သတင်း

ကန်ပက်လက်တွင် စစ်တပ်က ပစ်ခတ်၊ ၄ နှစ်သားနှင့် ဖခင် ဒဏ်ရာရ 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ယနေ့ (သြဂုတ် ၁၅) နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် နေအိမ်အတွင်းရှိ အမျိုးသားတစ်ဦးနှင့် ၎င်း၏ ၄ နှစ်အရွယ် ကလေး ကျည်ဆန်ထိမှန်ခဲ့သည်။

မနက် ၁၁ နာရီခန့် ကန်ပက်လက်မြို့မှ တစ်မိုင်အကွာရှိ ကန့်သာရုံကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်အတွင်းရှိနေသည့် ကိုထန်းထုန်နှင့် သားဖြစ်သူ ၄ နှစ်အရွယ် မောင်နိုင်းထန်းမှာ ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အသက် ၃၀ အရွယ် ကိုထန်းထုန်မှာ လက်မောင်း၊ ပေါင်နှင့် ဝမ်းဗိုက်တို့တွင် ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်၍ မကွေးဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေပြီး လည်ပင်းတွင် ကျည်ထိမှန်သော ကလေးမှာ ဒဏ်ရာမပြင်းထန်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

စစ်သားများက ဆိုင်ကယ်တစ်စီးကို ပစ်ခတ်ရာမှ ထိုသားအဖနှစ်ဦးကို ထိမှန်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

“မသင်္ကာတဲ့သူက ထွက်ပြေးသွားလို့ ပစ်တယ်လို့တော့ (စစ်တပ်ဘက်က) ပြောပေမဲ့ ရမ်းပစ်တယ်လို့ပဲ သုံးသပ်တယ်။ မသင်္ကာတဲ့သူကိုပစ်တယ်ဆိုလည်း အိမ်ကို ပစ်စရာမလိုဘူး။ ရမ်းကို ရမ်းပစ်လို့ကြောင့် ဖြစ်သွားတာ ” ဟု အခင်းဖြစ်ပွားပြီးနောက် ၎င်းနေရာရောက်ရှိခဲ့သူများကို ကိုးကား၍ ကန်ပက်လက်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။  

ဇူလိုင် ၂၇ တွင် ကန်ပက်လက်မြို့နယ်၊ ခါနန်းကျေးရွာတွင် စစ်တပ်နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ – ကန်ပက်လက် (CDF – Kanpetlet) တို့ကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထိုနောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မရှိသေးဘဲ စစ်တပ်က ဒေသခံတို့ကို လမ်းပေါ်တွင် စစ်ဆေးမေးမြန်းနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။  

“သူတို့က မြို့ထဲမှာ လက်နက်ကြီးလက်နက်ငယ်အပြည့်အစုံနဲ့ စစ်ကြောင်းလှည့်နေတာရှိတယ်။ နောက်ပြီး အရပ်ဝတ်တွေနဲ့ ကင်းပုန်းဝပ်နေတာရှိတယ်။ မြို့လယ်က အထကကျောင်းရှေ့မှာ ဂိတ်ပုံစံလုပ်ပြီး စစ်ဆေးကြတယ်” ဟု အဆိုပါအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဩဂုတ် ၆ ရက်မှ ၁၅ ရက်အတွင်း ဖုန်းများစစ်ဆေးကာ ဖမ်းဆီးခံရသူ လူငယ် ၅ ဦးထက်မနည်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တပ်ကို လက်နက်ကိုင်ကာ ပြန်ခုခံနေသည့် ချင်းပြည်နယ် မြို့နယ်များအနက် ကန်ပက်လက်မြို့လည်း အပါအဝင်ဖြစ်ပြီး မေလကုန်ပိုင်းက CDF ကန်ပက်လက်နှင့် စစ်တပ်တို့ ၃ ရက်ဆက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားထားသည်။

Show More

Related Articles

Back to top button