သတင်း

ပြည်တွင်းအခွန်ဌာနတွင် ရဲနှင့်တပ်မိသားစုဝင်များဖြင့် အစားထိုးရန် ကြိုးပမ်းနေ

ပြည်တွင်းအခွန်များဦးစီးဌာနမှ ဝန်ထမ်းအများအပြား အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ရာ လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး ၂၀၀ ကို စစ်ကောင်စီက စစ်တပ်နှင့် ရဲမိသားစုဝင်များဖြင့် အစားထိုးခန့်အပ်ရန် ကြိုးပမ်းလျက်ရှိသည်။

လစ်လပ်လျက်ရှိသော ဒုဦးစီးမှူးနေရာ ၂၀၀ အတွက် လျှောက်လွှာခေါ်ယူကြောင်း ဩဂုတ် ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသော်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများ လျှောက်ထားနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနက ရုံးတွင်းအမိန့်စာ ဖြန့်ဝေထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်တွင်းအခွန်ဦးစီးဌာနတွင် ဝန်ထမ်းသားသမီးများ၊ ရဲနှင့် တပ်မိသားစုဝင်များဖြင့် အစားထိုးခန့်အပ်နိုင်ရန် ဖြန့်ဝေခိုင်းထားသည့် အဆိုပါ ရုံးတွင်းအမိန့်စာကို Myanmar Now က ရရှိထားသည်။ 

“ပြည်တွင်းအခွန်က ထွက်သွားတဲ့ CDM ဝန်ထမ်းတွေကို တပ်မိသားစုနဲ့ ရဲမိသားစု ဦးစားပေးပြီး အစားထိုးနေတာ။ CDM လုပ်သွားတဲ့အဖွဲ့တွေအစား အစားထိုးနေတာ။ အပြင်လူတော့ မရဘူး” ဟု CDM လှုပ်ရှားမှုတွင် ပါဝင်နေသူ ပြည်တွင်းအခွန်ဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောသည်။

အများပြည်သူလျှောက်ထားနိုင်သည့်သဖွယ် ကြေညာထားသော်လည်း ရဲနှင့် တပ်မိသားစုဝင်များ၏ သားသမီးများဖြင့် အစားထိုးရန် စီကောင်စီက ကြံစည်နေခြင်းဖြစ်သည့်အပြင် တပ်နှင့် ရဲမိသားစုဝင်များကို ချွေးသိပ်ခြင်းလည်းဖြစ်သည်ဟု ပြည်တွင်းအခွန်ဦးစီးဌာနမှ ဒုဦးစီးမှူးအဆင့်ရှိ အခြား CDM ဝန်ထမ်းတစ်ဦးကလည်း ဆိုသည်။  

“အခု ပြည်တွင်းအခွန်မှာ ရာထူးကြီးပိုင်းတွေကို တပ်က ဘီပိုးနဲ့ ပြောင်းလာတဲ့ စစ်တပ်က စစ်ဗိုလ်တွေများပြီး CDM စလုပ်ကတည်းက တပ်ကမိသားစုဝင်တွေနဲ့ အစားထိုးမယ်လို့ ကြိမ်းဝါးထားတာတွေလည်း ရှိပါတယ်။ စစ်တပ်နဲ့ ရဲကို စည်းရုံးတာလည်း ပါမယ်ထင်ပါတယ်။ သူတို့က လူတန်းစားတစ်ရပ်လိုမျိုးဖြစ်အောင် လုပ်နေပုံရတယ်” ဟု အထက်ပါ CDM ဝန်ထမ်းအမျိုးသားက ပြောသည်။ 

ခြောက်လကျော်ကြာသည်အထိ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်း ၁၀၀၀ နီးပါးရှိကာ ရုံးအကူအဆင့်မှ ဒုတိယညွှန်ကြားရေးမှူးအဆင့်ထိ ပါဝင်ပြီး ဒုဦးစီးမှူးအဆင့် အများဆုံးဖြစ်ကြောင်း အထက်ပါ CDM ဝန်ထမ်းနှစ်ဦးက Myanmar Now က ပြောသည်။

နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးချုပ်နှင့် ရန်ကုန်ရှိ အခွန်ထမ်းကြီးများရုံးနှင့် အလယ်အလတ်အခွန်ထမ်းများရုံးတို့အတွက် ဒုဦးစီးမှူးနေရာ ၂၀၀ ခေါ်ယူနေခြင်းဖြစ်ကာ အဓိကအားဖြင့် အခွန်စာရင်းစစ်ရသည့် အလုပ်နေရာဖြစ်သည်ဟု ဆိုသည်။ 

“ပညာရှင်အဆင့်မှ လုပ်နိုင်မယ့် အခွန်စာရင်းစစ်ရာထူးတွေပါ။ စစ်တပ်နဲ့ရဲ မိသားစုဝင်တွေ လုပ်နိုင်ပါ့မလားဆိုတာတော့ သံသယဖြစ်မိပါတယ်” ဟု ပြည်တွင်းအခွန်ဦးစီးဌာနမှ CDM ဝန်ထမ်းအမျိုးသားက ပြောသည်။ 

ပြီးခဲ့သည့် ဧပြီလအတွင်းက ပြည်တွင်းအခွန်းများဦးစီးဌာနက CDM ဝန်ထမ်းများကို အလုပ်ပြန်ဝင်ရန် ခေါ်ယူခဲ့ရာ အလုပ်ပြန်ဝင်သူအချို့ရှိသော်လည်း ဝန်ထမ်းအများစု CDM တွင် ဆက်လက်ပါဝင်နေသောကြောင့် ဌာနလုပ်ငန်းများ ကောင်းစွာမလည်ပတ်နိုင်သေးကြောင်းလည်း ၎င်းက ပြောသည်။

“နိုင်ငံသားတိုင်း တန်းတူညီမျှမှု ရှိရမယ်။ ခုက သူတို့ ရဲနဲ့တပ်ကပဲ လူတန်းစားတစ်ရပ်လို ဖြစ်အောင်လုပ်ပြီး စည်းရုံးရေးလုပ်တာလို့ပဲ မြင်တယ်။ အကျင့်ပျက်ခြစားမှုများတဲ့ ဌာနကို သူတို့လူတွေနဲ့ အစားထိုးမယ်ဆိုတော့ မြန်မာနိုင်ငံအတွက် ရင်လေးမိပါတယ်” ဟု CDM လှုပ်ရှားမှုတွင် ပါဝင်နေဆဲဖြစ်သူ ပြည်တွင်းအခွန်ဝန်ထမ်းက ပြောသည်။  

Show More

Related Articles

Back to top button