
ရန်ကုန် – ကလေးစစ်သားဘဝအကြောင်း သတင်းဌာနတစ်ခုသို့ ဖွင့်ချရာတွင် ပါဝင်သည့် ပြောကြားချက်တချို့နှင့် ပတ်သက်ပြီး တရားစွဲခံထားရသူ အောင်ကိုထွေးအမှုကို ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးတွင် စက်တင်ဘာ ၁ ရက်နေ့က စတင်စစ်ဆေးရာ မိသားစုဝင်များ၊ မိတ်ဆွေများက ၎င်းလွတ်မြောက်ရေးအတွက် တရားရုံးရှေ့တွင် တောင်းဆိုဆန္ဒပြကြသည်။
အာဏာပိုင်တို့က ရုံးပိတ်ရက်မှာပင် တရားရုံးတွင် ချုပ်ရက်ယူပြီး ထောင်သွင်း အကျဉ်းချခြင်းကိုလည်း ကျေနပ်မှုမရှိကြောင်း ၎င်း၏ အစ်မဖြစ်သူ မနေဇာထွန်းက တရားရုံးရှေ့တွင် ပြောသည်။
“ကျွန်မမောင်လေးက မတရား ဖမ်းဆီးခံခဲ့ရတာပါ။ သူအိမ်ပြန်ရောက်လာတာ တစ်လကျော်လေးမှာပဲ အခုလို သတင်းဌာနကို အင်တာဗျူးလို့ ဆိုပြီး သူ့ကို သြဂုတ်လ ၁၈ ရက်နေ့ (သောကြာနေ့)က ပြန်ဖမ်းသွားတယ်။ စနေနေ့ တရားရုံးပိတ်ရက်မှာပဲ ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်” ဟု မနေဇာထွန်းက Myanmar Now ကို ပြောသည်။
“ကျွန်မတို့က ဒီမတရားဖမ်းဆီးမှုကို ပြည်ထောင်စုတရားသူကြီးချုပ်၊ ရန်ကုန်တိုင်းတရားသူကြီးချုပ်၊ ပြည်သူ့လွှတ်တော်တရားစီရင်ရေးနဲ့ ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် စတဲ့သူတွေ အပါအဝင် သက်ဆိုင်ရာ ၇ နေရာကို စာတင်ထားတယ်”
တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်အောင်က ကလေးစစ်သည်ဟောင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) ဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။
တရားရုံးက ပထမအကြိမ် ကြားနာမှုတွင် အမှုနှင့်ပတ်သက်ပြီး တရားလိုကို စစ်ဆေးမေးမြန်းနိုင်ခြင်း မရှိဘဲ တရားလို၊ စွပ်စွဲခံရသူ၊ ဥပဒေအကျိုးဆောင်တို့၏ သဘောတူညီမှုအရ စက်တင်ဘာ ၈ ရက်နေ့တွင် အမှုစစ်ဆေးမည်ဟု ချိန်းဆိုသည်။

စစ်သားအဖြစ် စုဆောင်းခံရ
ကိုအောင်ကိုထွေးသည် ၂ဝဝ၈ ခုနှစ်၊ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားဘဝတွင် အိမ်နီးချင်းတစ်ဦးနှင့်အတူ ပျဉ်းမနားသို့ အဖော်လိုက်သွားပြီး အပြန် ရန်ကုန်ဘူတာကြီးတွင် စစ်သားစုဆောင်းရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦးက ခေါ်ဆောင်သွားရာမှ မိသားစုနှင့် အဆက်အသွယ်ပြတ်သွားသည်။
မင်္ဂလာဒုံစစ်သားစုဆောင်းရေးတပ်မှ ဗိုလ်ကြီးတစ်ဦးက အသက်မပြည့်သေးသည့် ကိုအောင်ကိုထွေးကို အိမ်ပြန်ပို့ရန် အမိန့်ပေးသော်လည်း အဆိုပါ တပ်ကြပ်ကြီးက ၎င်းကို မင်္ဂလာဒုံရှိ စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်တွင် ငွေတစ်သိန်းဖြင့် ရောင်းခဲ့သည်ဟု ဆိုသည်။ ထို့နောက် ၎င်းသည် မန္တလေးမြို့၊ စစ်သား စုဆောင်းရေးတပ်တွင် ၂ လ၊ မုံရွာမြို့ စစ်သင်တန်းကျောင်းတွင် ၄ လခွဲ ကြာပြီးနောက် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ရှိ တပ်စခန်းတစ်ခုသို့ ရောက်သွားသည်ဟု ဆိုသည်။
တာဝန်ထမ်းဆောင်ရာတပ်ရင်းက အထက်တန်းကျောင်းတွင် သွားရောက်ပညာသင်ယူခွင့်ပေးသော်လည်း လက်တွေ့တွင်မူ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်အားပေးအဖြစ် လုပ်ကိုင်ခဲ့ရသည်ဟု သိရကြောင်း အစ်မဖြစ်သူ မနေဇာထွန်းက ပြောသည်။
ထိုသို့ လုပ်အားပေးရသဖြင့် သူနှင့်အတူ တပ်မတော်သား ၃ ဦးတို့ ထွက်ပြေးကြကြောင်း၊ ထွက်ပြေးသူတစ်ဦးက ဆိုင်ကယ်လုယက်မှုတွင် ဆိုင်ကယ်ပိုင်ရှင်သေဆုံးသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၁၇ နှစ် အရွယ်တွင်ပင် သေဒဏ်ချမှတ်ခြင်းခံခဲ့ရကြောင်း သူက ဆက်ပြောပြသည်။
ထိုအချိန်ရောက်မှ ပြန်လည်အဆက်အသွယ်ရရှိခဲ့သည့် မိသားစုက သက်ဆိုင်ရာအဆင့်ဆင့်ကို ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရသည့်အကြောင်း တင်ပြရာ သေဒဏ်မှ ထောင်တစ်သက်တစ်ကျွန်းသို့ ပြောင်းပေးခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ထောင်ဒဏ် ၁ဝ နှစ်သို့ လျှော့ချပေးခဲ့သည်ဟု ဆိုသည်။
အသက် ၂၆ နှစ်အရွယ်တွင် ထောင်မှ ပြန်လွတ်လာပြီး ရန်ကုန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အစ်မဖြစ်သူနှင့် နေထိုင်စဉ် ၎င်း၏ ဘဝဖြစ်စဉ်ကို RFA သတင်းဌာနက သြဂုတ် ၁ဝ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်။
တပ်မတော်အချုပ်ခန်းတွင် ၇ လကြာ ချုပ်နှောင်စစ်ဆေးခံရစဉ် နှိပ်စက်မှုဒဏ်ကို မခံနိုင်သည့်အတွက် ပြစ်မှုကျူးလွန်သည်ဟု လက်မှတ်ထိုးပေးလိုက်ရကြောင်း ကလေးစစ်သားဟောင်းက သတင်းဌာနကို ပြောသည်။
အင်တာဗျူးထုတ်လွှင့်ပြီး ၈ ရက်အကြာတွင် ကိုအောင်ကိုထွေး အဖမ်းခံလိုက်ရသည်။

တရားလို မှတ်ချက်ပေးခြင်းမရှိ
တရားရုံးသို့ ရောက်လာသော တရားလို ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်အောင်ကို သတင်းထောက်များက ချဉ်းကပ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းကို Myanmar Now က အဆိုပါအမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိပေ။
အာဏာပိုင်တို့က ဤအမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း၊ မှတ်ချက်ပေးခြင်း မရှိသေးပေ။
တရားရုံးရောက်နေသည့် အမှုကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဝင်ရောက် စွက်ဖက်မည်မဟုတ်သော်လည်း ဤအမှုနှင့် ပတ်သက်ပြီး စောင့်ကြည့်နေမည်ဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က Myanmar Now ကို ပြောသည်။
ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ ၅ဝ၅(ခ) ကို ရင်ဆိုင်နေရသူ ကလေးစစ်သည်ဟောင်းအတွက် သူ၏ ရှေ့နေ ဦးဇော်မင်းလှိုင်က အာမခံလျှောက်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။
“အာမခံကတော့ တရားသူကြီးရဲ့ ဆင်ခြင်သုံးသပ်မှုအပေါ် မူတည်မှာပေါ့။ တရားလိုကို ပြန်ရန်ပြုနိုင်တာ၊ သက်သေတွေကို ခြိမ်းခြောက်နိုင်တာမျိုး အခြေအနေမရှိရင်၊ သေဒဏ်ကျနိုင်တဲ့ပြစ်မှုမျိုး မဟုတ်ရင်၊ နှစ် ၂ဝ နဲ့အထက် ကျနိုင်တဲ့ အမှုမျိုး မဟုတ်ရင် အာမခံပေးနိုင်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောသည်။