖြတ်လေးဖြတ်လို ပုံစံမျိုးလုပ်နေတာ။ ရွာသားတွေကို ခြိမ်းခြောက်ပြီး ရွာထဲမှာ သေနတ်တွေပစ်တာ၊ လက်နက်ကြီးတွေပစ်တာ လုပ်တာပေါ့” ဟု ၎င်းက ဆိုသည်။
ဖာပွန်ခရိုင်အတွင်း လေယာဉ်ဖြင့် ရှာဖွေထောက်လှမ်းခြင်း၊ စစ်ရှောင်အရပ်သားတို့ ထွက်ပြေးရာ နေရာများနှင့် ဒေသခံများ၏ လုပ်ငန်းခွင်များရှိရာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု သိရသည်။
ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကို တပ်မဟာ (၅) နယ်မြေအတွင်း လုပ်ဆောင်ခဲ့ကြောင်း၊ ဒေသခံများကို ရိုက်နှက်ကန်ကျောက်သွားခဲ့ကြောင်း တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒို၏ ပြောဆိုချက်အရ သိရသည်။
KNU ၏ သတင်း ဆက်တိုက်ထုတ်ပြန်မှုများကို စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသလို ကရင်ပြည်နယ်စစ်ရေးလှုပ်ရှားမှုများကို သတင်းအမှောင်ချထားသည်။
စစ်ကောင်စီတပ်အနေဖြင့် KNU နယ်မြေသို့ စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသကဲ့သို့ တစ်ဖက်တွင်လည်း အင်အား ဆယ်ဂဏန်းသာရှိသည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိတ်ကျေးရွာအခြေစိုက်စခန်းတစ်ခုကို ဩဂုတ် ၂၁ မနက်အစောတွင် စွန့်ခွာသွားကြောင်း ကရင်သတင်းဌာန KIC တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ တပ်စခန်းများ စွန့် ခွာခြင်းနှင့် ပတ်သက်ပြီး ညှိနှိုင်းထားခြင်းမရှိကြောင်း အထက်ပါ KNU တာဝန်ရှိသူက ပြောသည်။
“သူ့အစီအစဉ်ကိုတော့ စိုးရိမ်တယ်။ ဘာလို့လဲဆိုရင် သူစွန့်ခွာရတဲ့ကိစ္စက အဲဒီနေရာကို သူတို့ စစ်ဆင်ရေးတွေ၊ ဘာတွေ လုပ်မှာပေါ့။ ရန်သူက သူ့အလုပ် သူလုပ်မှာပဲ။ ကျွန်တော်တို့က ပြည်သူလူထုနဲ့အတူ ပူးတွဲတွန်းလှန်ရမယ်” ဟု ၎င်းက ဆိုသည်။