သတင်း

အိုးဘိုထောင်တွင်း ကြွေးကြော်ဆန္ဒပြစဉ် ရိုက်နှက်ခံရပြီး တစ်ဦးသေဆုံးခဲ့ဟုဆို 

မန္တလေးမြို့ အိုးဘိုထောင်အတွင်း ဩဂုတ် ၈ ရက်ညပိုင်းက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကြွေးကြော်စဉ် ထောင်ဝန်ထမ်းများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် တစ်ဦး ပွဲချင်းပြီးသေဆုံးကာ တိုက်ပိတ်ခံရသူ ၃၈ ဦးရှိကြောင်း ယင်းအကျဉ်းထောင်မှ ယခုရက်ပိုင်းအတွင်း လွတ်မြောက်လာသူတစ်ဦးထံမှ သိရသည်။

အဆိုပါလွတ်မြောက်လာသူမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၌ ပါဝင်မှုဖြင့် ဖမ်းဆီးခံရပြီးနောက် အိုးဘိုထောင်တွင် ထိန်းသိမ်းခံခဲ့ရသူဖြစ်ကာ ယခုရက်ပိုင်း ပြန်လည်လွတ်မြောက်လာပြီးနောက် ထောင်ဝန်ထမ်းများ၏ လူမဆန်စွာရိုက်နှက်မှုနှင့် တိုက်ပိတ်မှုအကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးမှတဆင့် Myanmar Now ကို ဆက်သွယ်ပြောကြားလာခြင်းဖြစ်သည်။ 

“သေနတ်ပစ်ခဲ့တာမျိုး မရှိဘူး။ ရိုက်တာကလည်း စစ်သားတွေကပဲ အရပ်ဝတ်နဲ့ ရိုက်သလားတော့ မသိဘူး။ မျက်နှာစိမ်းနဲ့ထောင်ဝန်ထမ်းတွေပဲ၊ မူးနေကြတယ်” ဟု ပြန်လည်လွတ်မြောက်လာသူ၏ မိတ်ဆွေက ပြောသည်။

အချုပ်သားများကို အကျဉ်းထောင်တာဝန်ကျ ဝန်ထမ်းများက ကြမ်းတမ်းစွာဆဲဆိုပြီး လေးခွဖြင့်ပစ်ကာ နံပါတ်တုတ်များဖြင့်လည်း လူမဆန်စွာ ရိုက်နှက်ခဲ့ပြီး ရိုက်နှက်ခံရသူများအနက် တစ်ဦးမှာ သွေးအန်သေဆုံးခဲ့သည်ဟု ဆိုသည်။

ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများရှိရာ အမျိုးသားအိပ်ဆောင် (၃)မှ နိုင်ငံရေးကြွေးကြော်သံများ စတင်ဟစ်ကြွေးခဲ့ကြောင်း၊ ထောင်ဝန်ထမ်းများရောက်လာပြီး ဦးဆောင်သူဟု ယူဆသူများကို အချုပ်ဆောင်မှ ထုတ်၍ အပြင်းအထန် ရိုက်နှက်ကြောင်း သိရသည်။

အိုးဘိုထောင်အတွင်း ဩဂုတ် ၈ ရက်ညပိုင်းက ဖြစ်စဉ်နှင့် ပတ်သက်၍ တိုက်ပိတ်ခံရသူများ၏ အမည်များနှင့်တကွ ပြန်လည်လွတ်မြောက်လာသူက ပြောဆိုသော်လည်း ထိုအချုပ်သားများ၏ လုံခြုံရေးအတွက် နာမည်ဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံထားသည်။

ယင်းသို့ ရိုက်နှက်မှုကြောင့် အချုပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည့်အပြင် အပြင်းအထန်ဒဏ်ရာရရှိသူ ငါးဦးရှိသည်ဟုလည်း ဆိုသည်။  

အိုးဘိုထောင်အတွင်း ဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်နည်းတူ အကျဉ်းဦးစီးတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

အိုးဘိုထောင်အတွင်း ထိုသို့ဖြစ်ပွားအပြီး နောက်တစ်ရက်ဖြစ်သည့် ဩဂုတ် ၉ တွင် အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က RFA  သတင်းဌာနကို ပြောကြားရာတွင် အကျဉ်းသား ၃၀ မှ ၄၀ ခန့်က ၅ မိနစ်ကာ ကြွေးကြော်သီးချင်းဆိုခဲ့ခြင်းဖြစ်ကြောင်း မည်သူမျှ ထိခိုက်ဒဏ်ရာရမှုမရှိဟု ဆိုသည်။ 

“ဒဏ်ရာရစရာလည်း မရှိဘူး။ တိုက်ပိတ်စရာလည်း မရှိဘူး။ ကြွေး‌ကြော်တဲ့အထဲမှာ သီချင်းဆိုတဲ့အထဲမှာ ပါဝင်တဲ့လူတွေကို ကျွန်တော်တို့က ရွေးချယ်စိစစ်တာပေါ့။ ဘယ်သူတွေလဲပေါ့။ ဒါမျိုးတွေ စိစစ်တာရှိတယ်။ ဒီလောက်ပဲရှိတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါ အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဩဂုတ် ၂၂ ထိ ရုံးပိတ်ရက်သတ်မှတ်ထားသည့်အပြင် ထောင်ဝင်စာတွေ့ခွင့်လည်း ပိတ်ပင်ထားရာ အိုးဘိုထောင်ဖြစ်စဉ်အပေါ် အခြားနည်းလမ်းများဖြင့် သီးခြား အတည်မပြုနိုင်သေးပါ။

ထို့အတူ ဇူလိုင် ၂၃ ရက်က ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ အဆိုပါဖြစ်စဉ်အပေါ် စစ်ကောင်စီ၏ ထုတ်ပြန်ပြောဆိုချက်များမှာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သည်။ 

Show More

Related Articles

Back to top button