သတင်း

စစ်ကိုင်းတိုင်းတွင် ဒလန်ရှင်းလင်းရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း

အာဏာသိမ်းပြီး ၆ လကြာသည့်နောက် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းသူ၊ သတင်းပေးသူများကို သုတ်သင်ရှင်းလင်းသည့် အဖွဲ့ပေါင်း ၂၃ ဖွဲ့ ရှိလာသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ မြို့နယ် ၉ မြို့နယ်အတွက် ဒလန်ရှင်းလင်းရေးအဖွဲ့များကို မတ်လမှစ၍ ဖွဲ့စည်းခဲ့ရာ ဇွန်လအထိ ၁၄ ဖွဲ့ရှိကြောင်း နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့ ခေါင်းဆောင်က ပြောသည်။

ဇူလိုင်တွင် ၈ ဖွဲ့၊ ဩဂုတ်တွင် ၁ ဖွဲ့ တိုးလာသည်ဟု ဆိုသည်။

“နောက်ထပ်တိုးချဲ့ဖွဲ့စည်းဖို့ ပြင်ဆင်နေကြတဲ့ မြို့နယ်တွေ၊ အဖွဲ့တွေလည်း ရှိပါတယ်။ အရည်အချင်းသတ်မှတ်ချက်တွေ စိစစ်ညှိနှိုင်းကြဆဲပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်ကောင်စီတပ်သားများ၏ ရန်ကို ကြိုတင်ရှောင်တိမ်းနိုင်ကြသဖြင့် အဆိုပါ ၂၃ ဖွဲ့တွင် တစ်ဦးမျှ ဖမ်းဆီးထိန်းသိမ်းခံရခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

“စစ်ကောင်စီမှာ အဲ့ဒီလောက် အရည်အချင်းမရှိပါဘူး။ နယ်စည်းမခြားမိုးကြိုးမုန်တိုင်းကို ဖော်ထုတ်ဖို့မပြောနဲ့ မြို့နယ်အသီးသီးက PDF တွေကိုတောင် မရှာဖွေနိုင်လို့ တွေ့ကရာ အသက် ၁၈ နှစ်နဲ့ ၄၀ ကြား စစ်ဘေးရှောင်အရပ်သားတွေကို PDF လို့ သမုတ်၊  ပစ်ခတ်၊ သတ်ဖြတ်နေကြတာပဲ” ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို သတင်းပေးသူ၊ ပူးပေါင်း၍ အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင် ဆောင်ရွက်ပေးသူတို့အနက် ၂၅၀ ထက်မနည်းကို သုတ်သင်ရှင်းလင်းပြီးဖြစ်ကာ မကြာမီ သတင်းထုတ်ပြန်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။

၂၃ ဖွဲ့အနက် အဖွဲ့တချို့က Facebook စာမျက်နှာများ တည်ထောင်၍ တရားဝင်ကြေညာထားသည်။

ယနေ့ ဩဂုတ် ၁၄ တွင် စစ်ကိုင်းတိုင်းရှိ နာမည်ကျော် ဒလန်ရှင်းလင်းရေးအဖွဲ့ဖြစ်သည့် ‘နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့’က ပူးတွဲအဖွဲ့ခွဲအဖြစ် စစ်ကိုင်းမြို့အခြေပြု “ဧရာရစ်ဝိုင်းမိုးကြိုးမုန်တိုင်း” ဟူသော အဖွဲ့သစ်တစ်ခုတည်ထောင်ကြောင်း ကြေညာသည်။

ယင်းအဖွဲ့က ဒလန်များ၊ အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင် ပါဝင်ဆောင်ရွက်သူများကို ပစ်မှတ်ထားမည်ဟု ယနေ့ သတင်းထုတ်ပြန်ထားသည်။

စစ်ကိုင်းမြို့၏ လူဦးရေထက်ဝက်ခန့်မှာ စစ်ကောင်စီကို ထောက်ခံသူများ၊ ကြားနေ၍ မိမိ၏ မိသားစုမထိခိုက်စေရေး သတင်းပေးနေသူများဖြစ်ပြီး ၎င်းတို့အဖွဲ့အနေဖြင့် ယနေ့ သတင်းထုတ်ပြန်ခြင်းမှာ သတိပေးခြင်းဖြစ်ကြောင်း၊ CDM ဝန်ထမ်းနှင့် ဆန္ဒပြသူများကို ထိခိုက်စေရန် ဆက်လက်သတင်းပေးသူများကို ရှင်းလင်းမည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်‌ ဇေယျာစောယွန်းက Myanmar Now ကို ပြောသည်။

“စစ်ကောင်စီကို မတိုက်နိုင်သေးခင်မှာ ကိုယ်တတ်နိုင်တာကို ကိုယ်လုပ်တဲ့သဘောပါပဲ” ဟု  ၎င်းက ဆက်ပြောသည်။

၎င်းတို့အဖွဲ့သည် အလှူငွေကောက်ခံခြင်းမရှိကြောင်း၊ လှူဒါန်းလိုသူများအနေဖြင့် CDM ဝန်ထမ်းများနှင့် PDF များကိုသာ ဆက်သွယ်လှူဒါန်းကြရန် တိုက်တွန်းထားကြောင်း ဇေယျာစောယွန်းက ဆက်လက်ပြောသည်။

လက်နက်ရရှိရေးက ခက်ခဲလွန်း၍ အာဏာသိမ်းပြီး ခြောက်လကြာပြီးမှ အဖွဲ့ကို တည်ထောင်နိုင်ကြောင်း ပြောသည်။ 

စစ်ကိုင်းတိုင်းအတွင်းရှိ ဒလန်ရှင်းလင်းသည့် အဖွဲ့များအနေဖြင့် အပြစ်မဲ့ပြည်သူ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများကို မှားယွင်းထိခိုက်စေခြင်းမှ ရှောင်ရန်၊ စိတ်ခံစားချက် ဦးစားပေးကာ ကြိုတင်စီစဉ်ခြင်းမရှိဘဲ လုံးဝမဆောင်ရွက်ရန်၊ တပ်ဖွဲ့ဝင်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို အမြဲလေ့လာသုံးသပ်ပြင်ဆင်ရန်တို့ကို သံမဏိစည်းမျဉ်းအဖြစ် ချမှတ်ထားကြောင်း အဖွဲ့ခေါင်းဆောင်များထံမှ သိရသည်။ 

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များ လွှတ်တော်တက်မည့် ပထမဆုံးရက် ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းရာ နိုင်ငံအဝန်း ဆန္ဒပြသူများ ရက်ရက်စက်စက် သတ်ဖြတ်ခံရသည်။ 

မတ်လကုန်ပိုင်းမှစ၍ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်ဒေသခံများက တောလိုက်တူမီးသေနတ်များကို ကိုင်ဆောင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သည်။ 

ထို့နောက်တွင်လည်း စစ်ကောင်စီတပ်ကို သတင်းပေးသူများ၊ ပူးပေါင်းဆောင်ရွက်သူများကို ရှင်းလင်းသည့် ဒေသခံပြောက်ကျားတပ်ဖွဲ့များ တိုင်းနှင့်ပြည်နယ် အနှံ့အပြားတွင် ပေါ်ပေါက်လာသည်။ 

အာဏာသိမ်းစစ်ကောင်စီဘက်ကမူ ၎င်းတို့ကို ‘အကြမ်းဖက်သောင်းကျန်းသူများ’ဟု ပုံဖော်လေ့ရှိသည်။ 

အာဏာသိမ်းသည့် ဖေဖော်ဝါရီမှစ၍ ဩဂုတ် ၁၃ ထိ စစ်ကောင်စီလက်ချက်ဖြင့် ပြည်သူ ၉၆၈ ဦးထက်မနည်း သေဆုံးပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က စာရင်းပြုစုထားသည်။ ဒေသအသီးသီးတွင် အန်တုသူများကို ဖမ်းဆီးပြီး အများအပြားကို ပြန်လွှတ်ပေးသော်လည်း ၇၀၀၀ ကျော် အကျဉ်းကျနေဆဲဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button