သတင်း

မန္တလေးရှိ စာသင်တိုက်ကြီးများတွင် သံဃာအရေအတွက် ထက်ဝက်မကလျော့ကျ 

စစ်တပ်က အာဏာသိမ်းပြီး ခြောက်လကျော်အကြာတွင် မန္တလေးမြို့ရှိ အထင်ကရ ပရိယတ္တိစာသင်တိုက်ကြီးများဖြစ်သော ဘုရားကြီးတိုက်၊ မစိုးရိမ်တိုက်သစ်နှင့် မြတောင်တိုက်တို့တွင် သီတင်းသုံးစာဝါလိုက်နေသည့် သံဃာတော်အရေအတွက် ထက်ဝက်မက လျော့ကျသွားခဲ့သည်။

ယခင်က ရဟန်း ၁၀၀၀ နီးပါး သီတင်းသုံးသည့် ဘုရားကြီးတိုက်တွင် ၄၈၀ ပါး၊ သံဃာ ၃၀၀၀ နီးပါးရှိ မစိုးရိမ်တိုက်သစ်တွင် ၄၀၀ ကျော်၊ ၈၀၀ ဝန်းကျင်ရှိ မြတောင်ကျောင်းတိုက်တွင် ၂၁၆ ပါးသာ ရှိတော့ကြောင်း သက်ဆိုင်ရာ ဆရာတော်များထံမှ သိရသည်။

“ရောဂါတွေကြောင့်လည်း ဆွမ်းခံထွက်ဖို့မဖြစ်နိုင်၊ ဆွမ်းကွမ်းခက်ခဲလာတယ်။ နိုင်ငံရေးအခြေအနေတွေကြောင့်ရောပေါ့” ဟု ဘုရားကြီးတိုက်မှ ရဟန်းတော်တစ်ပါးက မိန့်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းတွင် ပါဝင်မှုဖြင့် မေ ၂၈ တွင် စစ်ကောင်စီတပ်ဖွဲ့က ကားဖြင့်တိုက်၍ ဖမ်း၊ နန်းတွင်းစစ်ကြောရေးသို့ပို့ကာ နှိပ်စက်ညှဉ်းပန်းခံရသည့် ဆရာတော်ဦးရာဇိန္ဒ၏ မစိုးရိမ်တိုက်သစ်တွင်လည်း ဘုရားကြီးတိုက်ကဲ့သို့ အခြေအနေကြုံနေရကြောင်း ရဟန်းတော်တစ်ပါးက မိန့်သည်။

“ခုဆို ခေတ်ကပျက် ဆွမ်းရှင်ဒကာဒကာမတွေကလည်း စီးပွားရေးမပြေလည်ကြတော့ဘူး။ အလှူရှင်တွေ ရှားလာတယ်။ ဘုန်းကြီးတို့ဆို ကိုယ့်ကျောင်းတိုက်နဲ့ကိုယ် ချက်ပြုတ်ပြီး ဘုဉ်းပေးကြတော့တာ” ဟု မစိုးရိမ်တိုက်သစ်မှ ရဟန်းတော်က မိန့်သည်။ 

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်ရက်ဆက် ဆန့်ကျင်ဆန္ဒပြသည့် မန္တလေးမြို့၏ နာမည်ကျော် မြတောင်သပိတ်စစ်ကြောင်းအခြေစိုက်ရာ မြတောင်ကျောင်းတိုက်တွင် စစ်ကောင်စီက မကြာခဏ ဝင်စီးခြင်း၊ ဖမ်းဆီးခြင်း၊ လက်နက်မိသည်ဟု စွပ်စွဲခြင်းတို့ကြောင့် အခက်တွေ့နေရသည်ဟု ကျောင်းနေရဟန်းတစ်ပါးက မိန့်သည်။

“ကျောင်းတိုက်ထဲကိုလည်း ပရမ်းပတာဝင်တယ်။ စာချကိုယ်တော်တွေကို ဖမ်းဆီးတယ်။ မြတောင်ဆိုတာ စာသင်စာချကျောင်းလေ။ ခုလို သူတို့တွေလုပ်ရပ်တွေ အခြေအနေတွေနဲ့ ဘာမှလည်း လုပ်လို့မရတော့ဘူး”ဟု အထက်ပါ ရဟန်းတော်က ပြောသည်။

စစ်ကောင်စီသည် ဇူလိုင်နှင့် ဩဂုတ်လများတွင် မြတောင်ကျောင်းတိုက်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်သည်ဟု စွပ်စွဲခံရသည့် ရဟန်းနှစ်ပါး၊ သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ရဟန်းတစ်ပါးကို ဖမ်းဆီးခဲ့ပြီး အခြားရဟန်းတစ်ပါးကိုလည်း မတည်ငြိမ်မှုဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)ဖြင့် ဝရမ်းထုတ်ထားသည်။

မန္တလေးမြို့ရှိ စာသင်တိုက်ကြီးများတွင် စာသင်သားသံဃာလျော့နည်းသွားရခြင်းမှာ ကိုဗစ်နိုင်တင်းကပ်ရောဂါထက် စစ်အာဏာသိမ်းမှုကြောင့်ပင်ဖြစ်ကြောင်း ဆန္ဒပြနေစဉ် ကားဖြင့်တိုက်ဖမ်းခံရသည့် မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးရာဇိန္ဒက သုံးသပ်သည်။

“ကိုဗစ်ဆိုတာထက် မင်းအောင်လှိုင်တို့ စစ်ကောင်စီကနေပြီးတော့ သေနတ်နဲ့ပစ်ခတ်၊ ဖမ်းဆီးချုပ်နှောင်တာမျိုးတွေ ဖြစ်တဲ့အတွက် စာသင်တိုက်ကြီးတွေက ဆရာတော်ကြီးတွေကနေပြီးတော့ ဖြစ်လာမယ့် အကျိုးဆက်တွေကို မလိုလားတဲ့အတွက် ဒီနှစ်တော့ ဝါတက်ခွင့်မပြုဘဲနဲ့ မိမိတို့ဇာတိမှာပဲ ဆက်လက်နေထိုင်ဖို့ ပြောတာ။ ဒါက စစ်ကောင်စီရဲ့ အကျိုးဆက်ပါ။ စစ်အာဏာရှင်ရဲ့ အကျိုးဆက်ပါ”ဟု ဦးရာဇိန္ဒက မိန့်သည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပရိယတ္တိစာသင်တိုက်ကြီးများ အများဆုံးတည်ရှိရာ မန္တလေးမြို့၌ စာသင်စာချ ရဟန်းသံဃာတော်အရေအတွက် ထက်ဝက်မက လျော့နည်းသွားခြင်းမှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအကျိုးဆက်များကြောင့်ဖြစ်သည်ဟု မန္တလေးမြို့ခံ ရဟန်းသံဃာများက ဆိုသည်။ 

သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်၌ ဗုဒ္ဓဘာသာဝင်များ စိတ်အားညှိုးငယ်ခဲ့ရသည်ဟု ပြောဆိုထားသည်။ 

အာဏာသိမ်းမှု ခြောက်လပြည့်ဖြစ်သော ဩဂုတ် ၁ ရက်နေ့က ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကာ ၎င်း၏ ပြောစကားအပေါ် Myanmar Now က မေးမြန်းခဲ့သည့် မန္တလေးမြို့မှ ရဟန်းတော်များက ငြင်းဆိုသည်။

“NLD အစိုးရလက်ထက် ဗုဒ္ဓဘာသာတွေညှိုးငယ်ခဲ့ရတာ မဟုတ်ဘူး။ သူ့လက်ထက်၊ သူတို့အုပ်ချုပ်မှသာ ခုလို သံဃာတွေလျော့ပါးလာ၊ သာသနာညှိုးနွမ်းနေရတာ” ဟု မြတောင်ကျောင်းတိုက်မှ ရဟန်းတော်က မိန့်သည်။

Show More

Related Articles

Back to top button